ဆရာမ ကောလင်းမာဖီဟာ The Conceptual Foundations of Transitional Justice (Cambridge University Press, 2017) and A Moral Theory of Political Reconciliation (CUP, 2010) စာအုပ်တွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ပွဲကာလ ဒါမှမဟုတ် ရက်စက်တဲ့အာဏာရှင်စနစ်တစ်ခု အပြီးသတ်ခါနီးလာတဲ့အခါမှာ အဲဒီတိုင်းပြည်ဟာ နိုင်ငံသစ်၊ လူ့ဘောင်သစ်ကိုလည်း ထူထောင်ရင်း အတိတ်က ကျူးလွန်ခဲ့တဲ့၊ ပြစ်မှုတွေအတွက် ဘယ်လိုပြန်ကိုင်တွယ်သင့်ပါသလဲ။ အီလီနွိုက်တက္ကသိုလ်က ဥပဒေ၊ ဒဿနနဲ့ နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ ဆရာမကောလင်း မာဖီက ‘အသွင်ကူးပြောင်းကာလတရားမျှတမှု’ ရဲ့ ဗဟိုချက်မှာရှိတဲ့ ကိစ္စရပ်တွေ စဉ်းစားစရာတွေကို ကိုင်တွယ်ထားတဲ့ စာအုပ်ငါးအုပ်အကြောင်း ဒုတိယအယ်ဒီတာ မစ္စcal Flyn နဲ့ ဆွေးနွေးထားပါတယ်။
မေး။ ကဲ ဒီတော့ ဆရာမညွှန်းထားတဲ့စာအုပ်တွေကို ကြည့်ကြရအောင်။ ပထမဆုံးက Ruti G Teitel ရဲ့ Transitional Justice ဆိုတဲ့စာအုပ်။ ၂၀၀၀ ပြည့်နှစ်က ထွက်တယ်။ ဆရာမ ဘာလို့ဒီစာအုပ်ကို ထည့်ညွှန်းတာလဲ။
ဖြေ။ ပထမဆုံးအနေနဲ့ ရှင်းအောင်ပြောချင်တာက ကျမဟာ အင်္ဂလိပ်ဘာသာအားဖြင့် ရေးသားထားတဲ့ အသွင်ကူးပြောင်းကာလ တရားမျှတမှုဆိုင်ရာ စာအုပ်တွေထဲကမှ အကောင်းဆုံးငါးအုပ်ကိုသာ ညွှန်းဆိုနေတာ ဖြစ်ပါတယ်။ ဒါက ရှင်းအောင်ပြောဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အသွင်ကူးပြောင်းကာလ တရားမျှတမှုနဲ့ ဆိုင်တဲ့ အတွေးအခေါ်ပိုင်းရော လက်တွေ့ပိုင်းရော ဘာသာစကားမျိုးစုံနဲ့ တည်ရှိနေတာမို့လို့ပါ။ ဒါကြောင့် တခြားဘာသာစကားနဲ့ ရေးထားတဲ့စာအုပ်တွေကို တတ်နိုင်သူတွေအနေနဲ့ ညွှန်းမယ်ဆိုလည်း ညွှန်းလို့ရပါတယ်။
ဟုတ်ပြီ။ ရှင်ပြောတဲ့ Transitional Justice စာအုပ်ကို ဆက်သွားကြမယ်။ ဒီစာအုပ်ကို ဘာလို့ညွှန်းလဲဆို သူက ဂန္ထဝင်မို့လို့ပါ။ ဒီစာအုပ်ဟာ ဒီကနေ့ ပညာရှင်တွေရော၊ လက်တွေ့ကျင့်သုံးသူတွေရာ နပန်းလုံးနေရတဲ့ မေးခွန်းတွေ၊ လုပ်ငန်းစဉ်တွေကို ချပြထားတဲ့ စာအုပ်။ ဒီစာအုပ်ဟာ အာဏာရှင်ခေတ် သို့မဟုတ် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အသွင်စတင်ကူးပြောင်းတဲ့ကာလတွေအတွင်း အတိတ်က အမှားတွေကို ဘယ်လိုပြန်တုံ့ပြန်သလဲ ဆိုရာမှာ ဘာတွေက တအားထူးခြားနေသလဲ၊ ဒါမှမဟုတ် စိတ်ဝင်စားလောက်စရာ ကွဲပြားနေသလဲ ဆိုတာတွေကို စနစ်တကျနဲ့ ရှာဖွေဖော်ထုတ်တဲ့ ပထမဆုံးစာအုပ်ဖြစ်တယ်။ ဒါ့အပြင် လက်တွေ့သမားတွေနဲ့ စံသမားတွေအကြား နှိုင်းယှဉ်ချိန်ထိုး သုံးသပ်ပြထားတဲ့ စာအုပ်။ လက်တွေ့သမားဆိုတာ အတိတ်က အမှားတွေကို ကိုင်တွယ်တဲ့နေရာမှာ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ရှိလဲဆိုတဲ့ ရှုထောင့်ကပဲ ကြည့်တဲ့သူတွေကို ဆိုလိုတာ။ စံသမားတွေ ဆိုတာကတော့ ဘယ်အနေအထားမှာမဆို ကိုယ်ကျင့်စံတရားတွေကို တစ်ပြေးညီ အဂတိမဖက် ကျင့်သုံးရမယ်ဆိုတဲ့သူတွေကို ဆိုလိုတာပါ။
အထက်ပါ စဉ်းစားနည်းနှစ်မျိုးစလုံးမှာ ဘာကြောင့်ထောက်ပြစရာတွေ ရှိနေသလဲဆိုတာ Teitel က ပြဖို့ ကြိုးစားတာပါ။ လုပ်ပိုင်ခွင့်အာဏာက အဓိကကျတယ်။ ဒါပေမဲ့ အသွင်ကူးပြောင်းကာလတွေမှာ တစ်ခုတည်းသော အဓိကကျတဲ့အရာမဟုတ်ဘူး။ နောက်ပြီး အသွင်ကူးပြောင်းစဉ်မှာ ဖြေရှင်းရမယ့် ပုစ္ဆာတွေဟာ ရိုးရိုးအချိန်တွေမှာ ဖြေရှင်းရတဲ့ပုစ္ဆာတွေနဲ့ မတူဘူးဆိုတာကို ဆရာမက ပြောတယ်။ အသွင်ကူးပြောင်းကာလတွေအတွင်း ပေါ်လာတတ်တဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေကို ဆရာမက စဉ်းစားပြတယ်။ ဆိုကြပါစို့၊ ကျမတို့က တရားဥပဒေစိုးမိုးရေးကို စဉ်းစားတဲ့နေရာမှာ ဥပဒေကျင့်ထုံးများရဲ့ ပြဋ္ဌာန်းချက်တွေအပိုင်းမှာ တည်ငြိမ်မှုရှိစေဖို့ လိုအပ်တဲ့ စံအနေနဲ့ ကြည့်ကြတယ်။ ဒါမှလည်း စည်းမျဉ်းတွေက ဘာဆိုတာ သိနိုင်မယ်၊ နောက်ပြီး ကိုယ်ဘာလုပ်လိုက်ရင် အကျိုးဆက်က ဘာတွေဖြစ်မယ်ဆိုတာ စိတ်ချလက်ချ ကြိုခန့်မှန်းထားနိုင်မယ်။ ဒါပေမဲ့လည်း အသွင်ကူးပြောင်းမှုကာလတွေ ကိုယ်နှိုက်က ကြိုတင်မျှော်မှန်းခန့်မှန်းချက်တွေ ဘာမှသေချာမရေရာအောင် လုပ်တဲ့ကာလတွေဖြစ်နေပြန်တယ်။ ဒီကာလတွေဆိုတာက တော်လှန်ပြောင်းလဲတဲ့ကာလ၊ စံနှုန်းတွေ တန်ဖိုးတွေကို မြေလှန်ပြောင်းလဲတဲ့ကာလတွေ။ လူ့အဖွဲ့အစည်းတစ်ခုမှာ ဥပဒေတို့၊ တရားမျှတမှုတို့နဲ့ ပတ်သက်ပြီး ရှိပြီးသား နားလည်မှုတွေ ပြောင်းလဲတဲ့ကာလ မဟုတ်လား။ ဒီတော့ ခုလို အသေဖမ်းဆုပ်ရခက်တဲ့ ကာလကြီးတွေထဲ ဥပဒေစိုးမိုးရေးကို ကျမတို့ ဘယ်လိုလုပ် အတည်တကျ ဆွေးနွေးလို့ ရပါ့မလဲ။
အတိတ်က ကျူးလွန်ခဲ့တဲ့မတရားမှုတွေအပေါ် ပြန်တုံ့ပြန်ကိုင်တွယ်ကြတဲ့ နည်းအမျိုးမျိုးကို ယှဉ်ပြထားတဲ့ တခြားဥပဒေနယ်ပယ်တွေကိုလည်း Teitel က ကြည့်ပါတယ်။ ဥပမာအားဖြင့် မတရားမှု ကျူးလွန်ခဲ့တာတွေအတွက် ရာဇသတ်ကြီးရှိမယ်၊ ကျူးလွန်ခဲ့သူတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းနာပါမယ်။ ဆိုပါတော့ ခုံရုံးတင်မယ်၊ အပြစ်ရှိတယ်ဆိုရင် အပြစ်ပေးမယ်။ ဒါပေမဲ့ Teitel က ဘာထောက်ပြသလဲဆိုတော့ အသွင်ကူးပြောင်းကာလတွေအတွင်း ခုံရုံးတင်စစ်တယ်ဆိုတာ သိပ်မများလှဘူး။ နောက်ပြီး ကျမတို့အနေနဲ့ ရာဇဝတ်ကြောင်းအရ တာဝန်ရှိမှုနဲ့ ပတ်သက်လို့ ကိုယ်ကျင့်တရားရှုထောင့်ကရော ဥပဒေရှုထောင့်ကပါ စဉ်းစားတဲ့နည်းလမ်းဟာ ကျူးလွန်မှုမှာ လူအုပ်စုတွေကို တာဝန်ရှိအောင် ဒါမှမဟုတ် နိုင်ငံတော်ကို တာဝန်ရှိအောင်လုပ်တဲ့ ကျူးလွန်မှုတွေနဲ့ သိပ်လွယ်လင့်တကူ ဆက်စပ်လို့မရဘူးတဲ့။
ရာဇသတ်ကြီးဥပဒေဟာဆိုရင် အရင်အစိုးရဟောင်းအောက်မှာ အမှုထမ်းခဲ့တဲ့ အောက်ခြေဝန်ထမ်းတွေကို ဘယ်လိုသင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်မယ်ဆိုတာကိုလည်း လမ်းညွှန်မှုမပေးနိုင်ပြန်ဘူး။ ဆိုပါတော့ အရင်မင်းဆိုးမင်းညစ်လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လူဖြူလူမည်းခွဲခြားတဲ့ကာလတုန်းက တာဝန်ထမ်းခဲ့တဲ့ တရားသူကြီးတွေ၊ သူတို့ကို ဘယ်လို စီမံကြမလဲ။ အရပ်ဘက်ဝန်ထမ်းလောကကနေ သူတို့ကို အပြီးအပိုင် အနားပေးလိုက်ပြီး လူသစ်တွေနဲ့အစားထိုးမလား။ ဒါမှမဟုတ် အစိုးရအသစ်လက်ထက်မှာ လိုအပ်လာမယ့် ကျွမ်းကျင်မှုတွေ အရည်အချင်းတွေ သူတို့မှာရှိနေတာကြောင့်မို့လို့ကိုပဲ သူတို့ကို ဆက်ခန့်ထားပြီး ခေါ်သွားမလား။
အပိုင်း (၃) ဆက်ရန်
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။