Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဘာများ ရခဲ့လို့လဲ မခင်ထွေးရီ (Poem)

ဘာများ ရခဲ့ဖူးလို့လဲ .....

 

ဘာတစ်ခုမှ မရခဲ့ကတည်းက

 ဘာဆုမှလည်း ထပ်မတောင်းဖြစ်တော့ပါဘူး

 

သက္ကရာဇ်တစ်ခုရဲ့ ဝါးမြိုခြင်းကိုခံလိုက်ရတဲ့၊

လူငယ့်မနက်ခင်းတွေပေါ်မှာ၊

ကျွန်တော်တို့ လူငယ်တွေ

တလူးလူး လွင့်ထွက်သွားကြတာကလွဲလို့

ကျွန်တော်တို့ ဘာများ ရလိုက်လို့လဲ။

 

သွေးသံတရဲရဲနဲ့

ဘေးအံဆွဲကို ဆွဲဖွင့်လိုက်တော့ အထဲမှာက ဗလာ၊

ကဲပါဗျာ....

ဘာမှ မရလိုက်တာကို

ဘာမှ မလိုချင်တော့တဲ့ နွေရာသီကတော့

ဘာမှလည်း ဆုံးရှုံးစရာ ထပ်မရှိတော့ပါဘူး၊

 

တက္ကသိုလ် မျက်နှာစာက နေရောင်ခြည်အကြောင်း၊

အိပ်မက်ထထ ယောင်တတ်တဲ့ကောင်လည်း

တောထဲတောင်ထဲမှာ ဘာရလိုက်လို့လဲ၊

ခြေတစ်ဖက် ပြတ်သွားတော့

သူ့ခမျာ အနေခက်သွားတာပဲ ရှိတယ်၊

 

ကျွန်တော်တို့ လူငယ်တွေ ဘာရလိုက်လို့လဲ

မခင်ထွေးရီ၊

လူငယ်တွေ ဘာမှ မရလိုက်သလို

တခြား ဘယ်သူမှလည်း ဘာမှ မရလိုက်ကြပါဘူး၊

ကျွန်တော်လည်း မရလိုက်ဘူးပေါ့၊

မခင်ထွေးရီကို မရလိုက်ဘူး၊

မခင်ထွေးရီ အသွေးအသားကို မရလိုက်ဘူး၊

လ္ဘက်ရည်ဆိုင်ထဲက အာပေါင်အာရင်းသန်သန်နဲ့ ကဗျာတွေ မရလိုက်ဘူး၊

ဘာမှသာ မရလိုက်တာ

ပေးလိုက်ရတာတွေတော့ အများသား မခင်တွေးရီရ၊

ကျွန်တော့် လူငယ်ဘ၀ ပေးလိုက်ရတယ်၊

ကျွန်တော့် သူငယ်ချင်း နှစ်ယောက် ပေးလိုက်ရတယ်၊

ကျွန်တော့် အနာဂတ် ပေးလိုက်ရတယ်၊

ကျွန်တော့် အိပ်မက်တွေလည်း ပေးလိုက်ရတယ်၊

ပြာဖြစ်သွားတဲ့ မနက်ခင်းထဲမှာ

ပြာဖြစ်နေတဲ့ အိမ်‌တိုင်တွေကလွဲလို့

ကျွန်တော်တို့ ရလိုက်တာ ဘာရှိလို့လဲ။

 

ကျွန်တော်တို့ လိုချင်ပါတယ် မခင်ထွေးရီ

ကျွန်တော် မရလိုက်တဲ့ လူငယ့် အခွင့်အရေးတွေကို

နှောင်းလူငယ်တွေအတွက် ရချင်တယ်၊

နိုင်ငံတော် စစ်စစ် ရချင်တယ်၊

လွှတ်လပ်ရေး စစ်စစ်နဲ့

အစိုးရစစ်စစ် ရချင်တယ်၊ 

အချစ်စစ်လည်း ရချင်ပါတယ် မခင်ထွေးရီ၊

 

ခုတော့

ဘာများရသေးလို့လဲ မခင်ထွေးရီရယ်၊

 

ဘုရားတွေကိုတော့ အားနာပါတယ်

တရားမနာဘဲ နိဗ္ဗာန်အကြောင်းပြောရင်

ခင်ဗျားတို့ ရယ်ကြမလား၊

ဘာတစ်ခုမှ မရခဲ့ကတည်းက

ကျွန်တော်တော့...

ဘာဆုမှလည်း ထပ်မတောင်းဖြစ်တော့ပါဘူး

ရနိုင်သေးရင် တစ်ခုခုတော့ ရခဲ့ချင်ပါတယ်။

~~~~

ရိုးနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။