တစ်ချို့က မျက်နှာများတာ
ဂုဏ်ယူစရာလို့ထင်တယ်..။
မျက်နှာကို
နေရာဒေသ ကာလ စရိုက်
အလိုက်အထိုက်ပြောင်းတပ်ဖို့ရာ
မျက်နှာဖုံးတွေ စုံလည်းစုံ များလည်းများ
သတိအနေအထားနဲ့ ပြင်ထားတယ်။
သစ္စာမဲ့မျက်လုံးတွေ
ဖုံးထားဖို့ ဖြူစင်မှုပကတိနဲ့
သစ္စာရှိ ကျိုးနွံတဲ့ မျက်နှာဖုံး
အမြဲလိုသုံးတယ်။
ရက်စက်မှု ကောက်ကျစ်မှု နှုတ်ခမ်းကို
ဖုံးလွှမ်းကွယ်ဝှက်ထားဖို့
နှလုံးသားလှပသယောင်
အပြုံးမြဆောင်တဲ့ မျက်နှာဖုံး
မချွတ်တမ်းသုံးတတ်တယ်။
အတွင်း အဇ္စတ္တရဲ့
လောဘ ဒေါသ မောဟ အရောင်တွေလက်
အဓမ္မမာန်တက်တဲ့ ဘီလူးသဘက်လိုလူက
ကြင်နာသူ..သိမ့်မွေ့သူ..ရင့်ကျက်သူ ..လို
လှူချင်စိတ်ရက်ရောတဲ့ မနောဖြူ အူစင်းသမှ
အတ္တစိတ်ပဲ ခဝါချသယောင်
“တရားဓမ္မ”ရောင် ဗဟိဒ္ဓမျက်နှာဖုံး
မရှက်တမ်း သုံးတယ်။
ဒီလို ဒီလို များစွာများစွာ မျက်နှာဖုံးတွေဟာ
တခါတခါ လုံးဝ လုံးဝ ကွာကျ..
တခါတခါ အသုံးမကျ
ဖုံးမရလို့ ခွာချ..
(တစ်ခါတလေတော့..) အယုတ်တမာက
လုပ်လာသမျှ
သရုပ်သဘာဝကို
ထုတ်ကာပြဖို့ တမင်ပဲ ဖြုတ်ခွာပြ..
ဘာပဲဖြစ်ဖြစ် ခွာပဲချချ ကွာပဲကျကျ
မကြာခဏဆို မြင်တတ်ကြရ
အတွင်းအဇ္စတ္တ မျက်နှာက
လောဘကဲဖက် ဒေါသအမြဲထွက်
မောဟစွဲရမက် တငွေ့ငွေ့နဲ့
စက်ဆုပ်စရာအပြည့် လို့
နှလုံးသားရော ဦးနှောက်ပါရှိသူတိုင်း အမြဲတွေ့လိမ့်မယ်။
တိုက်ဆိုင်စွာပဲ
ရင်ထဲပေါ်လာ ဒီကဗျာ.. ကို
နိုင်ငံတကာ အဆိုအမိန့်တစ်ရပ်..နဲ့
(ဆီလျော်စွာ..)
အဆုံးသတ်ပါရစေ..။
“I hate two faced people.
It's so hard to decide which face to slap first.
(Unknown)”
“မျက်နှာနှစ်ခုနဲ့လူဆို
သိပ်ကို မုန်းသမို့…၊
သူ့မျက်နှာ အတုအစစ်နှစ်ခုကြား
ဘယ်ပါးကို အရင်ရိုက်သင့်ပါ့
ရွေးရခက်လို့..”တဲ့။
မျက်နှာတစ်ခုအတွက်
ပါးတစ်ချက်နှုန်းနဲ့
နှစ်ဖက်စလုံးရိုက်လိုတာ..
ဒါမှမဟုတ် ရိုက်ကိုရိုက်မှာ ဆိုရင်
မျက်နှာအတုများစွာ
လူ့မသမာအတွက်
အချက်များစွာ လက်များစွာ တို့
တစ်ညီတစ်ညာ
ဝင်ပါကြဖို့ လိုလိမ့်မယ်။ ။
၂၀၂၄ ဖေဖေါ်ဝါရီလ ၁ ရက်
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။