ကျနော်ထားခဲ့တာက အိမ်ဖြစ်ပြီး
ကျနော်သွားခဲ့တာက တိမ် ဖြစ်ပါတယ်
ရိုးတံကျဲရာသီဥတုတစ်ခုပေါ်က သွေးမျက်ရည်တွေ
ကျနော်တို့ ရွက်နု၊ ရွက်သစ်တွေပေါ်
အမျိုးမျိုးရွာသွန်းချနေတာကို
မခင်ထွေးရီ မြင်ပါရဲ့လား၊
မခင်ထွေးရီ ကြားပါရဲ့လား၊
ငှက်ကလေးတွေ တေးမသီတော့တဲ့မနက်ခင်းတွေကို
သာယာပါတယ်လို့ ထပ်မညာပါနဲ့တော့ဗျာ
ဟိုတစ်ခါ ကျနော်ပြောခဲ့ဖူးသလိုပဲ
ဒါဟာ ကမ္ဘာမဟုတ်ဘူး
ဒါဟာ ငရဲပဲ မခင်ထွေးရီ၊
ဒါဟာ ငရဲပဲ၊
လက်ကျန် သက္ကရာဇ်တွေမှာ
မခင်ထွေးရီကိုဖြစ်ဖြစ်၊
မခင်ထွေးရီ အပြုံးနဲ့ ဇရာကိုဖြစ်ဖြစ် ရချင်ပါတယ်၊
ဒါပေမယ့်လည်း မခင်ထွေးရီရယ်
ကျနော် မက်မက်မောမောလိုချင်နေပြီဆိုရင်
မရလိုက်တာက များတော့လည်း
လိုချင်ပါတယ်လို့လည်း အော်မပြောရဲပါဘူး၊
ကဗျာဆရာနဲ့ကဗျာတွေ၊
နိုင်ငံတော်နဲ့ဒီမိုကရေစီ
တစ်ခုခုတော့ ကျနော်အပိုင်ရခဲ့ချင်သားပဲ၊
ကျနော်တကယ် အပိုင်ရချင်ပါတယ်ဗျာ
သံတရာတစ်ခုလုံး လွမ်းကျန်ရမယ့်
အလွမ်းဇာတ်ဆွေးဆွေးတွေနဲ့တော့
ဝေးချင်ပါတယ် မခင်ထွေးရီရေ...
ရင်ဘတ်ကို စုံထုလို့ ထွက်လာတဲ့အသံကို
ကျောင်းခေါင်းလောင်းထိုးသံလို့ပြောရင်
ဘယ်သူယုံမှာလည်း မခင်ထွေးရီရဲ့
ကျနော့်ညီမ
ညီမလေးမြသီတာ အဲ့ဒီနေရာမှာ စာသင်နေပေါ့၊
ကျောင်းခေါင်းလောင်း ထိုးနေပေါ့၊
ကတုတ်ကျင်းတူးနေပေါ့ ၊
စာအံသံတွေကြားထဲက လေယာဉ်သံကို နားထောင်တတ်နေပေါ့၊
ခေတ်ကြီးအကြောင်းပြောရရင်
ဘယ်နေရာကစပြီး ဇာတ်အိမ်တည်ကြမလည်း မခင်ထွေးရီ၊
ကျနော်တော့ ကျနော့်ကိုမမွေးခင်၊
နောက် ကျနော့်ကိုမွေးပြီး ၊
ဘယ်နေရာမှာမှ လွမ်းစရာဇာတ်၀င်ခန်းလွှတ်တယ်လို့ မကြားမိဘူး၊
မခင်ထွေးရီနဲ့ဝေးရ၊
မခင်ထွေးရီကြောင့်ဆွေးရနဲ့
ကဲ ဘယ်မှာလည်း ပျော်စရာ.....
မခင်ထွေးရီရဲ့ ဆံမြိတ်စတွေကစပြီး
နေကွယ်သွားလိုက်တာဗျာ
နိုင်ငံတော်ညနေခင်းတွေကိုတောင်ရောက်ပေါ့၊
ချွေးနဲ့သွေးတွေ မြေပေါ်မှာ အရည်ပျော်ကျတာကလွဲလို့
ပျော်စရာဆိုတာ ဘာမှမရှိ၊
ဘာမှမရှိဘူးဆိုတာကလည်း
ဘာမှ မရလိုက်တဲ့ လူငယ်တစ်ယောက်လိုပေါ့၊
ဒါဟာ...
ဆိတ်သုန်းသွားတဲ့ ရွက်ခြောက်အိပ်မက်တွေပေါ်ကို
မခင်ထွေးရီ အပြုံးတစုံတရာအတွက်
မျော့်လင့်တဲ့စကားလို့ပြောရင် ခင်ဗျား ယုံမလား၊
ဘုရားပန်းကပ်ဖို့ ဘုရားမရောက်ခင်
ဘုရားကို ကျနော်တို့ အရင်ရှာနေရတယ် မခင်ထွေးရီရေ
ပြာပုံစစ်သလင်းထဲမှာ အိပ်ပျော်နေတဲ့အညာရာသီတုတွေက
ကျနော်တို့ မနက်စာတွေပေါ် ခုန်တက်လာနေပါပေါ့၊
သွေးညှီနံ့ကလွဲရင် လေညှင်းက အရင်လိုတဝှူးဝှူးမြူးပြနေဆဲပါပဲ၊
ဒါကို ကမ္ဘာလို့ မခင်ထွေးရီပြောရင်
ကျနော်ငြင်းတယ် ဒါဟာ ကမ္ဘာမဟုတ်ဘူး
ဒါဟာ ငရဲ
ဒါဟာငရဲ မခင်ထွေးရီ
ဒါဟာ ငရဲခန်းတစ်ခုပါပဲဗျာ .....။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။