Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

"ဖရဲခင်းထဲ ဖရဲသီး ဖြဲရှာကြသူများ" (SATIRE)

သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတယ်ဆိုရင်ပဲ သာသြတစ်ယောက် ရီရမလိုလို ငိုရမလိုလို ဖြစ်သွားသဗျ။ ခဏခဏဆိုသလိုလည်း အဲလိုသတင်းတွေ ဖတ်ဖတ် နေရတယ်။ ဟုတ်မှဟုတ်ရဲ့လားလို့လည်း သံသယ ဝင်လာတယ်။ ဟုတ်တယ်လေ။ သူရို့ဟာရီးက ဖီးဆန့်စက်ဘီးတွေ ခေတ်ကောင်းတုန်းက ပုဆိုးခြေဖျားခတ် ဝတ်ထားတဲ့ ကောင်လေး ကိုယ့်ပုဆိုးစနဲ့ ကိုယ့်စက်ဘီး ငြိပြီး စက်ဘီးလဲကျတော့မလို ဖြစ်တဲ့ပုံစံမျိုး ဖြစ်နေကြတာ။ 

 

လူထူထူမှာ ပုဆိုးစနဲ့ စက်ဘီးခြေနင်းငြိတော့ ကြေးကြီးကြီး ပေးထားရတဲ့ ဖီးဆန့် စက်ဘီးအသစ်ကြီးကိုပဲ လွှတ်ချရနိုး၊ ပုဆိုးကိုပဲ ဆွဲဝတ်ရနိုး ဖြစ်နေတာလေ။ ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုပြီး စက်ဘီးကို လွှတ်ချပြီး ပုဆိုးကို ဆွဲဝတ်လိုက်ပြန်တော့ လက်နှစ်ဖက်က အပေါ်တစ်စ အောက်တစ်စ ဆွဲမိပြန်။ ဒီလိုဆိုတော့ အတွင်းခံမပါ ဘာမပါနဲ့  လူကြားသူကြား အရှက်ကို ကွဲရောပဲ။

 

အခုလည်း မအလရဲ့စကစတို့ လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ။

လျှို့ဝှက်ဆိုပြီး စကစတို့ ထုတ်ပြန်လိုက်တဲ့အမိန့် မှန်သမျှက အမြဲတမ်းလိုလို သတင်းဌာနတွေကို ရောက်၊ လူမှုကွန်ရက်ပေါ် ပလူပျံ။ ရောက်တာမှ ရုံးတံဆိပ်တွေ ဘာတွေနဲ့ကို ခန့်ခန့်ညားညားကြီး ရောက်လာတာဗျား။ မသိစေချင်လို့ ဖုံးဖုံးဖိဖိနဲ့ လျှို့ဝှက် လုပ်ပါတယ်ဆိုမှ သတင်းဌာနတွေက မူရင်းအတိုင်းသိ၊ လူမှုကွန်ရက်ပေါ်ကနေ လူတိုင်းဆီ ရောက်နေလို့ တရားဝင်ကြေညာ လိုက်ရတာလည်း အခါခါပါပဲ။

 

အခုလည်း ကြည့်ပါဦး။ စစ်ကိုင်းတိုင်း စစ်ကောင်စီက ထုတ်လိုက်တဲ့ လျှို့ဝှက်အမိန့်တဲ့။ တိုင်းအဆင့် အကြမ်းဖက် စစ်ကောင်စီဆိုတဲ့ဟာရီးက ဝန်ကြီးဌာနတွေထဲမှာ ပီဒီအက်ဖ်ကို သတင်းပေးနေတဲ့ ဝန်ထမ်းတွေကို ဒလန်အမည်တပ်ပြီး ရှင်းပစ်ရမယ်လို့ တိုးတိုးတိတ်တိတ် အမိန့်ထုတ် လိုက်ပြန်သတဲ့။ ဒီလို တော်လှန်ရေး သတင်းပေးဝန်ထမ်းတွေကို အများခေါ်ကြတာတော့ ဖရဲသီးတွေပေါ့။ အဲ့ဒီဖရဲသီးတွေကို ရှင်းဖို့ တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် ထုတ်လိုက်တဲ့ အမိန့်စာကြီးက ခုတော့ လူမှုကွန်ရက်တွေ၊ သတင်းဌာနတွေမှာ မမြင်ချင်မှ အဆုံး။

 

စကစတွေ လျှို့ဝှက်လိုက်ပုံများ ဘာနဲ့တူလဲဆို အငြိမ့်လူပြက်တွေ ပြက်လုံး ထုတ်သလိုမျိုးပေါ့။ လူပြက်တစ်ယောက်က နောက်တစ်ယောက်ကို  ငါ မင်းကို တိုးတိုး ပြောဦးမယ်ဆိုပြီး နားနားကို ကပ်ယောင်ပြု၊ ပြီးမှ မိုက်ကရို ဖုန်းနား ကပ်အော်လိုက်သလို ဖြစ်မနေဘူးလား။

 

ဒီလိုဆိုတော့ သာသဩတစ်ယောက် သံသယတောင် ဝင်မိပါတယ်။

သူတို့ စကစ တစ်ဖွဲ့လုံးကို အမှန်တကယ် ဖရဲသီးလုပ်နေတာဟာ မအလကြီး ကိုယ်တိုင်များ ဖြစ်နေမလားလို့လေ။ သတင်းဌာနတွေကို မအလကြီး ကိုယ်တိုင်ကများ သတင်းတွေ ပေးနေရော့သလား။ ဘောလုံးပွဲ ရှူံးနေတဲ့ အတူတူ မထူးဘူးဆိုတဲ့အတွေးနဲ့ ကိုယ့်လူ ကိုယ်ပြန်ချ။ ကိုယ့်ဂိုးပေါက် ကိုယ်ပြန်ရှူးသလိုပေါ့လေ။ ဘောလုံးသမားဘဝမှာ ကိုယ့်ဂိုး ကိုယ်ပြန်ရှူးပြီး ဂိုးသွင်း အများဆုံးဆု ရရင် ဂင်းနစ်မှတ်တမ်း ဝင်ချင်ဝင်မှာလို့များ မအလကြီးတစ်ယောက် စိတ်ရူးပေါက်ပြီး စဉ်းစားနေသလားပေါ့လေ။ 

 

“ထူးရင်ထူး၊ မထူးရင် ရူး”ဆိုတဲ့ မြန်မာစကားလည်း ရှိသား မဟုတ်လား။ 

မအလဆိုတဲ့ကောင်က သူ့ဘာသာ တိုင်းပြည်ကြီး တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နေတာကိုတောင် ငါလုပ်ရင် သူတို့ထက်သာမှာပဲ တွေးပြီး အရူးထလိုက်တာ တစ်တိုင်းပြည်လုံး ငါးပါးတင်မက သံဃာစင်ပါ မှောက်သွားရော မဟုတ်လား။ အခုလည်း ပီဒီအက်ဖ်တွေကို မနိုင်တော့မယ် အတူတူ တစ်ချိန်ကျရင် ငါသတင်းပေးလို့ နိုင်တာဆိုပြီး လက်မထောင်ဖို့ ရူးကြောင်ကြောင်တွေ တွေးပြီး ထွက်ပေါက်များ ရှာနေသလား မပြောတတ်တော့ပါဘူး။ 

 

ဒီတော့ ဖရဲခင်းထဲ ဖရဲသီးရှာနေသူ စကစ ဘောမတွေကို သာဩ အကြံပေးရရင် မအလကြီးရဲ့ ဖုံးတွေ ဘာတွေလည်း စစ်ကြည့်ကြပါဦးလို့ စေတနာဗလဝနဲ့ သတိပေးလိုက်ပါစေဗျာ။

~~~~

သာဩ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။