Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြူးနစ် လုံခြုံရေး ညီလာခံမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဘာတွေ ဆွေးနွေးခဲ့လဲ ? (ရုပ်သံ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ အကြိမ် ၆၀ မြောက် ကမ္ဘာ့ လုံခြုံရေး ညီလာခံကို ကျင်းပခဲ့ပါတယ်။

 

ကမ္ဘာ့နေရာအနှံ့က လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သတ်ပြီး အရေးကြီးဆုံး စိန်ခေါ်မှုတွေအပေါ်  နိုင်ငံအသီးသီးက နိုင်ငံရေး၊ စီးပွါးရေးဆိုင်ရာ မူဝါဒချမှတ်သူတွေ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ဒီလုံခြုံရေး ညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

 

သုံးရက်ကြာကျင်းပတဲ့ ညီလာခံကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ညီလာခံ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ“သူပုန်ထရခြင်း အကြောင်း_အရပ်သား ခုခံတော်လှန်သူတို့ရဲ့အသံ”(Rebel With a Cause: Voice of Civil Resistance) ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲတစ်ရပ် ပါဝင်ခဲ့ပြီး ဒီဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

 

ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး‌ဟောင်း ဟီလာရီ ကလင်တန်က ဦးဆောင်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ အီရန်အရး တက်ကြွလှုပ်ရှားသူ World Liberty Congress ရဲ့ ဥက္ကဋ္ဌ မာဆီး အလီနီဂျတ် (Masih Alinejad)၊ ဘီလာရုစ်နိုင်ငံက အတိုက်အခံခေါင်းဆောင် ဆွီယက်လာနာ ဆီဟာနော့စကာရာ (Sviatlana Tsikhanouskaya) နဲ့ ၂၀၂၁ ခုနှစ် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဖိလစ်ပိုင် နိုင်ငံသူ သတင်းစာဆရာ မာရီယာ ရက်စ်ဆာ (Maria Ressa) တို့က သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒီစကားဝိုင်း ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို မြန်မာပြည်သူတွေက မလိုလားတာကြောင့် အခုလို ခုခံတော်လှန်နေကြတာလို့ ပြောပါတယ်။

 

မြန်မာပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို အလိုမရှိဘူးဆိုတာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တညီတညွတ်တည်း  ဆန္ဒထုတ်ဖော် ပြသခဲ့ကြပေမယ့် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အာဏာရှင်စနစ်ကို လက်ခံမလား၊ မိမိတို့ရဲ့ လွတ်လပ်မှု အခွင့်အရေးအတွက် ပြန်လည် ခုခံတွန်းလှန်ကြမလားဆိုတာကို မြန်မာပြည်သူတွေအနေနဲ့ ရွေးချယ်ခဲ့ရတယ်လို့ ဒေါ်ဇင်မာအောင်က ရှင်းပြခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါ်ဇင်မာအောင်ကတော့ မြန်မာစစ်တပ်ဟာ အကြမ်းမဖက်ရေးဆိုတာကို နားမလည်ဘဲ အင်အားသုံး ဖိအားပေးတဲ့ဓလေ့ကိုသာ နားလည်တာကြောင့် စစ်တပ်က နားလည်တဲ့ ဘာသာစကားနဲ့ အခုလို တန်ပြန် ဆောင်ရွက်နေကြတာလို့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို အကျဉ်းချုံး ပြောပြခဲ့ပါတယ်။

 

အရပ်ဘက် ပြည်သူတွေရဲ့ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်မှုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးလမ်းမှာ ပုံမှန် အမြဲတမ်းတွေ့နေရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို တော်လှန်တဲ့ ဒီတစ်ခေါက် ခုခံတော်လှန်ရေးမှာတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေ ပိုပြီး ပါလာတာက ထူးခြားတယ်လို့ ဆိုပါတယ်။ အလားတူ မြို့နေ ပြည်သူတွေရော၊  ကျေးလက်နေ ပြည်သူတွေပါ လူတန်းစားမျိုးစုံ ပါဝင်လာတာကို တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ CDM လုပ်ခဲ့ကြတဲ့ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ  အမျိုးသမီး ဝန်ထမ်း ၆၆% ပါဝင်နေသလို မျိုးဆက်သစ် လူငယ်တွေထဲမှာလည်း အခု နောက်ဆုံး Generation Z မျိုးဆက်အထိ ပါဝင်လာတာ တွေ့ရတယ်လို့လည်း ဒေါ်ဇင်မာအောင်က ဆက်ပြောပြပါတယ်။

 

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့ပြီး ဖြိုခွဲဖို့ မလွယ်ဘူးလို့ သတ်မှတ်ထားကြတဲ့ စစ်အာဏာရှင်တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် ပြည်သူအများရဲ့ စုပေါင်းတွန်းလှန်နေမှုကြောင့် အခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ခုခံတော်လှန်နေသူတွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဒီလို အောင်မြင်မှု ရလာတာဟာ မြန်မာပြည်သူတွေရဲ့ ထူးခြားတဲ့ ဒဏ်ခံနိုင်မှုကနေ ရလာတဲ့ ရလဒ်ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

 

ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေ အချင်းချင်း မစည်းလုံးကြတာကြောင့် အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အချင်းချင်း စည်းလုံးညီညွတ်အောင် ကမ္ဘာ့ ဒီမိုကရေစီ ဦးဆောင် နိုင်ငံတွေက ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့လည်း NUG နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။