အထည်ဆိုင်ထဲမှာ ဒေါ်မြတ်စုတစ်ယောက် ပိတ်စတွေ ခေါက်နေတုန်း ပြောနေတာတွေပါ။
“ဒီမနက် အိမ်မှာ ဘဲဥချည်ရည်ဟင်း ချက်ထားတယ်၊ ကျမလေ ကိုယ့်လိုဘဝတူတွေ စျေးသက်သက်သာသာနဲ့ ဝယ်လို့ရတဲ့ ဖုန်သုတ်တဲ့ ကြက်မွှေးတွေ ကိုယ်တိုင်လုပ်ထားတယ်သိလား၊ ဒါကျမ ကျောင်းဆရာမတုန်းက ပုံတွေလေ ကြည့်မလား။...... အပြင်မှာ ဝယ်ရင် တစ်ခု ၅၀၊ ၆၀ ပေးရတယ်။....ကျမလေ ကျောင်းပြန်သွားမယ်။ နေ့လယ် ရတယ်။ ရတယ်။ ကျမ အိမ်ပဲ ထမင်း ပြန်စားမယ်။ ကျမကတော့ ၁၅ ဘတ်ပဲ ရောင်းတယ်သိလား။ အားပေးဦးနော်.....။ ညနေ စျေးထဲက ဟင်းသီးဟင်းရွက်ဆိုင် ၂ဆိုင်၊ ၃ ဆိုင်လောက်က ရောင်းမကုန်တာတွေ တောင်းထားတယ်။.........
ကျမ စိတ်ညစ်ရင် စျေးနားက အမှိုက်ပုံမှာ သွားထိုင်တာပဲ။ အဲ့မှာ အိပ်လို့ပါ ရတယ်သိလား။.......
ကျမတို့အိမ်ရော ကိုယ်ပိုင်ကျောင်းရော ချိတ်ပိတ်ခံလိုက်ရတယ်။.. အဖြူအစိမ်းပဲ ပြန်ဝတ်ချင်တယ်။.....ညနေကျရင် လာဝေပေးမယ်နော်။ စားနိုင်သလောက် အများကြီးယူသွား။.....ဒီမှာကြည့် ဒါ ကျမရဲ့ ဓာတ်ပုံလေ။.....အစ်မရေ ကျမ video editing လည်း စိတ်ဝင်စားတယ် သိလား။ မြန်မာပြည်ဘက်လည်း အသိရှိရင် ပို့ရမယ်။ အချိန်တော့ ပေးရတာပေါ့နော်။ ကျမ စိတ်ညစ်ရင် စျေးနားက အမှိုက်ပုံမှာ သွားထိုင်တာပဲ။ အဲ့မှာ အိပ်လို့ပါ ရတယ်သိလား။.......ဟိုတစ်နေ့ကတောင် အဲ့လိုပဲ တောင်းပြီး ကိုယ်နဲ့သိတဲ့ တော်လှန်ရေးသမားတွေ အဆင်မပြေတဲ့သူတွေကို အိမ်ထိ လိုက်ပေးတာ...။ ကျမတို့အိမ်ရော ကိုယ်ပိုင်ကျောင်းရော ချိတ်ပိတ်ခံလိုက်ရတယ်။..... အစ်မရေ ဒီပိတ်စအဖြူတွေက တစ်ကီလိုဆို ဘယ်လောက်ရောင်းတာလဲ။..........မောင်လေးကို pdf တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းသွားတယ်။ ကျမ video editing လည်း စိတ်ဝင်စားတယ် သိလား။ လက်ကားဆိုတော့ စျေးသက်သာမှာပေါ့..... ကျမ အဖြူအစိမ်းတွေ ကြိုချုပ်ထားချင်လို့။....... တစ်ကျွန်းကျသွားတယ်။ မောင်လေးကလေ။..... ကျမ စက်လေး ဝယ်ထားတယ်။ သိပ်တော့ မချုပ်တတ်သေးဘူး။ ဆေးရုံကြီးနားမှာလေ ရှမ်းအစားအစာ ရောင်းတဲ့ဆိုင် သိလား။.......မဟုတ်ဘူး ကျမ အိမ်မှာ ဘဲဥချည်ဟင်း ချက်ထားတယ်။ အဲဆိုင်က ဟင်းထုပ်ဝယ်မလို့။ ပြီးရင် အစ်မဆီက ပိတ်စတွေဝယ်ပြီး ကိုယ့်ဒီဇိုင်းနဲ့ကိုယ် အင်္ကျီချုပ်မယ်...... ဒါပေမဲ့ ရအောင် သင်မယ်...... ကျမအိမ်မှာ ဟိုဘက်ကမ်းက တော်လှန်ရေးသမားတွေ ကမ်းကူးလာသူတွေလည်း ရှိတာပဲ...... စိတ်ညစ်ရင် စျေးနားက အမှိုက်ပုံမှာ သွားအိပ်တယ်။ ......ကျောင်းပဲ ပြန်သွားချင်တယ်။.... အသီးအနှံတွေက သိပ်မကောင်းတော့ပေမယ့် စားလို့တော့ ရတယ်နော်........... မောင်လေးက တစ်ကျွန်းကျသွားတယ်။ ကျမက စာသင်နှစ် ၁၈နှစ် လောက် ရှိပြီ......ကျမရော ကျမအဖေပါ ကိုယ့်ရဲ့ ကိုယ်ပိုင်ကျောင်းကို သိပ်ကို သံယောဇဥ်တွယ်ကြတာ..... အစ်မရေ ဒီပိတ်စတွေ ကျမကို နည်းနည်းပေးရောင်းပါလား.....အဖေကလည်း ဒီကာလထဲမှာပဲ ဆုံးသွားတာပဲ...............................”
သူမရဲ့လက်တွေက တစ်ခါတလေ တုန်ဆတ်သွားလိုက်၊ သူမရဲ့လေသံတွေက တိုးသွားလိုက် ကျယ်လာလိုက်၊ မျက်လုံးတွေက တစ်ခါတစ်ခါ မျက်တောင်ခတ်ဖို့ မေ့နေတဲ့အလား တွေတွေငေးငေး၊ တစ်ခါတလေကျတော့လည်း မှိတ်တုတ်မှိတ်တုတ်နဲ့။
အသက် ၄၀ ဝန်းကျင် ဒေါ်မြတ်စု(နာမည်လွှဲ)ဟာ အချိန်တခဏအတွင်းမှာ ပြောနေတာတွေပါ။ သူမရဲ့လက်တွေက တစ်ခါတလေ တုန်ဆတ်သွားလိုက်၊ သူမရဲ့လေသံတွေက တိုးသွားလိုက် ကျယ်လာလိုက်၊ မျက်လုံးတွေက တစ်ခါတစ်ခါ မျက်တောင်ခတ်ဖို့ မေ့နေတဲ့အလား တွေတွေငေးငေး၊ တစ်ခါတလေကျတော့လည်း မှိတ်တုတ်မှိတ်တုတ်နဲ့။ ဒါတွေ ဖတ်ကြည့်၊ နားထောင်ကြည့်လိုက်တာနဲ့ အဲဒီလူတစ်ယောက်ဟာ အဆုံးဝါးဆုံး မဟုတ်ရင်တောင် အနည်းအကျဉ်းတော့ ပုံမှန်စိတ်အခြေအနေမဟုတ်ဘူးဆိုတာကို ခန့်မှန်းမိကြမှာပါ။ ဒါကို ကာယကံရှင်ကတော့ သတိထားမိချင်မှ ထားမိမှာ။
ဒေါ်မြတ်စုဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်မှုတွေအောက်မှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ နယ်မြို့တစ်နေရာက ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းအုပ်တစ်ယောက်ဖြစ်ပါတယ်။ သူမတို့မိသားစုဟာ သူမတို့ရဲ့ ကျောင်းဝင်းအတွင်းမှာပဲ တော်လှန်ရေးသမားလူငယ်တချို့ကို နေစရာနဲ့ စားစရာ အကူအညီပေးခဲ့တာကြောင့် စစ်တပ်က သိရှိပြီး သူမရဲ့မောင်တော်စပ်သူကို ဖမ်းဆီး တစ်ကျွန်းဒဏ်ချကာ ကျောင်းကိုရော အိမ်ကိုပါ ချိတ်ပိတ်ခံထိခဲ့တဲ့အပြင် ဒီကြားထဲ ဖခင်ဖြစ်သူပါ အဲဒီစိတ်တွေနဲ့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မဲဆောက်ဘက်ကို ထွက်ပြေးလာရတဲ့ ဒေါ်မြတ်စုဟာ အသက် ၄၀ ကျော် ရင့်ကျက်တဲ့ အရွယ်ဆိုပေမယ့် အချိန်အကြာကြီး ခက်ခက်ခဲခဲတည်ဆောက်ထားတွေ ဆုံးရှုံးသွားရတဲ့အပြင် သူမကိုယ်တိုင်ပါ တစစီ ပဲ့ကြွေလွင့်စင်သွားတယ်လို့ ခံစားလာရတဲ့အခါ....။
မဲဆောက်မှာ အဆင်မပြေမှုပေါင်း သောင်းခြောက်ထောင်ထဲကနေ အလုပ်အကိုင် ရှားပါးမှုကြောင့် ထမင်းငတ်ရတဲ့ နေ့ရက်တွေ၊ အကြိမ်ကြိမ် ထိုင်းရဲ အဖမ်းခံရတဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်း အနာဂတ်ပျောက်ဆုံးနေတဲ့ ဘဝတူတွေအချင်းချင်းကြားထဲမှာ သူမကိုယ်သူမ ပြန်ရှာမတွေ့တဲ့အခါ....။
မဲဆောက်မှာ အဆင်မပြေမှုပေါင်း သောင်းခြောက်ထောင်ထဲကနေ အလုပ်အကိုင် ရှားပါးမှုကြောင့် ထမင်းငတ်ရတဲ့ နေ့ရက်တွေ၊ အကြိမ်ကြိမ် ထိုင်းရဲ အဖမ်းခံရတဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်း အနာဂတ်ပျောက်ဆုံးနေတဲ့ ဘဝတူတွေအချင်းချင်းကြားထဲမှာ သူမကိုယ်သူမ ပြန်ရှာမတွေ့တဲ့အခါ....။
ဒီလိုအခြေအနေတွေကြားမှာ သူမဘဝက အစကို ပြန်ရောက်သွားပြီး သူမတစ်ယောက်တည်း အထီးတည်းဖြတ်သန်းနေရသလို အက်ကွဲခြောက်ကပ်နေတဲ့ နေ့ရက်တွေကို သူမ ရင်ဆိုင်ရတယ်။ သူမ မြတ်နိုးတဲ့အရာတွေ တခဏချင်း ဆုံးရှုံးသွားရတဲ့အပေါ် ကိုယ့်ထက် အခြေအနေဆိုးသူတွေကြည့်ပြီး ဖြေသိမ့်ရပေမယ့် အခုချိန်ထိ သူမကိုယ်သူမ ဘယ်လိုနှစ်သိမ့်ရမလဲ အဖြေကောင်းကောင်းမရှိသေး။ တစ်သက်လုံးလုပ်လာတဲ့ မြတ်နိုးရာ အလုပ်လည်း မရှိတော့။ တော်လှန်ရေးအသိ ရှိခဲ့ပြီး အာဏာရှင်ကို ရွံ့မုန်းတဲ့ သူ၊ ကျောင်းအုပ်တစ်ယောက်လုပ်ခဲ့ပြီး ဒီအသက် အရွယ်ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်က ဒီလောက်တော့ ကြံ့ကြံ့ခံနိုင်ရမှာ သူမ သိတယ်။ ဒီအတွက်လည်း သူမ လျှောက်လာခဲ့တဲ့လမ်းကို နောင်တမရ။
ဒါပေမဲ့၊ မဲဆောက်နေ့စဉ်ဘဝရဲ့ အဆင်မပြေမှုတွေကြားမှာ နဂိုကတည်းက Trauma ရထားသူ ဒေါ်မြတ်စုအဖို့ သူမကိုယ်သူမ ထိန်းချုပ်ထားတဲ့ စိတ်တွေ တစ်ခါတစ်ရံ မနိုင်မနင်းဖြစ်ရတယ်။
ကိုဗစ်မဖြစ်ခင်ကတော့ အများစုက ပုံမှန် Trauma တစ်ခု၊ နှစ်ခုလောက်ပဲ။ အာဏာသိမ်းပြီးနောက်ပိုင်းမှ ပိုများလာတာ တွေ့ရတယ်။
“Trauma ဆိုတာ လူတိုင်းမှာ ရှိတတ်ကြတယ်၊ Trauma ၂ ခု၊ ၃ ခု အဲဒီထက်ပိုတဲ့သူတွေလည်း အများကြီး ရှိတယ်။ ကိုဗစ်မဖြစ်ခင်ကတော့ အများစုက ပုံမှန် Trauma တစ်ခု၊ နှစ်ခုလောက်ပဲ။ အာဏာသိမ်းပြီးနောက်ပိုင်းမှ ပိုများလာတာ တွေ့ရတယ်။ လတ်တလောမှာတော့ ဒီဘက်ကို စစ်ရှောင်လာကြသူတွေ၊ ထောင်ထဲက ထွက်လာရတဲ့သူတွေ၊ အိမ်ကို ချိတ်ပိတ်လို့ ပြေးလာရသူတွေ၊ ၅၀၅ သမားတွေ အားလုံးက မဲဆောက်မှာ အကုန်လုံး စုရောက်နေကြတယ်။ သူတို့တွေအားလုံးမှာ အဓိကကတော့ နိုင်ငံရေးကြောင့်ရလာတဲ့ Trauma တွေအပြင် ဒီဘက်မှာ စားဝတ်နေရေး စိုးရိမ်ပူပန်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေ စတာတွေကနေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ကြတာပဲ” လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ Counsellor ဒေါ်ချိုမာထွေးက ပြောပါတယ်။
တကယ်တော့ မဲဆောက်ကို တော်လှန်ရေးနဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေထဲမှာ ဒေါ်မြတ်စုတို့လိုလူတွေ အများအပြားပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း စီဒီအမ်လုပ်လာတဲ့ ပညာရေးဒုဦးစီးတစ်ယောက်က သားဖြစ်သူ အင်းစိန်ထောင်မှာ တော်လှန်ရေးကြောင့် ထောင်ဒဏ်နှစ်ရှည်စီရင်ချက်ချတဲ့နေ့မှာ သတင်းကြားပြီး မကြာခင် အိမ်က ပျောက်သွားတယ်။ နှစ်ရက်လောက်နေမှ ခပ်ဝေးဝေးလမ်းမပေါ်မှာ ခြေဗလာနဲ့ လျှောက်သွားနေတာကို တွေ့ရတယ်။
“သူ့သားသတင်းကြားပြီးတာနဲ့ အိမ်ကနေ ပျောက်သွားတာ၊ ပထမတော့ ကျနော်တို့က ဒီအတိုင်း အပြင်ထွက်သွားတယ်ထင်တာ။ နေရာအနှံ့ လိုက်ရှာပေမယ့် မတွေ့ဘူး။ ၂ ရက်လောက်နေမှ ကျနော်တို့နဲ့ အတော်လေးဝေးတဲ့ လမ်းပေါ်ကနေ ခြေဗလာနဲ့ ပြန်ရှာတွေ့တာ၊ အဲဒီအချိန်ကနေ အခုထိ သူ ဆေးတွေသောက်နေရတုန်းပဲ”
“သူ့သားသတင်းကြားပြီးတာနဲ့ အိမ်ကနေ ပျောက်သွားတာ၊ ပထမတော့ ကျနော်တို့က ဒီအတိုင်း အပြင်ထွက်သွားတယ်ထင်တာ။ နေရာအနှံ့ လိုက်ရှာပေမယ့် မတွေ့ဘူး။ ၂ ရက်လောက်နေမှ ကျနော်တို့နဲ့ အတော်လေးဝေးတဲ့ လမ်းပေါ်ကနေ ခြေဗလာနဲ့ ပြန်ရှာတွေ့တာ၊ အဲဒီအချိန်ကနေ အခုထိ သူ ဆေးတွေသောက်နေရတုန်းပဲ” လို့ အဲဒီမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါဟာ အာဏာရှင်တွေက အပြစ်မဲ့သူတွေ၊ အမှန်တရားဘက်က ရပ်တည်သူတွေကို မသေသေအောင် သတ်တဲ့အပြင် သူတို့ရဲ့ စိတ်ဓာတ်တွေကိုပါ အဆုံးထိ နွံနှစ်ပစ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဒုက္ခတောထဲကနေ နေ့ရက်တွေကို တစ်ရက်ချင်း အကောင်းဆုံးရှင်သန် မဖြတ်သန်းဘူးဆိုရင်တော့ ရန်သူရဲ့ ထောင်ချောက်မှာ တစ်ကိုယ်လုံး စင်းပေးရဖို့ပဲ ရှိပါတယ်။ ရန်သူကတော့ ရန်သူ့အလုပ်ကိုပဲ လုပ်မှာပါ။
အခုအချိန်ခါမှာ မဲဆောက်ကိုရောက်နေတဲ့သူအားလုံးမှာ စိတ်ခံစားမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီးကြုံနေရတယ်
“အခုအချိန်ခါမှာ မဲဆောက်ကိုရောက်နေတဲ့သူအားလုံးမှာ စိတ်ခံစားမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီးကြုံနေရတယ်။ အဲဒီလူတွေအားလုံး ဒုက္ခတွေရှိပေမယ့်လည်း သူတို့ကို စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းစေချင်တယ်။ ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ counselling program ကို အခမဲ့စီစဉ်တာပါ။ AAPP Website မှာ ဝင်ကြည့်လို့ ရပါတယ်။ အိမ်တိုင်ရာရောက် counselling လုပ်ပေးတာပါ။ ကျမတို့ကို ဆက်သွယ်လို့ရပါတယ်။ မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ဒီဘက်ကို ရောက်လာသူ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘယ်သူမဆို လိုအပ်ရင် counselling ပေးပါတယ်” လို့ ဒေါ်ချိုမာထွေးက ဆက်ပြောပါတယ်။
ဒါ့အပြင် ဘဝတူအချင်းချင်း စိတ်အားရော နှုတ်အားပါ ဖေးမကူညီတာကလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲရသူတွေအဖို့ တစ်စုံတရာအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်လှန်ပြည်သူတွေ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးမ သွားဖို့ လိုပါတယ်။ ရန်သူ့ထောင်ချောက်မှာ အငိုက်မမိဖို့ လိုပါတယ်။ တော်လှန်ရေးကြောင့် လူတိုင်းလိုလို Trauma အနည်းအများပဲကွာပြီး စိတ်ပိုင်းဆိုင်ရာ မှောင်နေတဲ့သူတွေ အနည်းအကျဉ်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင်၊ နိုင်အောင်မှ မထိန်းနိုင်ရင် ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အပွန်းပဲ့ခံပြီး ဆက်မှောင်သွားဖို့ပဲရှိပါတယ်။ ကိုယ့်စိတ်ကိုယ် အကောင်းဆုံးစောင့်ရှောက်ထူမတ်ခြင်းဟာလည်း တော်လှန်ရေးတစ်ရပ်ပဲ မဟုတ်လား။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။