Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်တပ်က ဖမ်းဆီးထားစဉ် သတင်းထောက် ကိုမြတ်သူထွန်း သေဆုံးခဲ့ရမှုအပေါ် စုံစမ်းစစ်ဆေးပေးဖို့ CPJ အဖွဲ့ တောင်းဆို

စစ်တပ်က ဖမ်းဆီးထားစဉ်မှာ သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်း သေဆုံးခဲ့ရမှုအပေါ် ယုံကြည်လောက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) က အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

 

စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ကိုမြတ်သူထွန်းဟာ စစ်တပ်က ဖမ်းဆီးထားစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ CPJ နဲ့ စကားပြောခဲ့တဲ့ Western News အယ်ဒီတာချုပ် ဦးဝဏ္ဏခွါညိုရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၃၇၈ ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။ 

 

ဒီလို သိမ်းပိုက်ပြီးနောက်မှာ ခမရ ၃၇၈ တပ်ထဲက ဗုံးခိုကျင်းအတွင်း မြှုပ်နှံထားတဲ့ သတင်းထောက် ကိုမြတ်သူထွန်းရဲ့အလောင်းနဲ့အတူ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီး ရုပ်အလောင်းတွေမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရတယ်လို့ Western News အယ်ဒီတာချုပ် ဦးဝဏ္ဏခွါညိုကို ကိုးကားပြီး CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

“သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုပါတယ်” လို့ CPJ အဖွဲ့ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ 

 

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြစ်မှုကျူးလွန်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့ ယဉ်ကျေးမှုက မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ စစ်ကောင်စီအနေနဲ့ ခုလို သတ်ဖြတ်နေတာတွေကို ရပ်တန်းက ရပ်ပြီး သတင်းထောက်တွေကို  အကာအကွယ် ပေးရပါမယ်”လို့ သူက ဆက်ပြောပါတယ်။

 

သတင်းထောက် ကိုမြတ်သူထွန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ၎င်း၏ နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၅၀၅ (က) ပုဒ်မနဲ့ တရားစွဲဆိုကာ မြောက်ဦး မြို့မရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

 

မြောက်ဦးမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက် သိမ်းပိုက်ချိန်မှာ အကြမ်းဖက် စစ်ကောင်စီ စစ်သားနဲ့ ရဲတွေက ရဲစခန်းခန်း အချုပ်ခန်းထဲက အကျဉ်းသားတွေကို ခလရ ၅၄၀ တပ်ရင်းထဲကို ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ 

 

ဆက်လက်ပြီး မြောက်ဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၅၄၀ တပ်ရင်း၊ ခမရ ၃၇၇ တပ်ရင်းနဲ့ ခမရ ၃၇၈ တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားတဲ့ အချုပ်သားတွေကို ခမရ ၃၇၈ တပ်ရင်းအတွင်းမှာ သတ်ပစ်ပြီး အစုလိုက် အပြုံလိုက် မြှုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။။ 

 

သတင်းထောက် ကိုမြတ်သူထွန်းသည် DVB သတင်းဌာန၊ 7Day News သတင်းစာနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ပင်ခံထားရတဲ့ The Voice သတင်းစာတွေမှာ ရခိုင်ပြည်နယ် သတင်းတွေကို  ရေးသားပေးပို့နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

သတင်းထောက် ကိုမြတ်သူထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) က အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကို အီးမေးလ်ပေးပို့ တောင်းဆိုခဲ့ပေမယ့် လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ တုန့်ပြန်တာ မရှိသေးဘူးလို့ ပြောပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေက  သတင်းထောက် ကိုမြတ်သူထွန်း အပါအဝင် ခမရ ၃၇၈ တပ်ရင်းထဲက ဗုံးခိုကျင်းထဲမှာ မြေမြှုပ် သတ်ပစ်ခဲ့တဲ့ အချုပ်သား ၇ ဦး ရှိပြီး ၎င်းတို့မှာ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်နဲ့ ကိုပြည့်စုံဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) က နောက်ဆုံးထုတ်ပြန်ထားတဲ့ Global Impunity Index အရ မြန်မာနိုင်ငံဟာ သတင်းသမား ဂျာနယ်လစ်တွေကို သတ်ဖြတ်ကာ အရေးယူခံရမှု မရှိဘဲ ကင်းလွတ်ခွင့်ရနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာအဆင့် သတ်မှတ်ချက်မှာ အဆင့် ၉ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

 

သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) ရဲ့ ၂၀၂၃ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံဟာ  ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးခံရမှုမှာ ဒုတိယ အဆိုးဆုံး နိုင်ငံ ဖြစ်ပါတယ်။
~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။