ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၃ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို (DSA အပတ်စဉ် ၄၂)၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်နဲ့ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်မှ ခမရ (၅၅၀) မကျရှုံးစေရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံကာကွယ်ခဲ့သည့်ကြားမှ ရက္ခိုင့်တပ်တော် AA က ၁၃ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၄ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်း အမြောက်အမြား ရရှိကာ အပြီးသတ် စခန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) သို့ စစ်ကူ ပေးပို့ဖို့ လာရောက်တဲ့ စစ်ကောင်စီရဲ့ ဇက်သင်္ဘော (၂) စီးကိုလည်း မတ်လ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေက ဟန့်တား တိုက်ခိုက် နိုင်ခဲ့တဲ့အပြင် အဆိုပါ ဇက်သင်္ဘော (၂) စီးကို ကယ်တင်ဖို့ နောက်ထပ် ရောက်လာတဲ့ ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက် မတိုးနိုင်အောင် အကောင်းဆုံး ဟန့်တားတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဇက်သင်္ဘော (၃) စီးလုံးကို ရေထဲနစ်မြုပ်အောင် မတိုက်ခိုက်နိုင်ခဲ့ပေမယ့် ဇက်သင်္ဘော ပေါ်မှာ ပါလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုတော့ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ စစ်သားအချို့ ရှိခဲ့ပြီး လက်နက်ချ အညံ့ခံသူများ၊ စောစီးစွာ အလံဖြူထောင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များ အားလုံးကို အသက် ချမ်းသာပေးကာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ မြို့မ ရဲစခန်းကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ သိမ်းပိုက် ထားနိုင်ခဲ့ပြီး ခမရ (၅၅၀) တပ်ရင်းကို ယခု မတ်လ (၄) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင်ဒေသ အတွင်း စစ်ကောင်စီ ကင်းစင်တဲ့ နောက်ထပ် မြို့တစ်မြို့ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ ရက္ခိုင်ဒေသ တစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်စေရေးအတွက် အခြား ကျန်ရှိနေသေးတဲ့ မြို့တွေကိုလည်း တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရက္ခိုင်ဒေသ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ချ အညံ့ခံကြဖို့ စေတနာနဲ့ ထပ်မံ အသိပေးတယ်လို့လည်း ရက္ခိုင့်တပ်တော်၊ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်၊ သတင်းနှင့် ပြန်ကြားရေး
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။