ဆရာမ ကောလင်း မာဖီယာ The Conceptual Foundations of Transitional Justice (Cambridge University Press, 2017) and A Moral Theory of Political Reconciliation (CUP, 2010) စာအုပ်တွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ပွဲကာလ ဒါမှမဟုတ် ရက်စက်တဲ့အာဏာရှင်စနစ်တစ်ခု အပြီးသတ်ခါနီးလာတဲ့အခါမှာ အဲဒီတိုင်းပြည်ဟာ နိုင်ငံသစ်၊ လူ့ဘောင်သစ်ကိုလည်း ထူထောင်ရင်း အတိတ်က ကျူးလွန်ခဲ့တဲ့၊ ပြစ်မှုတွေအတွက် ဘယ်လိုပြန်ကိုင်တွယ်သင့်ပါသလဲ။ အီလီနွိုက်တက္ကသိုလ်က ဥပဒေ၊ ဒဿနနဲ့ နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ ဆရာမကောလင်း မာဖီက ‘အသွင်ကူးပြောင်းကာလတရားမျှတမှု’ ရဲ့ ဗဟိုချက်မှာရှိတဲ့ ကိစ္စရပ်တွေ စဉ်းစားစရာတွေကို ကိုင်တွယ်ထားတဲ့ စာအုပ်ငါးအုပ်အကြောင်း ဒုတိယအယ်ဒီတာ မစ္စcal Flyn နဲ့ ဆွေးနွေးထားပါတယ်။
မေး။ အသွင်ကူးပြောင်းကာလ တရားမျှတမှုက ဘာပါလဲ။ ဘယ်အချိန်မှာ ဒါက အရေးပါလာပါသလဲ။
ဖြေ။ အသွင်ကူးပြောင်းကာလ တရားမျှတမှုဆိုတာ အတိတ်က မှားယွင်းခဲ့တာတွေအတွက် ပြန်အဖတ်ဆည်ပေး တည့်မတ်ပေးတာပါပဲ။ မှားယွင်းခဲ့တာတွေဆိုရာမှာ နေရာအနှံ့အပြားမှာ ဖြစ်ပျက်ခဲ့တာတွေ၊ စနစ်တကျနဲ့ ပစ်မှတ်ထားကျူးလွန်ခဲ့တာတွေ၊ ကျူးလွန်မှုအားလုံးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်ဆောင်နေတာမျိုးတွေ၊ နောက်ပြီး နိုင်ငံတော်ကိုယ်တိုင်က လက်လျှိုပါဝင်ထားတဲ့ ချိုးဖောက်ကျူးလွန်မှုတွေပေါ့။ စစ်ပွဲတွေပြီးသွားတဲ့အခါမျိုး၊ ဖိနှိပ်အုပ်ချုပ်တဲ့ကာလမျိုးတွေ ပြီးဆုံးသွားပြီ၊ ဆိုတဲ့အခါ ကာလရောက်တော့ အတိတ်က ကျူးလွန်ခဲ့တဲ့ အဲဒီလိုပြစ်မှုတွေ၊ အဖြစ်အပျက်တွေအတွက် ပြန်အဖတ်ဆည်ဖို့၊ တရားမျှတမှုရှာဖွေဖို့ လုပ်လေ့ရှိကြပါတယ်။ အဲ၊ အသွင်ကူးပြောင်းမှုလို့ဆိုရာမှာလည်း အာဏာရှင်အုပ်ချုပ်ရေး ဒါမှမဟုတ် ဖိနှိပ်အုပ်ချုပ်တဲ့ကာလပြီးတဲ့နောက် ဒါမှမဟုတ် စစ်ပွဲကာလအလွန်မှာ အသွင်ကူးပြောင်းမှုကာလကို ဖြတ်ကျော်ပြီး တကယ်ပဲ ငြိမ်းချမ်းကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို မြင်ရမှာလားဆိုတာကတော့ အတိအကျ ပြောလို့မရတတ်ပါဘူး။
အသွင်ကူးပြောင်းမှုကာလဆိုတဲ့ ကာလတစ်ခုမှာ သည့်မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားရက်စက်မှုတွေအတွက် ဘယ်လိုပြန်ဖြေရှင်းကြမှာလဲ ဆိုတဲ့ မေးခွန်းဟာ တစ်ကမ္ဘာလုံး အဖြေရှာနေရဆဲ မေးခွန်းပါ။ ပြီးခဲ့တဲ့ ခေတ်တွေကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံတွေဟာ အသွင်ကူးပြောင်းမှုကာလဆိုတဲ့ အချိန်တစ်ချိန်ကို ဖြတ်သန်းခဲ့ကြရတယ်။ တောင်အာဖရိကမှာ လူဖြူလူမည်းခွဲခြားတဲ့စနစ်ပြီးဆုံးလို့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ-ကျင်းပတဲ့အချိန်၊ အရှေ့ဥရောပမှာ ကွန်မြူနစ်အုပ်ချုပ်ရေးတွေအသီးသီး ပြိုကွဲပြီးတဲ့အချိန်၊ အီရတ်မှာ ဆက်ဒမ်ဟူစိန်ပြုတ်ကျသွားပြီးတဲ့အချိန်၊ ဗဟိုအမေရိကမှာ ပြည်တွင်းစစ်ဒဏ်ကို ခံရပြီးချိန်၊ တောင်အမေရိကမှာ စစ်အစိုးရတွေနဲ့ အာဏာရှင်အစိုးရတွေ ပြီးဆုံးသွားချိန်တွေဟာ အသွင်ကူးပြောင်းကာလတွေပေါ့။ အခုဆိုလည်း နီပေါမှာဆိုရင် မော်ဝါဒီသူပုန်တွေနဲ့ အစိုးရတို့အကြား ဆယ်နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပြီးနောက် ကိုင်တွယ်နေရတဲ့ အသွင်ကူးပြောင်းကာလ တရားမျှတမှု ဖြစ်စဉ်တွေပေါ့။
အဲဒီတော့ အသွင်ကူးပြောင်းကာလမှာ တရားမျှတမှုကို ဘယ်လိုရှာဖွေကြလဲ။ မြင်ရိုးမြင်စဉ်တွေကတော့ ကျူးလွန်သူတွေကို ခုံရုံးတင်စစ်ဆေးမယ်၊ အမှန်တရားရှာဖွေရေးကော်မရှင်တွေဖွဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးအစားတွေ၊ ကျူးလွန်ပုံကျူးလွန်နည်းတွေကို ရှာဖွေမှတ်တမ်းတင်မယ်၊ ခုလို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ စူးစမ်းမယ်၊ အထိမ်းအမှတ်တွေ ပြုလုပ်မယ်။ ကျူးလွန်ခဲ့သူတွေထဲက အချို့သော ခေါင်းစဉ်အောက်က လူတွေအတွက် ပြစ်မှုဖြစ်ဖြစ်၊ တရားမကြောင်းအရဖြစ်ဖြစ် တရားမစွဲတော့ဘူးဆိုပြီး လွတ်ငြိမ်းခွင့်ပေးမယ် စသဖြင့်ပေါ့။ အံ့ဩစရာတစ်ခုကတော့ အဲဒီလို ပြန်လည် ဆောင်ရွက်တဲ့ ဖြစ်စဉ်တစ်ခုချင်းစီနဲ့ ပတ်သက်ပြီး စဉ်းစားတွေးခေါ်ကြတဲ့နေရာမှာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံရတာပဲ။ တရားမျှတမှုကို တကယ်ပဲ ဆောင်ကြဉ်းနေပြီလား၊ ဒါတွေဟာ ရသေ့စိတ်ဖြေ လုပ်နေရုံ သက်သက်လား စတဲ့မေးခွန်းတွေပေါ့။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။