Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဝှဲချီးဆင်ယင် လူစဉ်မမီကြင်စိုးရဲ့ ဘိသိက်သဘင် (ပုံပြင်) (Satire)

ဟိုး မရှေးမနှောင်း လတ်တလောတုန်းကပေါ့ကွယ် .. လက်တွေ့မပါ အာဘဲချောင်ပြီး၊ အချင်းချင်း မညီညွတ်ကြ ပူညံပူညံရှိလှတဲ့ “အာမညီညံ” ပြည်ထောင်သမဂ္ဂကြီးမှာ “ချာရာဏသီ” ဆိုတဲ့ ပြည်ထောင် တစ်ခုရှိသတဲ့။ အဲ .. အရည်အချင်းမရှိ စိတ်ဓာတ်တွေကနုံချာ၊ ပေါက်တတ်ကရစီမံခန့်ခွဲနေတဲ့ အဆံချောင် အာဏာရူး စစ်ဝါဒီမင်းတွေ အဆက်ဆက်အုပ်ချုပ်နေလေတော့ တိုင်းပြည်နဲ့ ပြည်သူပြည်သားအပေါင်းလဲ အင်မတန်ဆင်းရဲပြီး နုံချာစုတ်ပြတ်မှုအပေါင်း သရဖူဆောင်းနေလို့ “ချာရာဏသီ” လို့ အမည်တွင်သတဲ့ ..။

 

ချာရာဏသီရဲ့ မင်းဆက်များစွာထဲကမှ အနုံချာဆုံးမင်းဖြစ်တဲ့ လူစဉ်မမီကြင်စိုး မင်းကြီး အတင်းကာ ရော အုပ်ချုပ်မင်းလုပ်နေတဲ့အခါပေါ့ကွယ်။ အဲဒီမင်းကြီးကလဲ ဘွဲ့အမည်နဲ့လိုက်အောင် အရပ်ကလဲ လူစဉ်မမီ၊ အတွေးအခေါ် ဉာဏ်ပညာကလဲ လူစဉ်မမီ၊ ရုပ်ကြည့်တော့လဲ ကျပ်မပြည့်တဲ့ရုပ်၊ မျက်လုံးက တောင်တစ်လုံး မြောက်တစ်လုံး ဘယ်လိုကြည့်ကြည့် ကျက်သရေဆိုလို့ မူးလို့တောင်ရှူစရာမရှိတဲ့ရုပ်..။ မျက်လုံးကစွေစွေ၊ ဘော်ဒီကဖရိမ်စောင်း၊ လျှာကိုနေပူမစိုးလို့ အဖီချထားတဲ့သွားအလှပိုင်ရှင် မိဘုရားချောင်ကြီး ခေါခေါလှရဲ့ ရှေ့မို့ ဇွတ်ကျားပြီး အုပ်ချုပ်မင်းလုပ်ရပေမယ့် ဘယ်တိုင်းသူပြည်သားမှမကြည်ညို။ အဲ .. သူ့အမတ်မင်း၊ ဝန်မင်းတွေဆိုတာကလဲ သူစိတ်ကြိုက်ဆရာကြီးလုပ်လို့ရအောင် သူခိုင်းတာလုပ်ပေး၊ ဘာမှပြန်ပြော ထောက်ပြနိုင်မယ့်ဉာဏ်ရည်မရှိတဲ့ ကျွန်တွေကို ခန့်ထားသတဲ့ ။

 

တစ်နေ့တော့ ညီလာခံမှာ ဒီလောက်ငါ့ကို မလေးစားတဲ့ပြည်သူတွေ ငါ့ကိုကြည်ညိုလာအောင် “ဘိသိက်သဘင်” ကျင်းပရမယ်လို့ အခါတော်ပေး ဝဇိငုံဆြာတော်ကြီးက အမိန့်ရှိတယ် .. ဒီတော့ အဲဒီဘိသိက် သဘင်မှာ ငါကိုယ်တော်ကျပ်မပြည့် အဲလေ .. ငါကိုယ်တော်မြတ် ဆင်မြန်းဘို့ဝတ်စုံတွေကို အထည်ယက်တဲ့ ရွာကပြည်သူတွေ ဆက်သရမယ်လို့ အမိန့်တော်မှတ်သတဲ့။ စိတ်ထဲမှာတော့ တင်မောင်ဆန်းမင်းဝင်းတို့ ရန်အောင်တို့လို ပွဲကနေစဉ်မှာ ဝတ်စုံတွေ တစ်စုံပြီးတစ်စုံလဲဝတ်ပြီး အလန်းဇယားလုပ်ရမယ်လို့ ပေါတော တောတွေးနေသတဲ့။ အဲဒီအတွေးတွေနဲ့ဘဲ စိတ်ထဲမှာ ဝတ်ချင်စားချင်တဲ့စိတ်က မရိုးမရွဖြစ်လာပြီး ကြည့်ချင် လာတာနဲ့ ငါကိုယ်တော် အထည်ယက်တဲ့ရွာတွေဘက် တိုင်းခန်းလှည့်လည်တော်မူမယ် .. စစ်သူကြီးများ မြေပြင်ဝေဟင်က နှောင့်ယှက်မယ့် ပီဒက်တွေ မကပ်ရဲအောင် ပြင်ထားကြလို့ မိန့်တော်မူသတဲ့။

 

ဒီလိုနဲ့ အထည်ယက်တဲ့ရွာဘက်ကို လားကြီးစီးပြီး တိုင်းခန်းလှည့်လည်လာတဲ့ လူစဉ်မမီကြင်စိုး မင်းကြီးကို အထည်ယက်တဲ့အိမ်တွေက သူတို့ယက်ထားတဲ့ လှပေ့ဆန်းပေ့ဆိုတဲ့ ဝတ်စုံတွေကို ဆက်သကြ သတဲ့။ အဲဒီအခါမှာ တစ်အိမ်က ထွက်ပြီးဆက်သဘို့ ပျက်ကွက်နေတာတွေ့တော့ ကြင်စိုးမင်းကြီး ဒေါသူပုန် ထပြီး သူ့ရဲ့စစ်သူကြီးကို “အဲဒီအိမ်ရှင်ကို အခုချက်ချင်း ရှေ့တော်သွင်းစေ”လို့ မိန့်သတဲ့။ ဒါနဲ့ မောက်တို မောက်ရှည်များကလဲ မျက်နှာရအောင် နောက်ကသူတို့သခင်ကြီး အခိုင်းတော်ရှိတာထက် ကြက်တူရွေးက တော်တော် မယ်ဘော်ကကဲကဲဆိုတဲ့အတိုင်း အိမ်ရှင်မိန်းမကို ရိုက်ပုတ်နှိပ်စက်၊ အိမ်ထဲမှာရှိတဲ့ ရသမျှပစ္စည်း လေးတွေ အလစ်သုတ်ရင်း ရှေ့တော်မှောက်ကို သွင်းကြသတဲ့။

 

လူစဉ်မမီကြင်စိုးမင်းကြီးက ဒေါသအမျက်ချောင်းချောင်းထွက်လျက် -

 

“မယ်မင်း .. ငါကိုယ်တော်မြတ် တိုင်းခန်းလှည့်လည်တာကို မသိလေရော့သလား .. ဒါမှမဟုတ် ငါ့ကို ပမာမခန့်ပြုလေသလား” လို့ လားကြီးပေါ်က လက်ညှိုးငေါက်ငေါက်ထိုးပြီး မေးလေသတဲ့။ အိမ်ရှင်မိန်းမလဲ နဂိုကတည်းက တစ်စက်မှကြည်ညိုလို့မရ ကျက်သရေမရှိလှတဲ့ မတရားမင်းကြီး .. အဲလေ .. မင်းတြားကြီးမို့ ပါလာတဲ့ထန်းခေါက်ဖာလေးကိုပိုက် မျက်လွှာလေးချရင်းကနေ -

 

“မှန်လှပါ ဘုရားကျွန်တော်မျိုးမ .. ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်ရိုက်နေလို့ .. အဲလေ .. အရှင် မင်းကြီးဘို့ တန်ဘိုးကြီးလှတဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဝတ်စုံကို နုဂျီ အဲလေ နတ်တွေနဲ့တိုင်ပင်ပြီး ဖန်တီးချုပ်လုပ်နေရလို့ မင်းကြီးလာတာကို မသိလို့ မခစားရကြောင်းပါ”

 

လို့ပြန်ဖြေသတဲ့။ လူစဉ်မမီလဲ “နတ်ဝတ်ပုဆိုး တိမ်မီးခိုး” ဆိုတဲ့ ဝတ်စုံကို အရမ်းစိတ်ဝင်စားသွားပြီး လိုချင် ဇောငန်းငန်းတက်လျက် “အခု အဲဒီဝတ်စုံပါလား .. ပါရင် ငါကိုယ်တော်မြတ်ကို ဆက်သစေ” လို့ မိန့်သတဲ့။ ဒါ နဲ့ အိမ်ရှင်မိန်းမလဲ ထန်းခေါက်ဖာလေးကိုဖွင့် လက်နှစ်ဖက်နဲ့ အသာအယာထုတ်ယူပြီး ဆက်သလေသတဲ့။ အဲ ဒီအခါ လက်ထဲမှာဘာမှမပါတာကို မြင်ရတော့ လူစဉ်မမီမင်းကြီးလဲ စိတ်ဆိုးမာန်ဆိုးနဲ့ -

 

“သယ် .. ရာရာစစ လက်ထဲမှာဗလာနဲ့ ငါ့ကို မယ်မင်း နောက်ပြောင်ရဲသလား” လို့ မေးတော့ အိမ်ရှင် မိန်းမလဲ “မှန်လှပါ .. နတ်တွေနဲ့ဖန်ဆင်းထားတဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဝတ်စုံဖြစ်တဲ့အတွက် ဘုန်းတန်ခိုး ရှိတဲ့သူတွေသာ မြင်နိုင်ပါဘုရား” လို့ လျှောက်တင်သတဲ့။ ဒီတော့ လူစဉ်မမီမင်းကြီးလဲ သူ့ကိုယ်သူ စကြဝတေး မင်းကြီးအလား ဘုန်းတန်ခိုးရှိသယောင် ချက်ချင်းဟန်ဆောင်လိုက်ပြီး “အမယ်မင်း လှလိုက်တဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုးလေးပါလား ကွယ်ရို့ .. ဟဲ့ အမတ်မင်းတို့ ဝန်မင်းတို့ ကြည့်ကြစမ်းပါအုံး” လို့ မိန့်တော်မူသတဲ့။ နောက်ကပါလာတဲ့ အမတ်တွေ ဝန်တွေလဲ နဂိုကမှ အရည်အချင်းညံ့ဖျင်းရတဲ့အထဲ ဘုန်းတန်ခိုးမရှိဘူးလို့ အထင်ခံရမှာစိုးတာနဲ့ အင်မတိအင်မတန် လှပတော်မူကြောင်း အရှင်မင်းကြီးနဲ့ လိုက်ဖက်တော်မူကြောင်းပါ ဖျား” လို့ လျှောက်တင်ကြသတဲ့။

 

အဲဒီအခါ တစ်စခန်းထလာတဲ့ အိမ်ရှေ့ဥပရာဇာ လ္ဘက်ခြောက်ကိုယ်တော်ကြီးက “မှန်လှပါ အရှင် ဘုရား တပည့်တော်တို့ ညီနောင်နှစ်ပါး တကြိတ်ထဲ တဉာဏ်ထဲ အတူတူညစ်ပတ်လာခဲ့ကြ ဘုန်းခဲ့ဘတ်ခဲ့ကြ တာချင်းအတူတူ ညီတော့်မှာလဲ ဘုန်းတန်ခိုးရှိကြောင်းပြရအောင် အဲဒီ နတ်ဝတ်ပုဆိုး တိမ်မီးခိုးတစ်စုံ စွန့်တော်မူပါ အရှင်မင်းကြီး” လို့ တောင်းပန်လျှောက်တင်သတဲ့။ အဲဒီအချိန် နောက်တော်ပါးက ကျပ်မပြည့် ယောင်ရွှီး ဇော်မဲ လုံးကလဲ “ဘုရားကျွန်တော်မျိုးမှာ အရှင်မင်းကြီးအတွက် မဟုတ်တမ်းတရားတွေပြောပြော ပြီး ဇာတ်တိုက်ထားတဲ့အဖွဲ့တွေနဲ့ သတင်းစာရှင်းလင်းပွဲ ကရလွန်းလို့ ပါးစပ်က အာပုပ်စော်နံအောင် အမှု တော်ထမ်းရတဲ့အတွက် ဝတ်စုံတစ်စုံချီးမြှင့်သင့်ကြောင်းပါ အရှင်မင်းကြီး” လို့ လူနောက်နားကကွယ်ရင်း လျှောက်သတဲ့။ ဒါနဲ့ လူစဉ်မမီမင်းကြီးလဲ ပြုံးတော်မူပြီး “ဟဲ့ဇော်မဲလုံး .. နင်က နဂိုကမှ အသားကမဲပါတယ်ဆို လူကွယ်ပြီးလျှောက် တင်တော့ အသံသာကြားရ လူမမြင်ရဘူးကွယ့် .. ငါ့ ငယ်ကျွန်ကြီး တာဝန်ကျေသမို့ တစ်စုံချီးမြှင့်မယ်ကွယ်” ဆိုပြီး လ္ဘက်ခြောက်နဲ့ ဇော်မဲလုံးတို့ကို နတ်ဝတ်ပုဆိုး တိမ်မီးခိုးတစ်စုံစီ ချီးမြှင့်ပြီး နောက် “အေး ဘိသိက်ပွဲကျရင် ငါတို့သုံးယောက် ဆင်တူဖက်ရှင်ဝတ်မကွဲ့နော်” လို့ ညှိလိုက်သတဲ့။

 

ဒီလိုနဲ့ လူစဉ်မမီ ကြင်စိုးမင်းတြားကြီးရဲ့ ဘိသိက်ပွဲသဘင်ကြီး ဝှဲချီးဆင်ယင် ကျင်းပပါလေရောတဲ့။ အဲဒီပွဲသဘင်ကြီးမှာ ငါးထောင်စားပရိတ်သတ်တွေရဲ့ ဆဲရေးတိုင်းထွာသံတွေ၊ အချင်းချင်းရန်ဖြစ်ကြသံတွေ၊ အဝေမတည့်လို့ထိုးကြကြိတ်ကြတဲ့ အသံတွေနဲ့ စည်ကားလို့နေလေသတဲ့။ ဘိသိက်ခံပွဲစင်အလယ်က သလွန် ညောင်စောင်းထက်မှာတော့ လူစဉ်မမီကြင်စိုးမင်းကြီးဟာ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကြီး ဆင်မြန်းလို့ တစ်ပါး တည်းထိုင်နေတော်မူသတဲ့။ တစ်ဆင့်နိမ့်တဲ့ သလွန်ပေါ်မှာတော့ မိဘုရားခေါင်ကြီး ဖရိမ်စောင်း ခေါခေါလှက သူ့ကိုတစ်ဆင့်နှိမ့်ရမလားလို့ မကျေမနပ် စူပုပ်တဲ့မျက်နှာကြီးနဲ့ထိုင်နေရရှာသတဲ့။ မလှမ်းမကမ်းမှာတော့ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို မင်းကြီးနဲ့အတူ ဝတ်ခွင့်ရလို့ မှိုရတဲ့မျက်နှာနဲ့ ပျော်နေတဲ့ လ္ဘက်ခြောက်ကိုယ်တော် ကြီးနဲ့ ကျပ်မပြည့်ယောင်ရွှီး ဇော်မဲလုံးတို့ကလဲ ပျော်တပြုံးပြုံးဖြစ်နေသတဲ့။

 

တအောင့်ကြာတော့ ဘိသိက်သွန်းလောင်းပေးမယ့် အခါတော်ပေး ဝဇိငုံဆြာတော်ကြီးလဲ ဟူးရားညို ဟူးရားဖြူတို့ ခြံရံလျက် ရောက်လာသတဲ့။ ဝဇိငုံကြီးလဲ လူစဉ်မမီ ထိုင်နေပုံကို အကဲခတ်ရင်း “အင်း .. သူတို့ နှစ်ယောက် အတူထိုင်ပုံမဟုတ်တော့ မင်္ဂလာဘိသိက်တော့ လုပ်လို့မရဘူး .. ရှင်လောင်းလို ဘိသိက်သွန်းရ မလား” လို့ တွေးမိပြီး ကျုံ့ကျုံ့လေးထိုင်နေတဲ့ လူစဉ်မမီကို လှမ်းကြည့်တဲ့အခါ ဖွားဘက်တော် ထညက် နှစ်လုံးနဲ့ သူငယ်စာငှက်ပျောသီးတစ်လုံးကလဲ ပေါင်ကြားမှာညပ်နေတော့ မမြင်ရဘူးတဲ့။ ဒါနဲ့ ဝဇိငုံလဲ “သိပြီ ဒါဆို နားသမင်္ဂလာဘဲလုပ်ရမယ်” လို့တွေးမိပြီး နားနှစ်ဖက်ကိုဖောက် နားကပ်တပ်ပေးရင်း “အောင်ပြီ အောင်ပြီ အောင်ပြီ” လို့ အော်သတဲ့။ 

 

လူစဉ်မမီကြင်စိုးလဲ ပျော်လွန်းလို့ အိုဗာဂန်းနက်စတိုင်နဲ့ “လူစဉ်မမီဂန်းနက်” လို့ အော်ရင်း ထ’က လေသတဲ့။ ဘာရမလဲ ဝတ်စုံအတူဝတ်စေချင်တာ ဒီလိုအကွက်တွေရှိလို့ဖြစ်ရမယ်လို့ ချက်ဆိုဗိုက်ကပ်နေတဲ့ လ္ဘက်ခြောက်နဲ့ ကျပ်မပြည့်ယောင်ရွှီး ဇော်မဲလုံးတို့လဲ ထ’ကကြလေသတဲ့။ ကိုယ်လုံးတီးဗလာ ထညက်နှစ်လုံး သူငယ်စာငှက်ပျောသီး တရမ်းရမ်းနဲ့ကနေကြတဲ့ လူစဉ်မမီ ကျပ်မပြည့်သူသုံးဦးကို အမတ်မင်း ဝန်မင်းများ ကလဲ ဘုန်းတန်ခိုးရှိလို့ ဝတ်စုံကိုမြင်ရသယောင်ယောင် လက်ခုပ်တီး အားပေးကြသတဲ့ကွယ် ..။ စင်အောက် ဖက် ငါးထောင်စားများကလဲ အောက်မှာ ထွေးလုံးသတ်ပုတ်ကြ ဘေးကအားပေးကြနဲ့ စင်ပေါ်စင်အောက် အပြိုင်ကြဲနေကြသတဲ့။ အခါတော်ပေး ဝဇိငုံဆြာတော်ကြီးက ဝှဲချီးဆင်ယင်ကျင်းပနေတဲ့ လူစဉ်မမီကြင်စိုး မင်းကြီးရဲ့ ဘိသိက်သဘင်ကို ကြည့်ရင်း “အဲလို အူကြောင်ကြား ကျပ်မပြည့်တဲ့ကောင်တွေများမှ ငါတန်ခိုး ထွားပြီး စားပေါက်ချောင်မှာ” လို့ တွေးရင်း ခပ်လှမ်းလှမ်းမှာရှိတဲ့ ဂူကြီးနဲ့ ဂိန်ဂိန်ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့် လိုက်လေသတဲ့ကွယ်။

 

ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ..။

ဆရာခီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။