တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာအာဏာကို တိုင်းသူပြည်သားတွေက ပိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါ်က နိုင်ငံအသီးသီးရဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ “အချုပ်အခြာအာဏာသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားများထံမှ ဆင်းသက်သည်”လို့ ရေးသားဖော်ပြကြရတာ ဖြစ်ပါတယ်။ အဲဒီအချုပ်အခြာအာဏာကို အာဏာကြီး ၃ ရပ်အနေနဲ့ ခွဲစိတ်တဲ့အခါ (၁) ဥပဒေပြုရေးအာဏာ၊ (၂) စီမံခန့်ခွဲရေးအာဏာ (အုပ်ချုပ်ရေးအာဏာ)နဲ့ (၃) တရားစီရင်ရေးအာဏာဆိုပြီး ဖြစ်လာပါတယ်။ ဒီအာဏာကြီး ၃ ရပ်ကို အာဏာရဲ့ မူလပိုင်ရှင်တွေ ဖြစ်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေက မဏ္ဍိုင်ကြီး ၃ ခုမှာ အပ်နှင်းပြီးတော့ ကျင့်သုံးစေတယ်။ အဲဒီ မဏ္ဍိုင်ကြီး ၃ ခုက (၁) ဥပဒေပြုရေးမဏ္ဍိုင်၊ (၂) စီမံခန့်ခွဲရေးမဏ္ဍိုင် (အုပ်ချုပ်ရေးမဏ္ဍိုင်) နဲ့ (၃) တရားစီရင်ရေးမဏ္ဍိုင်တို့ ဖြစ်ကြပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင်ကို ပြည်သူတွေက ဥပဒေပြုရေးအာဏာ အပ်နှင်းတယ်။ စီမံခန့်ခွဲရေးမဏ္ဍိုင်ကို ပြည်သူတွေက စီမံခန့်ခွဲရေးအာဏာ အပ်နှင်းတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူတွေက တရားစီရင်ရေးအာဏာ အပ်နှင်းတယ်။ ဥပဒေပြုမဏ္ဍိုင်ဆိုတာ ပါလီမန်ဆိုတဲ့ လွှတ်တော်တွေ ဖြစ်ပြီး စီမံခန့်ခွဲရေးမဏ္ဍိုင်ဆိုတာက အုပ်ချုပ်ရေးအဖွဲ့ (executive body) ရုံးတွေ ဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာကတော့ တရားရုံးတွေပါပဲ။
အစိုးရထဲမှာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ထပ်ပေါင်းထည့်ရတဲ့ အကြောင်းရင်းကတော့ အဲဒီ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေဆိုတာကလည်း အချုပ်အခြာအာဏာထဲကနေ စိတ်ပိုင်းပြီး အာဏာကို သုံးစွဲကြရလို့ပဲ ဖြစ်ပါတယ်။
အာဏာကြီး ၃ ရပ် အပ်နှင်းခြင်းခံရတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို အစိုးရ (Government) လို့ ခေါ်ပါတယ်။ တချို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ အဲဒီအစိုးရဆိုတဲ့ Government ကို မဏ္ဍိုင်ကြီး ၃ ရပ်ထက် ပိုပြီး ခွဲစိတ်တတ်ကြပါသေးတယ်။ တစ်နည်း ပြောရရင် အဲဒီအစိုးရထဲမှာ မဏ္ဍိုင်ကြီး ၃ ရပ်အပြင် ဗဟိုဘဏ်၊ ရွေးကောက်ပွဲကော်မရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ လူ့အခွင့်အရေးကော်မရှင်စတဲ့ သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကိုလည်း ထပ်ပေါင်းထည့်တတ်ကြပါသေးတယ်။ ဒီလို အစိုးရထဲမှာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ထပ်ပေါင်းထည့်ရတဲ့ အကြောင်းရင်းကတော့ အဲဒီ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေဆိုတာကလည်း အချုပ်အခြာအာဏာထဲကနေ စိတ်ပိုင်းပြီး အာဏာကို သုံးစွဲကြရလို့ပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက သုံးစွဲကြရတဲ့ အာဏာဟာလည်း အချုပ်အခြာအာဏာထဲကပဲ စိတ်ပိုင်းထားတာသာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ တည်ရှိနေတဲ့ အာဏာအဝဝကို အချုပ်အခြာအာဏာလို့ ခေါ်တယ်။ ဒီအချုပ်အခြာအာဏာကို ပြည်သူတွေက၊ နိုင်ငံသားတွေက ပိုင်ဆိုင်တယ်။ အဲဒီအချုပ်အခြာအာဏာကိုပဲ အာဏာရှင်တွေကတော့ သေနတ်နဲ့ မတရားလုယူသိမ်းပိုက်ပြီး တစ်ယောက်တည်း မောင်ပိုင်စီး ဆုပ်ကိုင်ကျင့်သုံးတတ်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာကတော့ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့တည်းဆီမှာပဲ အချုပ်အခြာအာဏာက စုပုံမနေရလေအောင် အဲဒီအချုပ်အခြာအာဏာကို အစိတ်စိတ်အပိုင်းပိုင်း စိတ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ကျင့်သုံးရပါတယ်။ ဥပဒေပြုခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ကျင့်သုံးနိုင်အောင် ဥပဒေပြုအာဏာဆိုပြီး အစိတ်အပိုင်းတစ်ပိုင်း စိတ်ပိုင်းတယ် (ဝါ) အချုပ်အခြာအာဏာထဲက အပုံတစ်ပုံ ပုံလိုက်တယ်။ ဒီအာဏာကို ပါလီမန်ဆိုတဲ့ လွှတ်တော်တွေက ကျင့်သုံးတယ်။ ဥပဒေပြုခြင်းနဲ့ ပတ်သက်လာရင် လွှတ်တော်တွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။ ဒီအာဏာကို အခြားအဖွဲ့အစည်း၊ အင်စတီကျူးရှင်း၊ မဏ္ဍိုင်တွေက ကျင့်သုံးခွင့် မရှိဘူး။
ခေတ်ဟောင်းမြန်မာပြန်ဆိုမှုတွေဟာ ဒီမိုကရေစီသဘောတရားအရဆိုရင် ခေတ်မမီတော့ဘူးလို့တောင် ပြောနိုင်တယ်။ အကြောင်းကတော့ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်သူလူတန်းစား၊ အုပ်ချုပ်ခံလူတန်းစားဆိုတာတွေ မရှိဘဲ ဥပဒေအရ စီမံခန့်ခွဲခွင့်ရနေတဲ့ စီမံခန့်ခွဲရေးမဏ္ဍိုင်နဲ့ ဥပဒေအတိုင်း နေထိုင်ကြတဲ့ နိုင်ငံသားတွေပဲ ရှိနေလို့ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်တာမှန်သမျှကို ပြုလုပ်နိုင်ဖို့ စီမံခန့်ခွဲရေးအာဏာဆိုပြီး အစိတ်အပိုင်းတစ်ပိုင်း စိတ်ပိုင်းတယ် (ဝါ) အချုပ်အခြာအာဏာထဲက အပုံတစ်ပုံ ပုံပါတယ်။ စီမံခန့်ခွဲရေးအာဏာ (Administrative power)၊ စီမံခန့်ခွဲရေးမဏ္ဍိုင် (Administrative branch/ administrative body) ဆိုတဲ့ အသုံးအနှုန်းတွေက ဒီနေ့ခေတ်မှာ ပိုသုံးစွဲလာကြပြီး ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေနဲ့ ပိုပြီး ကိုက်ညီတယ်။ အင်္ဂလိပ်စကားလုံးတွေ ဖြစ်ကြတဲ့ executive power/ executive branch/ executive body တို့မှာလည်း executive ဆိုတဲ့ စကာလုံးရဲ့ အနက်အဓိပ္ပာယ်က ဒီနေရာမှာ၊ ဒီစကားစပ်မှာ စီမံခန့်ခွဲခြင်းဆိုတဲ့ အဓိပ္ပာယ်သာ ဖြစ်ပါတယ်။ executive power ကို အုပ်ချုပ်ရေးအာဏာ၊ executive branch/ executive body ကို အုပ်ချုပ်ရေးမဏ္ဍိုင်လို့ ဘာသာပြန်ခဲ့ကြတဲ့ ခေတ်ဟောင်းမြန်မာပြန်ဆိုမှုတွေဟာ ဒီမိုကရေစီသဘောတရားအရဆိုရင် ခေတ်မမီတော့ဘူးလို့တောင် ပြောနိုင်တယ်။ အကြောင်းကတော့ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်သူလူတန်းစား၊ အုပ်ချုပ်ခံလူတန်းစားဆိုတာတွေ မရှိဘဲ ဥပဒေအရ စီမံခန့်ခွဲခွင့်ရနေတဲ့ စီမံခန့်ခွဲရေးမဏ္ဍိုင်နဲ့ ဥပဒေအတိုင်း နေထိုင်ကြတဲ့ နိုင်ငံသားတွေပဲ ရှိနေလို့ ဖြစ်ပါတယ်။
တရားစီရင်ရေးနဲ့ ပတ်သက်တာမှန်သမျှကို ပြုလုပ်နိုင်ဖို့အတွက် (ဝါ) တရားစီရင်ရေးနဲ့ ပတ်သက်တာမှန်သမျှကို စီရင်ဆုံးဖြတ်နိုင်ဖို့အတွက် အစိတ်အပိုင်းတစ်ပိုင်း စိတ်ပိုင်းတယ် (ဝါ) အချုပ်အခြာအာဏာထဲက အပုံတစ်ပုံ ပုံပါတယ်။ ဒီလို အပုံတစ်ပုံ ပုံထားတဲ့၊ အစိတ်အပိုင်းတစ်ပိုင်း ပိုင်းထားတဲ့ အာဏာကို တရားရုံးတွေက ကျင့်သုံးတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်တာမှန်သမျှကို ပြုလုပ်ဖို့ တရားရုံးတွေမှာ အပြည့်အဝ အခွင့်အရေး ရှိပါတယ်။ တခြား ဘယ်အဖွဲ့အစည်းမှာမှ အခွင့်အရေး မရှိပါဘူး။
ငွေကြေးနဲ့ ပတ်သက်တဲ့ ငွေကြေးဆိုင်ရာမူဝါဒ၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုမှန်သမျှကို စီမံခန့်ခွဲနိုင်ဖို့အတွက် အချုပ်အခြာအာဏာထဲကနေ အာဏာတစ်စိတ်တစ်ပိုင်း စိတ်ပိုင်းပါတယ်။ ဒီအာဏာကို ဗဟိုဘဏ်က ကျင့်သုံးတယ်။ ဒီအာဏာကို ဥပဒေပြုရေးမဏ္ဍိုင်၊ စီမံခန့်ခွဲရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တွေက ကျင့်သုံးခွင့် မရှိသလို အခြား ဘယ်အဖွဲ့အစည်း၊ ဘယ်အင်စတီကျူးရှင်းကမှလည်း ကျင့်သုံးခွင့် မရှိပါဘူး။ ငွေကြေးဆိုင်ရာအဆုံးအဖြတ်တွေနဲ့ ပတ်သက်လာရင် ဗဟိုဘဏ်ရဲ့ အဆုံးအဖြတ်တွေကသာ အပြီးအပြတ် အတည်ဖြစ်ပါတယ်။
ဒီအာဏာကို ရွေးကော်ပွဲကော်မရှင်ကပဲ ကျင့်သုံးခွင့် ရှိတယ်။ အခြားအဖွဲ့အစည်းတွေ၊ မဏ္ဍိုင်တွေက ကျင့်သုံးခွင့် မရှိဘူး။ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုစတာတွေနဲ့ ပတ်သက်လာရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ကသာ အပြီးအပြတ် အတည်ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း၊ မဲဆန္ဒရှင်ပြည်သူတွေ မှတ်ပုံတင်ခြင်း (မဲစာရင်းသွင်းခြင်း)၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ မဲရုံတွေ သတ်မှတ်ခြင်း၊ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ အနိုင်ရသူကို ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေကို ဆုံးဖြတ်ခြင်းစတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာမှန်သမျှကို စီမံခန့်ခွဲနိုင်ဖို့အတွက် အချုပ်အခြာအာဏာထဲကနေ အစိတ်အပိုင်းတစ်ပိုင်း ပိုင်းပါတယ်။ ဒီအစိတ်အပိုင်းတစ်ပိုင်းကို ရွေးကောက်ပွဲကော်မရှင်ကို အပ်နှင်းတယ်။ ဒီအာဏာကို ရွေးကော်ပွဲကော်မရှင်ကပဲ ကျင့်သုံးခွင့် ရှိတယ်။ အခြားအဖွဲ့အစည်းတွေ၊ မဏ္ဍိုင်တွေက ကျင့်သုံးခွင့် မရှိဘူး။ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုစတာတွေနဲ့ ပတ်သက်လာရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ကသာ အပြီးအပြတ် အတည်ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုစတဲ့ အဆုံးအဖြတ်မှန်သမျှ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုမှန်သမျှကို ကျင့်သုံးနိုင်ဖို့အတွက် အချုပ်အခြာအာဏာထဲကနေ အစိတ်အပိုင်းတစ်ပိုင်း ပိုင်းပါတယ်။ ဒီအစိတ်အပိုင်းတစ်ပိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို အပ်နှင်းတယ်။ ဒီအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကပဲ ကျင့်သုံးခွင့် ရှိတယ်။ အခြား ဘယ်အဖွဲ့အစည်း၊ ဘယ်အင်စတီကျူးရှင်းကမှ ကျင့်သုံးခွင့် မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုတွေနဲ့ ပတ်သက်လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ အဆုံးအဖြတ်ကသာ အပြီးအပြတ် အတည်ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်စတာတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီကော်မရှင်တွေရဲ့ နယ်ပယ်နဲ့ လုပ်ပိုင်ခွင့်တွေဟာ အချုပ်အခြာအာဏာထဲကနေ အာဏာတစ်စိတ်တစ်ပိုင်း စိတ်ပိုင်းပြီး လုပ်ရမယ့် အင်စတီကျူးရှင်းတွေပဲ ဖြစ်ပါတယ်။
ဆိုလိုတာက သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းဆိုတာတွေဟာ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ ကင်းလွတ်ပြီး သီးခြား ကိုယ်ပိုင်နယ်ပယ်နဲ့ လုပ်ပိုင်ခွင့်တွေကို အချုပ်အခြာအာဏာထဲကနေ စိတ်ပိုင်းသတ်မှတ်ပေးရတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီသီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေဟာ မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ အပြိုင်ယှဉ်တွဲရပ်တည်ပြီး တာဝန်ခံမှုသဘောတရားအရ အလျားလိုက်တာဝန်ခံမှု (horizontal accountability) နဲ့ သွားကြရပါတယ်။ အဲဒီလို သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေရဲ့ အင်္ဂါရပ်တွေကို အကြမ်းဖျင်း သတ်မှတ်ကြည့်မယ်ဆိုရင် (၁) အချုပ်အခြာအာဏာထဲကနေ စိတ်ပိုင်းပေးထားရတဲ့ အာဏာကို သီးခြား ကျင့်သုံးဖို့ လိုအပ်ရမယ်၊ (၂) သီးခြား နယ်ပယ်နဲ့ လုပ်ပိုင်ခွင့်သတ်မှတ်ပေးဖို့ လိုအပ်ရမယ်နဲ့ (၃) တာဝန်ခံမှုသဘောအရ အလျားလိုက်တာဝန်ခံမှုနဲ့ တာဝန်ခံဖို့ လိုအပ်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်ဆိုပြီး အနည်းဆုံး အဲဒီအချက် ၃ ချက်လောက်နဲ့ ကိုက်ညီဖို့ လိုအပ်ပါလိမ့်မယ်။
သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေရဲ့ အင်္ဂါရပ်တွေနဲ့ ဆန်းစစ်ချိန်ထိုးကြည့်မယ်ဆိုရင် ပဋိညာဉ်ထဲမှာ သတ်မှတ်ဖော်ပြထားတဲ့ “လွတ်လပ်သော ကော်မရှင်များ”ဆိုတာတွေက အနည်းဆုံး အဲဒီအင်္ဂါရပ် ၃ ချက်နဲ့ ကိုက်ညီရဲ့လားလို့ မေးစရာပေါ်လာပါတယ်။
အဲဒီလို သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေရဲ့ အင်္ဂါရပ်တွေနဲ့ ဆန်းစစ်ချိန်ထိုးကြည့်မယ်ဆိုရင် ပဋိညာဉ်ထဲမှာ သတ်မှတ်ဖော်ပြထားတဲ့ “လွတ်လပ်သော ကော်မရှင်များ”ဆိုတာတွေက အနည်းဆုံး အဲဒီအင်္ဂါရပ် ၃ ချက်နဲ့ ကိုက်ညီရဲ့လားလို့ မေးစရာပေါ်လာပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၊ အစိတ်အပိုင်း (၁)၊ အခန်း (၄) ရဲ့ အပိုင်း (၃) ထဲက အပိုဒ် ၁၆။ မှာ “လွတ်လပ်သော ကော်မရှင်များ”ဆိုပြီး အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။
လွတ်လပ်သော ကော်မရှင်များ
၁၆။ ဖက်ဒရယ်ပြည်ထောင်စုတွင် အောက်ဖော်ပြပါ လွတ်လပ်သော ကော်မရှင်များကို ဖွဲ့စည်းရမည်။ ထို့အပြင် အခြားကော်မရှင်များကိုလည်း လိုအပ်သလို တိုးချဲ့ဖွဲ့စည်းနိုင်သည်။
(က) အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission)
(ခ) ရွေးကောက်ပွဲကော်မရှင် (Election Commission)
(ဂ) ခွဲခြားမှုပပျောက်ရေးနှင့် လူ့အခွင့်အရေးကော်မရှင် (Anti-Discrimination and Human Rights Commission)
(ဃ) သတင်းအချက်အလက်သိပိုင်ခွင့်ကော်မရှင် (Right to Information Commission)
(င) ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ကော်မရှင် (Commission on Gender-based Violence and Domestic Violence)
(စ) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Transitional Justice, Truth and Reconciliation Commission)
(ဆ) လူနည်းစုအခွင့်အရေး ကာကွယ်စောင့်ရှောက်မြှင့်တင်ရေးကော်မရှင် (Minority Rights Commission)
(ဇ) နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကော်မရှင် (Commission for the Resettlement of the Displaced People)
(ဈ) အမျိုးသမီးအခွင့်အရေးကော်မရှင် (Women Rights Commission)
(ည) ကလေးသူငယ်အခွင့်အရေးကော်မရှင် (Child Rights Commission)
(ဋ) အလုပ်သမားနှင့် လယ်သမားအခွင့်အရေးကော်မရှင် (Labor and Farmer Rights Commission)
(ဌ) တောင်သူလယ်သမားနှင့် မြေယာဆိုင်ရာအခွင့်အရေးကော်မရှင် (Farmer and Land Rights Commission)
(ဍ) ခြားနားစွမ်းသူများအခွင့်အရေးကော်မရှင် (Rights of the Differently Abled Commission)
(ဎ) လူငယ်ရေးရာကော်မရှင် (Youth Affairs Commission)
(ဏ) ဂျန်ဒါတန်းတူရေးကော်မရှင် (Gender Equality Commission)
အထက်ပါ “လွတ်လပ်သော ကော်မရှင်များ”ဆိုတာကို ကြည့်ပြီး မေးခွန်းတွေက အများကြီး ထွက်လာပါတယ်။ ဒီအပိုဒ် ၁၆။ မှာ ပါဝင်တဲ့ ကော်မရှင်တွေအကုန်လုံးက အချုပ်အခြာအာဏာထဲကနေ အစိတ်အပိုင်းတစ်ခုအနေနဲ့ စိတ်ပိုင်းပြီး ကျင့်သုံးဖို့ လိုအပ်တာလား။ အဲဒီအပိုဒ် ၁၆။ ထဲမှာ ထပ်နေတဲ့ ကော်မရှင်တွေ ပါဝင်နေသလား။ ဒီအပိုဒ် ၁၆။ မှာ ဖော်ပြထားတဲ့ ကော်မရှင်တွေထဲက တချို့ဟာ သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေအနေနဲ့ ရပ်တည်ရမှာ မဟုတ်ဘဲ ဥပဒေပြုမဏ္ဍိုင်နဲ့ စီမံခန့်ခွဲရေးမဏ္ဍိုင်ထဲမှာ ရှိနေရမယ့် ကော်မရှင်တွေ မဟုတ်ဘူးလားစသဖြင့် မေးခွန်းတွေ အများကြီး ထွက်ပေါ်လာတော့တယ်။
အဲဒီလို မေးခွန်းတွေထဲမှာမှ ဒီအပိုဒ် ၁၆။ မှာ ပါဝင်တဲ့ “လွတ်လပ်သော ကော်မရှင်များ”ဆိုတာက ဗဟိုဘဏ်၊ ရွေးကောက်ပွဲကော်မရှင်စတာတွေလို လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ဆိုလိုတာ မဟုတ်လားဆိုတာကလည်း မေးစရာမေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအပိုဒ် ၁၆။ ထဲမှာ ပါဝင်တဲ့ “အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်”တွေကို ကြည့်ရင်တော့ ဒီအပိုဒ် ၁၆။ ဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ပြဆိုတာပဲလို့ ပြောနိုင်ပေမယ့် ဒီအပိုဒ် ၁၆။ ထဲမှာပဲ ဥပဒေပြုမဏ္ဍိုင်နဲ့ စီမံခန့်ခွဲရေးမဏ္ဍိုင်ထဲမှာ ရှိနေရမယ့် ကော်မရှင်တွေကိုလည်း တွေ့နေရပြန်တော့ ဒီအပိုဒ် ၁၆။ က လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ဆိုလိုတာ တကယ်ရော ဟုတ်ရဲ့လားလို့ သံသယမေးခွန်းတွေ ပေါ်လာပြန်ပါတယ်။ နောက်တစ်ခုက လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ဆိုလိုတာ မဟုတ်ဘူးလားဆိုတဲ့ အမေးမျိုး ဖြစ်ပေါ်လာအောင် တွန်းပို့နေတဲ့ အချက်တစ်ခုက ဒီအထဲမှာ ဗဟိုဘဏ် ပါမနေတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဒီအပိုဒ် ၁၆။ ဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေကို ဆိုလိုတာ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတဲ့ အမေးတွေ ထွက်ပေါ်လာပြီး ပဟေဠိဆန်နေပါတော့တယ်။
ဒီအပိုဒ် ၁၆။ ထဲမှာ တချို့ဟာတွေက ထပ်နေတဲ့ သဘောမျိုးတွေလည်း တွေ့နေရပါတယ်။ ဥပမာ အဲဒီအပိုဒ် ၁၆ မှာ ပါဝင်တဲ့ အပိုဒ်ခွဲ (င)၊ (ဈ)၊ (ည)၊ (ဍ) နဲ့ (ဏ) တို့ဆိုရင် အပိုဒ်ခွဲ (ဂ)က လူ့အခွင့်အရေးကော်မရှင်ထဲမှာ ထည့်သွင်းရမယ့် ကဏ္ဍခွဲတွေ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းမျိုးနဲ့ မေးစရာဖြစ်နေပါတယ်။ နောက်မေးခွန်းတစ်ခုက တကယ်လို့ သီးခြား ကဏ္ဍတွေအနေနဲ့ ထားရှိမယ်ဆိုရင်လည်း အဲဒီကဏ္ဍတွေဟာ ဥပဒေပြုမဏ္ဍိုင်ဆိုတဲ့ လွှတ်တော်ထဲမှာ ရှိနေရမယ့် ကဏ္ဍတွေ မဟုတ်ဘူးလားဆိုတဲ့ အမေးပဲ ဖြစ်ပါတယ်။ အဲဒီလို လွှတ်တော်ထဲမှာ ထားရှိရမယ့် ကဏ္ဍတွေ ဖြစ်တယ်ဆိုရင်လည်း တာဝန်ခံမှုအရ လွှတ်တော်အတွင်းမှာ အထက်အောက်သဘောနဲ့ ဒေါင်လိုက်တာဝန်ခံကြရမှာမို့ အဲဒီကဏ္ဍတွေကို အပြန်အလှန်သဘောနဲ့ အလျားလိုက်တာဝန်ခံကြရတဲ့ သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေထဲမှာ ထည့်သွင်းရေတွက်လို့ မရဘူးမဟုတ်လားဆိုတဲ့ မေးခွန်းကို ထပ်မေးရပါလိမ့်ဦးမယ်။
နောက်ထပ် လွှတ်တော်ထဲက ကော်မရှင်တွေအနေနဲ့ ရှိနေရမယ့် ကဏ္ဍတွေလို့ ယူဆရတဲ့ ကော်မရှင်တွေကတော့ အပိုဒ် ၁၆။ ထဲက အပိုဒ်ခွဲ (စ)၊ (ဋ)၊ (ဌ) နဲ့ (ဎ) တို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီကော်မရှင်တွေကို အချုပ်အခြာအာဏာထဲကနေ အစိတ်အပိုင်းတစ်ပိုင်းအနေနဲ့ စိတ်ပိုင်းပြီး သီးခြား အာဏာအပ်နှင်းရမယ့် သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေအဖြစ်နဲ့ သတ်မှတ်ပြဋ္ဌာန်းမယ်ဆိုရင်လည်း အဲဒီလို အလားတူ အမျိုးအစားတူ ပြဋ္ဌာန်းမှုမျိုးတွေက အခြား ဒီမိုကရေစီနိုင်ငံတွေမှာရော ရှိနေသလားဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ လွှတ်တော်ထဲမှာ ရှိနေရမယ့် ကော်မရှင်တွေကတော့ တာဝန်ခံမှုအရ လွှတ်တော်အတွင်းမှာ အထက်အောက်သဘောနဲ့ ဒေါင်လိုက်တာဝန်ခံရတာမို့လို့ အဲဒီကော်မရှင်တွေကို “လွတ်လပ်သော ကော်မရှင်များ”လို့ သုံးနှုန်းလို့ ရမယ် မဟုတ်တော့ပါဘူး။
ဒီတရားမျှတမှုတရားရုံးကလည်း တာဝန်ခံမှုအရ အပြန်အလှန်သဘောနဲ့ အလျားလိုက်တာဝန်ခံရတဲ့ သီးခြား အင်စတီကျူးရှင်းမဟုတ်ဘဲ အထက်အောက်သဘောနဲ့ ဒေါင်လိုက်တာဝန်ခံရတဲ့ တရားရေးစီရင်ရေးမဏ္ဍိုင်ထဲမှာ ရှိနေရပါဦးမယ်။
အထက်ပါ အပိုဒ်ခွဲတွေထဲက အပိုဒ်ခွဲ (စ)ဟာ လွှတ်တော်ထဲက ကော်မရှင်တစ်ရပ်အနေနဲ့ သတ်မှတ်ပြဋ္ဌာန်းရမယ့် ကော်မရှင်သာ ဖြစ်ပြီး အဲဒီ အပိုဒ်ခွဲ (စ) ပါ အရေးအရာကိစ္စရပ်တွေကိုတော့ တရားရေးမဏ္ဍိုင်အောက်မှာ ရှိတဲ့ တရားရုံးတွေက ဆုံးဖြတ်ကြရမယ်မဟုတ်ဘူးလားဆိုတဲ့ အမေးဟာလည်း နောက်ထပ် မေးချင်စရာကောင်းတဲ့ မေးခွန်းပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီ အပိုဒ်ခွဲ (စ) ပါ အရေးအရာကိစ္စရပ်တွေကို အဆုံးအဖြတ်ပေးဖို့အတွက်တော့ တရားမျှတမှုတရားရုံး (Court of Justice) တည်ထောင်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ သို့သော် ဒီတရားမျှတမှုတရားရုံးကလည်း တာဝန်ခံမှုအရ အပြန်အလှန်သဘောနဲ့ အလျားလိုက်တာဝန်ခံရတဲ့ သီးခြား အင်စတီကျူးရှင်းမဟုတ်ဘဲ အထက်အောက်သဘောနဲ့ ဒေါင်လိုက်တာဝန်ခံရတဲ့ တရားရေးစီရင်ရေးမဏ္ဍိုင်ထဲမှာ ရှိနေရပါဦးမယ်။
တရားမျှတမှုတရားရုံးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့အခါ ဥရောပတရားစီရင်ရေးစနစ်ထဲက တရားမျှမှုတရားရုံး (Court of Justice) နဲ့ လူ့အခွင့်အရေးတရားရုံး (Court of Human Rights) တွေကိုလည်း ဒီနေရာမှာ ဥပမာအနေနဲ့ ထည့်ပြောဖို့ လိုမယ် ထင်ပါတယ်။ အကြောင်းကတော့ အပိုဒ် ၁၆။ ထဲက အပိုဒ်ခွဲ တော်တော်များများဟာ လွှတ်တော်ထဲက ကော်မရှင်တွေအနေနဲ့ ရပ်တည်ရမယ့် ကော်မရှင်တွေ ဖြစ်ပြီး အဲဒီအပိုဒ်ခွဲတွေပါ အကြောင်းအရာကိစ္စရပ်တွေကိုတော့ ဒီတရားရုံးတွေက ဆုံးဖြတ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ တရားစီရင်ရေးစနစ်ထဲမှာ တရားမျှတမှုတရားရုံးနဲ့ လူ့အခွင့်အရေးတရားရုံးတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဥရောပတရားမျှတမှုတရားရုံးက လူဇင်ဘာဂ်နိုင်ငံမှာ တည်ရှိတယ်။ ဒီဥရောပတရားမျှတမှုတရားရုံးဟာ ဥရောပသမဂ္ဂမှာ အမြင့်ဆုံး တရားရုံးလည်း ဖြစ်တယ်။ အဲဒီဥရောပတရားမျှတမှုတရားရုံးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြင့်ဆုံး တရားရုံးတွေက ဆုံးဖြတ်ထားတဲ့ အမှုတွေကို ကျော်လွန်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
ဥရောပလူ့အခွင့်အရေးတရားရုံးဟာ အမှုတွေကို ကြားနာရာမှာ အတက်ကြွဆုံးနဲ့ အထိရောက်ဆုံး ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုတာကို စိစစ်ကြပ်မတ်ရာမှာလည်း အတက်ကြွဆုံးနဲ့ အထိရောက်ဆုံး တရားရုံးတစ်ရုံး ဖြစ်ပါတယ်။
ဥရောပလူ့အခွင့်အရေးတရားရုံးကတော့ ပြင်သစ်နိုင်ငံ၊ အယ်လ်ဇားစ်ဒေသရဲ့ မြို့တော် စတြားဇ်ဘူးမှာ တည်ရှိတယ်။ ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းဥပဒေတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။ ဥရောပလူ့အခွင့်အရေးတရားရုံးဟာ အမှုတွေကို ကြားနာရာမှာ အတက်ကြွဆုံးနဲ့ အထိရောက်ဆုံး ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုတာကို စိစစ်ကြပ်မတ်ရာမှာလည်း အတက်ကြွဆုံးနဲ့ အထိရောက်ဆုံး တရားရုံးတစ်ရုံး ဖြစ်ပါတယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ အထက်ပါ တရားရုံး ၂ ရုံးကို တရားစီရင်ရေးမဏ္ဍိုင်ထဲမှာ ထည့်သွင်းတည်ထောင်လိုက်မယ်ဆိုရင် အပိုဒ် ၁၆။ ပါ အပိုဒ်ခွဲ တော်တော်များများက ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ပါတယ်။
အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြတဲ့အခါ အပိုဒ် ၁၆။ ပါ အပိုဒ်ခွဲတွေကို ပြန်လည်စိစစ်ဖို့ လိုအပ်မှာ ဖြစ်ပြီး “သီးခြား လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေ”ရဲ့ အနက်အဓိပ္ပာယ်၊ နယ်ပယ်၊ လုပ်ပိုင်ခွင့်တွေနဲ့ တရားမျှတမှုတရားရုံး၊ လူ့အခွင့်အရေးတရားရုံးတွေရဲ့ လည်ပတ်အလုပ်လုပ်ပုံတွေကိုလည်း ထပ်မံလေ့လာစိစစ်သုံးသပ်ဖို့ လိုအပ်နေပါကြောင်း။
ကိုးကား
၁။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၂၀၂၁)
၂။ အောင်နိုင်၊ ဒီမိုကရေစီမိတ်ဆက် (၂၀၁၉)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။