ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ယခု ၂၀၂၂ ခုနှစ်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားကို မြန်မာစစ်ခေါင်းဆောင် မအလတက်ရောက်ပါတယ်။
မြန်မာနိုင်ငံကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ သက်ဆိုင်သူအားလုံးကို ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း ပြော ကြားသွားပါတယ်။ ဒါ့အပြင် ၂၀၀၈ ခြေ/ဥ အရ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး လူအခွင့်အရေး ချိုးဖောက်တာတွေကို ကာကွယ်ထိန်းသိမ်းခြင်းနဲ့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါကြောင်းလည်း သူက ပြောကြားသွားခဲ့ပါတယ်။
ဒီသတင်းအကြောင်းကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အမှတ်မထင် တွေ့လိုက်ဖတ်လိုက်ရတော့ ပီတာဂလန့်စိတ်ထဲ ဖျဥ်းခနဲ ဖြစ်သွားပါတယ်။ တစ်တိုင်းပြည်လုံးကို ပြာကျအောင်ပြု၊ လူ့အဓိပ္ပာယ်ကို ရစရာမရှိအောင်ပြုနေသူက ဖာကျတဲ့စကား ပြောထွက်တာမို့ မအလသောက်ခွက်သာ အနားမှာ အလွယ်တကူ ရှိနေရင် ဘယ်ပြန်ညာပြန် ဖြတ်ရိုက်ပြီး "နင့်ပါးစပ်က ထွက်ရမယ့် စကားလား" လို့ မေးလည်းမေး၊ ရိုက်လည်းရိုက်ဆိုသလို မေးရိုက်လိုက်ချင်ပါရဲ့။ လူကြားလို့မှ မတော်၊ မတန်မရာ ခွေးပါးစပ်က နတ်စကား ထွက်သည့်နှယ်ပါပဲ။
အင်း အကြောင်းတိုက်ဆိုင်လာတော့ သူတို့ကိုယ်သူတို့ ခွေးမှန်းသိတဲ့အကြောင်းလေး ကြားညှပ်ပြီး ကြော်ငြာဝင်ထိုးပေးဖို့ ပီတာဂလန့် သတိရလိုက်ပါရဲ့။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ fbမိတ်ဆွေတစ်ယောက်က သူ တီဗီကြည့်မိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ရေးတင်ထားတယ်။ အဲသဟာလေးကို ပီတာဂလန့်မှာ သဘောတွေခွေ့ပြီး ပြန်ဖောက်သယ်ချင်စိတ်က ပြင်းပြနေလို့နေပါတယ်။ ဒီလိုခင်ဗျ ...
တစ်ရက်သားမှာ ပီတာဂလန့်ရဲ့ မိတ်ဆွေကြီးဟာ သူ့အိမ်ရှိ တီဗီကို မီးလာသည့်အခိုက်နဲ့လည်း ကြုံကြိုက်နေတာကြောင့် ဖွင့်ကြည့်မိပါသတဲ့။ မအလ ရူးကြောင်ကြောင်ပြောပြောနေတတ်တဲ့ လျှပ်စစ်ရထား၊ လျှပ်စစ်ကားများကို သူသူကိုယ်ကိုယ် အိပ်မက်ထဲမျှပင် ထည့်မက်ကာ မစီးဖူးသေးသော်ငြား လည်း တစ်နေ့တစ်ခါ အလှည့်ကျ မျက်နှာလာလာပြတတ်တဲ့ လျှပ်စစ်မီးကိုတော့ဖြင့် လာတုန်းလာခိုက် အမိအရ အသုံးချကြဖို့ကြိုးစားကြသူတွေချည်း ဖြစ်မှာ မလွဲပါ။ တီဗီက ဇာတ်လမ်းစီးရီးတစ်ခု လာနေသတဲ့။ ဇာတ်လမ်းကို စိတ်ဝင်စားတာ မဟုတ်ဘဲ ပါတဲ့ ဇာတ်ကောင်တွေရဲ့ ပြောစကားတွေက တစ်ချက် တစ်ချက် ထစ်အ ထစ်အ ဖြစ်သွားတာကို သွားစိတ်ဝင်စားမိတယ်။ "ဟဲ့ ဖိုး..." ဇာတ်ကောင်နာမည် ခေါ်သံက အပြည့်အစုံ ထွက်မလာဘူး။ လမ်းမှာ အသံပျောက်သွားပြီး ဆက်ပြောတဲ့ အကြောင်းအရာစကားသံပဲ ဆက်လိုက်လာသတဲ့။ တစ်နေရာမှာ အမေဖြစ်သူက သူ့သမီးအခန်းမှာ တဂျစ်ဂျစ် အသံတွေ ထွက်နေလို့ တံခါးလာခေါက်ပြီး မေးတယ်။ "သမီးအခန်းထဲ ဘာလုပ်နေတာလဲ၊ တဂျစ်ဂျစ်နဲ့" ဆိုပြီး မေးတယ်။ ဒီတော့ သမီးဖြစ်သူက အခန်းထဲကနေ ပြန်ပြောတယ်။ "ဘာမှမဟုတ်ဘူး၊ အမေ ဒီမှာ ...လေး ဘီရိုကို ကုတ်ခြစ်နေတာ" လို့။ အဲသမှာလည်း စကားလုံးတစ်လုံးကို ဖျက်ထားတယ်။ ဒီတော့မှ ပီတာဂလန့်ရဲ့ fbမိတ်ဆွေကြီးလည်း တီဗီဇာတ်လမ်းက အပြောနဲ့အပြကို ချိတ်ဆက်မိပြီး လိုက်ဖျက် ထားတဲ့ စကားလုံးဟာ "ခွေး" ဟူသော စကားလုံးဖြစ်ကြောင်း အဓိပ္ပာယ် ဖော်လို့ရခဲ့ပါသတဲ့။ ယောက်ျားလေးဇာတ်ကောင်နာမည် အဖျားဆွတ်ခေါ်တာကိုလည်း "ဖိုးခွေး" လို့ ဖော်ထုတ်၍ ရရှိပါကြောင်းတဲ့ ခင်ဗျာ။ “ခွေး”ဟူသည့်စကားရပ်ဟာ သူတို့ကိုခေါ်ကြောင်း အသံမျှဖြင့်ပင် မကြားဝံ့သူတွေရဲ့ အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါနာစေအောင် ဖြစ်သွားပုံကို သိရတော့ ပီတာဂလန့်တစ်ယောက် သဘောတော်ခွေ့မိပါတယ်။ ဒီအကြောင်းကို ငွေမောင်းသံပရိသတ်ကြီးလည်း သိပြီး လက်ခုပ်လက်ဝါးတီးကာ ဘရာဗိုလုပ်ကြစေမယ်လို့ ယုံကြည်မိပါတယ်။
အဲဒီပို့စ်အောက်က ကွန်မန့်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတာကြောင့် ပီတာဂလန့်တစ်ယောက်တည်း ကျိတ်မခံစားဘဲ ပရိသတ်အများကို သာဓုခေါ်နိုင်အောင် မျှဝေလိုက်ချင်ပါသေးတယ်။ ဒီလိုဗျ...
တီဗီဇာတ်လမ်းတွေထဲက အချို့စကားပြောခန်းတွေမှာ "ငွေ ၃ သိန်းပေးစမ်းပါ" "ဒီနားက လူ ၃ ယောက်ဖြတ်သွားတယ်" စသဖြင့်ပေါ့ လက် ၃ ချောင်းထောင်ပြီး သရုပ်ဆောင်တာမျိုးပါသွားရင် ထောင်ထားတဲ့လက်ချောင်းတွေကို မှုန်ဝါးပစ်လိုက်တယ်တဲ့။ သြော် မအလနဲ့အပေါင်းပါတွေရယ်။ လက်သုံးချောင်းထောင် ဆန္ဒပြသူတွေကို သေနတ်နဲ့ ခေါင်းကိုချိန်ပစ်၊ ဖမ်းဆီးသတ်ဖြတ်၊ ထောင်ချထားဝံ့သူတွေဟာ လက်သုံးချောင်းထောင်ထားတဲ့ ပုံရိပ်တွေကိုတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် မြင်ရဲတဲ့သတ္တိမရှိကြပါဘူး။ သေးဖြန်းဖြန်းထွက်အောင် ကြောက်ရွံနေကြပုံပဲ။ ဒါပဲလေ၊ "ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့" ဆိုတဲ့ စကားလိုပါပဲ။ မှန်တာလုပ်သူနဲ့ မမှန်တာလုပ်သူဟာ ရေရှည်မှာ ကိုယ်ခံအားဟာ စကားပြောလာပြီ ဖြစ်ပါတယ်။ ဒါတောင် ခရုသင်းစွဲနေတဲ့ ဆင်ဖြူတွေကို နေ့တိုင်းကြည့်ရဲဖို့ ကျင့်ထားကြတဲ့ "ဆင်ဖြူများရှင်" တွေနော်။
ဒီတော့ ပီတာဂလန့်က ဘာတွေးမိသလဲဆိုရင် မကြာခင်မှာပဲ မအလဖက်ဆစ်မိစ္ဆာအုပ်စုဟာ ဗုန်းဗုန်းလဲကျတော့မယ် ဆိုတာပါပဲ။ ကျန်တဲ့ အောင်ပွဲဒီရေလို တရိပ်ရိပ်တက်နေတဲ့ နိုင်ငံရေးတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ အသာ ခဏထား။ ဘယ်တုန်းက ဘာအတွက် ဘယ်မှာ ပြောခဲ့ လုပ်ခဲ့မှန်းမသိတဲ့ အကြောင်းအရာတွေ၊ စကားလုံးတွေအပေါ်မှာတောင် ရင်မဆိုင်ဝံလောက်အောင် ကြောက်သေးပါနေကြဟာဖြင့် မြင်မကောင်းအောင်ပါပဲ။ ခွေးဆိုတာ သူတို့မိစ္ဆာအုပ်စုကို ရည်ညွှန်းမှန်းလည်း သိလို့ မကြားဝံ့။ “လွတ်လပ်ရမယ် ညီညွတ်ရမယ် တရားမျှတရမယ်” ဆို တဲ့ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတထောက်တိုင် လက်သုံးချောင်းရဲ့ အဓိပ္ပာယ်ကိုလည်း သိလို့ ရင်မဆိုင်ဝံ့ မမြင်ဝံ့ကြတာပါပဲ။ ဒါတွေကို မြင်နေရ၊ ကြားနေရတိုင်း ဖက်ဆစ်မိစ္ဆာအုပ်စုဟာ သူတို့အရှုံးကို သူတို့ သေသေချာချာ မြင်နေရပြီဖြစ်ကြောင်း သက်သေပြနေတာပဲလို့သာ ဆိုလိုက်ချင်ပါကြောင်း ပီတာဂလန့် အတွေးခြေဆန့်လိုက်မိပါတယ်။
ဒါ့အပြင် နောက်အရေးကြီးတာတစ်ချက်ကတော့ အပေါ်အစပိုင်းမှာ ပြောခဲ့တဲ့သတင်းလိုပေါ့ ခင်ဗျာ။ လူ့အခွင့်အရေးဟာ လူတွေနဲ့သာဆိုင်ပြီး ခွေးတွေနဲ့မဆိုင်ပေမဲ့ “ခွေး” ဟု ဆိုလျှင်တော့ဖြင့် ခွေးအခွင့်အရေးနဲ့အညီ ကာကွယ်ပိုင်ခွင့် ရှိမှာ ဖြစ်ပါကြောင်း၊ ပါးစပ်ထဲလည်း ထည့်ပြောခွင့် ရှိပါကြောင်း မအလဖက်ဆစ်မိစ္ဆာအုပ်စုကို အသိပေးလိုက်ပါတယ် ခင်ဗျား။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။