Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖက်ဒရယ်စနစ်နဲ့ ဗမာပြည်နယ်သတ်မှတ်ရေး (Ethnic Affairs)

ပထမဦးဆုံး ပြောဖို့ လိုတာက ဖက်ဒရယ်စနစ်နဲ့ ဗမာပြည်နယ်သတ်မှတ်ရေးက တူသလားဆိုရင် မတူဘူးလို့ ဖြေရပါလိမ့်မယ်။ တန်းတူညီမျှမှုဟာ လူမျိုးတစ်မျိုးချင်းစီကို အခြေခံတယ်ဆိုတာကရော ဟုတ်သလားလို့ မေးရင် ပိုလို့တောင် မဟုတ်ပါဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ဖက်ဒရယ်စနစ်ဟာ လူမျိုးတစ်ချင်းစီကို အခြေခံပြီး ဥစ္စာဓနခွဲဝေသလားလို့ မေးရင် အဲဒါလည်း မဟုတ်ဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ အဲဒါဆိုရင် နယ်မြေတွေကိုရော အခြေခံပြီး ဥစ္စာဓနခွဲဝေတာလားလို့လည်း မေးစရာရှိပါတယ်။ ဒါလည်း မဟုတ်ဘူးလို့ပဲ ဖြေရမှာပါပဲ။ ဒါတွေအားလုံးရဲ့ အကြောင်းရင်းကတော့ ဖက်ဒရယ်စနစ်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ဆိုတာဟာ နိုင်ငံသားတစ်ခုချင်းစီကို အခြေခံပြီး ဆုံးဖြတ်ကြရတာ ဖြစ်နေလို့ပါပဲ။

 

ဒီနေရာမှာ ဖက်ဒရယ်စနစ်ဆိုတာက ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ဆိုလိုပါတယ်။ အာဏာရှင် ဖက်ဒရယ်စနစ်ကို မဆိုလိုပါ။ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဟာ ဒီမိုကရေစီစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် ဒီဖက်ဒရယ်စနစ်မှာ အခြေခံတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ဆိုတာဟာလည်း နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး (Individual Rights) တွေကို အာမခံပေးထားရတဲ့ အရာမျိုးသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်က ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ဆိုတာတွေဟာလည်း တစ်ဦးချင်းတစ်ဦးချင်းစီက တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေနဲ့ စုပေါင်းဆုံးဖြတ်လိုက်ကြတဲ့ လူများစုရဲ့ ဆုံးဖြတ်ချက်တွေသာ ဖြစ်ပါတယ်။

 

ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုထဲက ဖက်ဒရယ်ယူနစ်တွေ ဖြစ်ကြတဲ့ ပြည်နယ်တစ်ခုချင်းစီမှာ ပြည်သူတွေ ရှိနေကြပါတယ်။ အဲဒီပြည်သူတွေထဲက တစ်ဦးချင်းစီမှာ ကိုယ့်စိတ်ကြိုက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ခွင့်တွေ ရှိနေကြပါတယ်။

 

အထက်ပါစကားကို ထပ်ရှင်းဖို့ လိုပါလိမ့်ဦးမယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုထဲက ဖက်ဒရယ်ယူနစ်တွေ ဖြစ်ကြတဲ့ ပြည်နယ်တစ်ခုချင်းစီမှာ ပြည်သူတွေ ရှိနေကြပါတယ်။ အဲဒီပြည်သူတွေထဲက တစ်ဦးချင်းစီမှာ ကိုယ့်စိတ်ကြိုက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ခွင့်တွေ ရှိနေကြပါတယ်။ ဒါကိုပဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး (Individual Rights) လို့ ခေါ်တာလည်း ဖြစ်ပါတယ်။ ဒီလို နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ဖက်ဒရယ်ပြည်ထောင်စုအဆင့် ဥပဒေတွေနဲ့ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးထားရပါတယ်။ အဲဒီလို ပြည်သူတွေမှာ တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေ ရှိနေကြတာမို့လို့ အဲဒီပြည်သူတစ်ဦးချင်းစီကလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်တွေနဲ့အတူ အခြားပြည်သူတစ်ဦးချင်းစီရဲ့ အရေးကိစ္စတွေကို လိုက်ဆုံးဖြတ်ခွင့် မရှိခြင်း၊ အခြားပြည်သူ တစ်ဦးတစ်ယောက်ချင်းစီက သူတို့ကြမ္မာသူတို့ဖန်တီးဆုံးဖြတ်ထားတာတွေကို လေးစားလိုက်နာခြင်းဆိုတာတွေပါ တစ်ပါတည်း  ပါဝင်သွားတာ ဖြစ်ပါတယ်။

 

နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို အိမ်တစ်အိမ်ရဲ့ မိသားစုဝင်တွေနဲ့ ဥပမာပေးပြောရရင် မိသားစုဝင် ၅ ယောက် ရှိတဲ့ အိမ်တစ်အိမ်မှာ အဲဒီ ၅ ယောက်စလုံးက တစ်ဦးချင်းစီအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့် ရှိနေကြပါတယ်။ အဲဒါကြောင့် မိသားစုဝင် ၅ ယောက်ထဲက မိသားစုဝင်တစ်ယောက် သူ့ကြမ္မာသူဖန်တီးတဲ့အနေနဲ့ သူ့စိတ်ကြိုက် ဆုံးဖြတ်ထားတာကို အခြားမိသားစုဝင် ၄ ယောက်က ဆန့်ကျင်ခွင့်မရှိဘဲ သူ့ဆုံးဖြတ်ချက်ကိုသာ လေးစားလိုက်နာကြရတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ၊ အိမ်တစ်အိမ်ရဲ့ ကံကြမ္မာကိုလည်း အဲဒီအိမ်က မိသားစုဝင်တွေကပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။ တစ်လမ်းထဲမှာ၊ တစ်ရပ်ကွက်ထဲမှာ အတူတကွ နေထိုင်နေကြတဲ့ အခြားအိမ်တွေက ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။ အဲဒီအိမ်ရဲ့ ဆုံးဖြတ်ချက်ကိုသာ အခြားအိမ်တွေက လေးစားလိုက်နာကြရတာ ဖြစ်ပါတယ်။ အိမ်တစ်လုံးလိုပဲ၊ လမ်းတစ်လမ်းရဲ့ ကံကြမ္မာကို အဲဒီလမ်းထဲမှာ နေထိုင်နေကြတဲ့ လမ်းသူလမ်းသားတွေကသာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ အခြားလမ်းတွေမှာ နေထိုင်နေကြတဲ့သူတွေက ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။ အဲဒီလမ်းက သူတို့ကိုယ်ပိုင် ဆုံးဖြတ်ထားတာကို အခြားလမ်းတွေက လေးစားလိုက်နာကြရပါတယ်။

 

လမ်းတစ်လမ်းလိုပဲ၊ ရပ်ကွက်တစ်ခုရဲ့၊ ကျေးရွာတစ်ရွာရဲ့ ကံကြမ္မာကိုလည်း အဲဒီရပ်ကွက်မှာ နေထိုင်နေကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကပဲ၊ အဲဒီကျေးရွာမှာ နေထိုင်နေကြတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ အခြားရပ်ကွက်တွေက၊ အခြားကျေးရွာတွေက အဲဒီရပ်ကွက်၊ အဲဒီကျေးရွာရဲ့ ကံကြမ္မာကို ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီရပ်ကွက်၊ အဲဒီကျေးရွာရဲ့ ဆုံးဖြတ်ချက်တွေကိုသာ အခြားရပ်ကွက်တွေ၊ အခြားကျေးရွာတွေက လေးစားလိုက်နာကြရတာသာ ဖြစ်ပါတယ်။

 

မြို့နယ်တွေထဲမှာလည်း မြို့နယ်တစ်ခုရဲ့ ကံကြမ္မာကို အခြားမြို့နယ်တစ်ခုက ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘဲ အဲဒီမြို့နယ်ကသာ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်က ဆုံးဖြတ်ထားတာကိုသာ အခြားမြို့နယ်တွေက လေးစားလိုက်နာကြရတာ ဖြစ်ပါတယ်။ 

 

ပြည်နယ်တစ်ခုမှာ မြို့နယ်တွေ ရှိနေကြပါမယ်။ မြို့နယ်တွေထဲမှာလည်း မြို့နယ်တစ်ခုရဲ့ ကံကြမ္မာကို အခြားမြို့နယ်တစ်ခုက ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘဲ အဲဒီမြို့နယ်ကသာ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်က ဆုံးဖြတ်ထားတာကိုသာ အခြားမြို့နယ်တွေက လေးစားလိုက်နာကြရတာ ဖြစ်ပါတယ်။ အခြားမြို့နယ်တစ်ခုချင်းစီရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ပြည်နယ်ထဲက ခရိုင်တစ်ခုရဲ့ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ဟာလည်း အဲဒီခရိုင်ရဲ့ အလိုအတိုင်းသာ ဖြစ်ပါတယ်။ ဒါကို အခြားခရိုင်တွေက လေးစားကြရပါတယ်။

 

ပြည်ထောင်စုထဲက ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်တဲ့ ပြည်နယ်တစ်ခုရဲ့ ကံကြမ္မာကိုလည်း အဲဒီပြည်နယ်က ပြည်နယ်သူ၊ ပြည်နယ်သားတွေကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ အခြားပြည်နယ်တွေက အဲဒီပြည်နယ်အတွက် ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။ အဲဒီပြည်နယ်ရဲ့ ဆုံးဖြတ်ချက်တွေကိုသာ အခြားပြည်နယ်တွေက လေးစားလိုက်နာရတာ ဖြစ်ပါတယ်။ အလားတူစွာ အခြားပြည်နယ်တွေကလည်း သူတို့ပြည်နယ်နဲ့ ပတ်သက်ပြီး သူတို့စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိနေကြပါတယ်။ အဲဒါဆိုရင် ဗမာပြည်နယ်ကိစ္စကရော ဘယ်လိုလဲလို့ မေးစရာရှိပါတယ်။ ဒါကလည်း ဗမာပြည်နယ်သတ်မှတ်လိုတဲ့ ဒေသတစ်ခုက ပြည်သူတွေရဲ့ ဆုံးဖြတ်ခွင့်သာ ဖြစ်ပြီး အခြားဒေသတွေက လူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် မဟုတ်သလို အဲဒီဒေသတစ်ခုက လူတွေက ဗမာပြည်နယ်ဆိုတဲ့ အမည်နာမကို မသုံးစွဲဘဲ သူတို့စိတ်ကြိုက် အခြားအမည်နာမတစ်ခုကို သုံးစွဲမယ်ဆိုရင်လည်း ဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်ပါတယ်။ ဒါကို အခြားဒေသက လူတွေက လေးစားကြရပါမယ်။

 

တချို့က ဗမာပြည်နယ်ဖွဲ့စည်းမှသာ တန်းတူညီမျှမှု ဖြစ်မယ်လို့ ဆိုကြပါတယ်။ ဒါကလည်း ဒီမိုကရေစီ ဖက်ဒရယ်စနစ်အရ မမှန်ဘူးလို့ ဆိုရပါလိမ့်မယ်။ တချို့ကလည်း ဓနဥစ္စာ ခွဲဝေတဲ့အခါ ဗမာ တစ်ကျပ် ကချင် တစ်ကျပ်၊ ဗမာ တစ်ကျပ် ကရင် တစ်ကျပ်၊ ဗမာ တစ်ကျပ် ရခိုင် တစ်ကျပ်၊ ဗမာ တစ်ကျပ် မွန် တစ်ကျပ် စသဖြင့် ခွဲဝေလိုက်တော့ အခြားလူမျိုးကြီးတစ်မျိုးစီက တစ်ကျပ်ပဲ ရတဲ့အချိန်မှာ ဗမာက ၇ ကျပ် ရသွားတယ်လို့ ဆိုကြပါတယ်။ ဒါက ပိုလို့တောင် မမှန်ဘူးလို့ ဆိုရပါလိမ့်မယ်။ အကြောင်းကတော့ ဒီမိုကရေစီစနစ်မှာ ကျင့်သုံးတဲ့ တန်းတူညီမျှမှု (Equality)၊ တရားမျှတမှု (Justice)၊ လွတ်လပ်မှု (Freedom) ဆိုတဲ့ လောကပါလတရား ၃ ပါးဟာ လူမျိုးကို အခြေမခံ၊ ပြည်နယ်ကို အခြေမခံဘဲ လူတစ်ဦးချင်းစီ (Individuals)ကိုသာ အခြေခံထားလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးဒဿနကျမ်းတွေကလည်း ဒီမိုကရေစီစနစ်နဲ့ သွားတဲ့ ဖက်ဒရယ်စနစ်မှာ ဥစ္စာဓနခွဲဝေတဲ့အခါ အဲဒီလောကပါလတရား ၃ ပါးနဲ့အညီ လူတစ်ဦးချင်းစီကို အခြေခံပြီး ခွဲဝေကြတာကိုပဲ ပြဆိုကြတာ ဖြစ်ပါတယ်။ ဒါမှသာ တန်းတူညီမျှမှု ရှိတယ်၊ တရားမျှတမှု ရှိတယ်လို့လည်း ထပ်ဆင့်ဖွင့်ဆိုသတ်မှတ်ကြပါတယ်။

 

အဲဒီလို တန်းတူညီမျှမှု မရှိဘူးဆိုရင် ဒါဟာ တရားမျှတမှုလည်း မရှိတော့ပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီစနစ်မှာ ဥစ္စာဓနခွဲဝေတဲ့အခါ လူမျိုးကို အခြေမခံဘူး၊ ပြည်နယ်ကို အခြေမခံဘူး၊ လူတစ်ဦးချင်းစီကိုပဲ အခြေခံတယ်လို့ ဆိုရတာ ဖြစ်ပါတယ်။

 

ဥပမာ လူတစ်ဦးချင်းစီကို (ဝါ) နိုင်ငံသားတစ်ဦးချင်းစီကို ဖက်ဒရယ်ပြည်ထောင်စုက ကျပ်တစ်သိန်းစီ ခွဲဝေပေးတယ်ဆိုရင်  လူ ၁၀ ယောက်ပဲ ရှိတဲ့ ပြည်နယ်က ငွေ ၁၀ သိန်း ရပြီး လူ ၅၀ ရှိတဲ့ ပြည်နယ်ကတော့ သိန်း ၅၀ ရရမှာ ဖြစ်ပါတယ်။ လူ ၁၅၀ ရှိတဲ့ ပြည်နယ်အတွက်လည်း သိန်း ၁၅၀ ရရပါလိမ့်မယ်။ တကယ်လို့သာ ပြည်နယ်တစ်ခုကို ၁၀ သိန်းစီ အညီအမျှ ခွဲဝေပေးလိုက်မယ်ဆိုရင် အမှတ်တမဲ့ ကြည့်ရင် အတူတူပဲလို့ ထင်ရပေမယ့် လူ ၁၀ ယောက်ကလည်း ၁၀ သိန်း၊ လူ ၅၀ ကလည်း ၁၀ သိန်း၊ လူ ၁၅၀ ကလည်း ၁၀ သိန်းလို့ ဖြစ်သွားတာမို့လို့ လူတစ်ဦးချင်းစီအတွက် တန်းတူညီမျှမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီလို တန်းတူညီမျှမှု မရှိဘူးဆိုရင် ဒါဟာ တရားမျှတမှုလည်း မရှိတော့ပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီစနစ်မှာ ဥစ္စာဓနခွဲဝေတဲ့အခါ လူမျိုးကို အခြေမခံဘူး၊ ပြည်နယ်ကို အခြေမခံဘူး၊ လူတစ်ဦးချင်းစီကိုပဲ အခြေခံတယ်လို့ ဆိုရတာ ဖြစ်ပါတယ်။

 

နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ လူဦးရေကို လူမျိုးအလိုက် ရေတွက်တဲ့အခါ ဗမာလူဦးရေက ၆၈ ရာခိုင်နှုန်း၊ ရှမ်းက ၉ ရာခိုင်နှုန်း၊ ကရင်က ၇ ရာခိုင်နှုန်းနဲ့ ရခိုင်က ၄ ရာခိုင်နှုန်း ရှိပြီး ဗမာ၊ ရှမ်း၊ ကရင်၊ ရခိုင်မှအပ မြန်မာတရုတ်၊ မြန်မာအိန္ဒိယအပါအဝင် ကျန်လူမျိုးအားလုံးက ၁၂ ရာခိုင်နှုန်းပဲ ရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ လူ ၉ ယောက်အတွက်လည်း ဆန် ၁ တင်း၊ လူ ၇ ယောက်အတွက်လည်း ဆန် ၁ တင်း၊ လူ ၄ ယောက်အတွက်လည်း ဆန် ၁ တင်း၊ လူ ၆၈ ယောက်အတွက်လည်း ဆန် ၁ တင်း ခွဲဝေကြမယ်ဆိုရင် လောကပါလတရား ၃ ပါးထဲက တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို အကြီးအကျယ် မေးခွန်းထုတ်ရပါတော့မယ်။ ဒါပေမဲ့ လူနည်းစုအခွင့်အရေးအရ လူနည်းစုတွေကတော့ ပိုပြီး ရနေတတ်ပါတယ်။ အဲဒါဆိုရင် ဒီလူနည်းစုအခွင့်အရေးဆိုတာကို ဆက်ပြီး ဆွေးနွေးဖို့ လိုပါလိမ့်မယ်။

 

တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေဟာ လူမျိုးအမည်ပေါက် ပြည်နယ်သတ်မှတ်မှုနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေအပေါ်မှာသာ အဓိကအားဖြင့် အခြေခံနေကြတာ ဖြစ်ပါတယ်။

 

တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုဆိုတဲ့ လောကပါလတရား ၃ ပါးနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုက လူတစ်ဦးချင်းစီကို ငွေ ၁၀ ကျပ် ခွဲဝေတယ်ဆိုရင် နိုင်ငံသားအကုန်လုံးက တစ်ဦးကို ငွေ ၁၀ ကျပ်စီ ရရှိကြပါမယ်။ အဲဒီလို ခွဲဝေပြီးတဲ့အခါ လူနည်းစုလူမျိုးတွေက လူနည်းစုရပိုင်ခွင့်တွေထဲကနေ တစ်ဦးစီကို ငွေ ၁ ကျပ်စီ ထပ်ရတယ်ဆိုပါစို့။ လူများစုက တစ်ဦးကို ငွေ ၁၀ ကျပ် ရတဲ့အချိန်မှာ လူနည်းစုလူမျိုးတွေကတော့ တစ်ဦးကို ငွေ ၁၁ ကျပ် ရရှိနေပါလိမ့်မယ်။ ဒါက ဖက်ဒရယ်ပြည်ထောင်စုအဆင့်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ်ပြည်နယ်တွေအဆင့်မှာ ပြည်နယ်တစ်ခုချင်းစီက ကိုယ့်ကြိုးစားမှုနဲ့ကိုယ် ထပ်ရလာလို့ ထပ်တိုးလာတဲ့ ဥစ္စာဓနကတော့ ပြည်နယ်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်နယ်ပယ်ထဲမှာပဲ ရှိပါတယ်။ အဲဒါကြောင့် တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေဟာ လူမျိုးအမည်ပေါက် ပြည်နယ်သတ်မှတ်မှုနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေအပေါ်မှာသာ အဓိကအားဖြင့် အခြေခံနေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး (Individual Rights)တွေနဲ့ လူနည်းစုအခွင့်အရေး (Minority Rights)တွေကို ဥပဒေနဲ့ တရားဝင်သတ်မှတ်ပြဋ္ဌာန်းပေးရတာလည်း ဖြစ်ပါတယ်။

 

ဒီမိုကရေစီ ဖက်ဒရယ်စနစ်မှာ လူနည်းစုအခွင့်အရေးတွေကို ဥပဒေနဲ့ တရားဝင်ပြဋ္ဌာန်းသတ်မှတ်ပေးထားရတဲ့အတွက် လူများစုတွေရဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ လူနည်းစုအခွင့်အရေးကို လုံးဝ (လုံးဝ) ထိပါးခွင့် မရှိဘူးဆိုတာကို နားလည်ထားရပါမယ်။ တကယ်လို့ ဆုံးဖြတ်ခဲ့ရင် ဆုံးဖြတ်တဲ့သူဟာ လူနည်းစုအခွင့်အရေးအတွက် သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ၊ တစ်ချိန်းတည်းမှာ လူနည်းစုတွေကလည်း သူတို့အခွင့်အရေးတွေကို ထိပါးမှုမရှိဘဲ လူများစုက ဆုံးဖြတ်ချက်ချထားတာတွေကိုလည်း လေးစားလိုက်နာကြရပါတယ်။ ဒါဟာ ဒီမိုကရေစီအခြေခံမူတွေထဲက “လူများစုက အုပ်ချုပ်၊ လူနည်းစုက အခွင့်အရေးရ” (Majority Rule, Minority Rights)ဆိုတဲ့ အချက်လည်း ဖြစ်ပါတယ်။

 

အဲဒီတော့ ဗမာပြည်နယ်သတ်မှတ်ရေးထက် လူနည်းစုတွေကို တိတိကျကျ အကာအကွယ်ပေးနိုင်တဲ့ လူနည်းစုအခွင့်အရေး ဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်နိုင်ဖို့ လိုပါတယ်။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ဥပဒေတွေနဲ့ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားရင် ဘယ်နိုင်ငံသားတစ်ဦးတစ်ယောက်မှာမှ အခွင့်အရေး မချို့တဲ့ဘူးလို့ ပြောရပါလိမ့်မယ်။ ဆိုလိုတာက နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေ ပြည့်ဝနေချိန်မှာ  လူနည်းစုအဖွဲ့ဝင် နိုင်ငံသားတစ်ဦးကတော့ လူနည်းစုအခွင့်အရေးပါ ထပ်ရနေမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် လူမျိုးနာမည်ပေါက် ပြည်နယ်သတ်မှတ်ရေးက အရေးမကြီးဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

 

ကမ္ဘာပေါ်မှာ လူမျိုးအမည်ပေါက် ပြည်နယ်တွေသက်သက်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

 

ကမ္ဘာပေါ်မှာ လူမျိုးအမည်ပေါက် ပြည်နယ်တွေသက်သက်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ မရှိမဟုတ်၊ ရှိတော့ ရှိတယ်၊ ရှားတယ်လို့ ဆိုလိုပါတယ်။ အမေရိကန်ပြည်ထောင်စုက လူမျိုးစုံ ရှိနေပေမယ့် ဒေသအမည်ပေါက် ပြည်နယ်နာမည်တွေနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ထားပါတယ်။ ဂျာမနီနိုင်ငံကလည်း ဂျာမန်လူမျိုးတစ်မျိုးတည်းနဲ့ စတင်ခဲ့ပေမယ့် ဒေသအမည်ပေါက် ဖက်ဒရယ်ယူနစ်နာမည်တွေနဲ့ ဖက်ဒရယ်စနစ်ကို ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အိန္ဒိယနိုင်ငံက လူမျိုးပေါင်း ထောင်နဲ့ချီ ရှိနေပေမယ့် ဒေသအမည်ပေါက် ပြည်နယ်နာမည်တွေနဲ့ လူမျိုးအမည်ပေါက် ပြည်နယ်တွေ ရောထွေးပြီးတော့ ဖက်ဒရယ်စနစ်ကို ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အဲဒီသာဓကတွေကို ကြည့်မယ်ဆိုရင် လူမျိုးအမည်ပေါက် ပြည်နယ်သတ်မှတ်မှု ရှိမှသာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လို့ ရမယ်၊ တည်ထောင်လို့ ရမယ်ဆိုတဲ့ အယူအဆဟာ မမှန်ဘူးလို့ ပြောရပါလိမ့်မယ်။

 

သို့သော် တကယ်လို့ ဗမာပြည်နယ်သတ်မှတ်လိုတဲ့ ဒေသတစ်ခုလည်း ရှိနေမယ်။ အဲဒီဒေသက လူတွေက သူတို့ဒေသကို ဗမာပြည်နယ်အဖြစ် သတ်မှတ်လိုကြမယ်ဆိုရင်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်အရ သူတို့ ဒီလို သတ်မှတ်ပြဋ္ဌာန်းနိုင်ပါတယ်။ ဒီနေရာမှာ ဒါဟာ သူတို့ဒေသကို သူတို့ကိုယ်တိုင် သတ်မှတ်ပြဋ္ဌာန်းတာသာ ဖြစ်ပြီး သူတို့ဒေသအပြင်ဘက်က လူတွေက ဝင်ရောက်သတ်မှတ်ပြဋ္ဌာန်းပေးတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သတိပြုရပါဦးမယ်။

 

ထပ်ပြီး ပြောရရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နယ်မြေဒေသအလိုက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ကသာ အဓိက ဖြစ်ပါတယ်။ နယ်မြေဒေသအလိုက် သတ်မှတ်ပိုင်းခြားထားတဲ့ ဖက်ဒရယ်ယူနစ်တွေကို လူမျိုးအမည်ပေါက်ဖြစ်စေ၊ အခြားအမည်တစ်ခုခုဖြစ်စေ အမည်နာမ သတ်မှတ်ဖို့ကိစ္စကလည်း အဲဒီဖက်ဒရယ်ယူနစ်အသီးသီးထဲက ပြည်သူတွေရဲ့ အဆုံးအဖြတ်သာ ဖြစ်ပြီး ဖက်ဒရယ်ယူနစ်တွေရဲ့ အမည်နာမတွေကြောင့်တော့ဖြင့်ရင် ဖက်ဒရယ်စနစ်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်ဟာ သိပ်ထူးခြားမှု မရှိနိုင်ပါဘူးလို့သာ ဆိုရပါတော့မယ်။

~~~~

အောင်နိုင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။