အကြမ်းဖက် စစ်ကောင်စီ တပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ထီးချိုင့်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မနေ့က မတ်လ ၁၃ ရက်နေ့ ညပိုင်းကစပြီး စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်တွေက ထီးချိုင့်မြို့ကို သိမ်းယူဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက နှစ်ကြိမ်တိုင်တိုင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ယခု တတိယအကြိမ်မြောက် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
“မနှစ်က နိုဝင်ဘာလဆန်းပိုင်းမှာ ထီးချိုင့်ကို စတိုက်ခဲ့တာ။ အဲ့ဒီတုန်းကလည်း တိုက်ပွဲတွေ တော်တော် ပြင်းထန်တယ်။ အဲ့ဒီတုန်းက စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့လို့ မြို့ထဲက အိမ်တွေ တော်တော် များများ မီးလောင်ပျက်စီးသွားတယ်။ မြို့က ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်။ အကုန်နီးပါး မီးလောင်ပျက်စီးသွားပြီ။ ပြည်သူတွေလည်း မနေကြတော့ဘူး။ ဒီတစ်ကြိမ်ကတော့ အရင်ကထက် ပိုပြင်းထန်မယ့်သဘောရှိတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ထီးချိုင့်မြို့ အခြေအနေကို ရှင်းပြပါတယ်။
ယခင်နှစ် နိုဝင်ဘာလက ထိုးစစ်ဆင်ခဲ့တဲ့ ထီးချိုင့်မြို့ စစ်ဆင်ရေးဟာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလတွင်းမှာ ပြန်လည် ဆုတ်ခွါပြီးတဲ့နောက် စစ်ရေး အခြေအနေ ခေတ္တ ငြိမ်သက်သွားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်တွေက ထီးချိုင့်မြို့ (၁) ရပ်ကွက်ရှိ မြသိန်းတန်တောင်၊ ထီးချိုင့်မြို့မရဲစခန်း၊ မြတောင်လမ်းဆုံ၊ ဧရာဝတီမြစ်ကူးတံတားထိပ်တွေမှာ အဓိက တပ်စွဲထားပြီး
မတ်လ ၁၃ ရက်နေ့ ညပိုင်းမှာ မြို့မရဲစခန်း အရှေ့ဘက် အပါအဝင် နေရာ သုံးလေးနေရာမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွါးခဲ့တာ လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ မြို့မရဲစခန်းဘက်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေပြီး စစ်ရေး အခြေအနေ အသေးစိတ်နဲ့ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ သေချာ မသိရသေးဘူးလို့ ဒေသခံ စစ်သတင်းရင်းမြစ်က ပြောပါတယ်။
ဓာတ်ပုံ -ထီးချိုင့်မြို့ရှိ ဒေသခံ နေအိမ်များကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးထားစဉ် (ပုံဟောင်း- CJ)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။