Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မက်ဆီ မဟုတ်တဲ့ လူပလီ (SATIRE)

"ဆီဆီ့အစွမ်း....အံ့မခန်း၊ ဆီဆီတချက်ခေါက် ....နောက်တန်းဂေါက်၊ ဆီဆီ တချက်လိမ် .... နောက်တန်း ဂိန်၊ ရို့ ရို့ အာဟ အာဟ"

 

ရက်ပ်ရွတ်သလိုလို ၊ ဟစ်ဟော့ဒွန့်သလိုလိုနဲ့ ပါးစပ်က ပွစိပွစိ ရွတ်ရင်း အူမြူးနေတဲ့ ပခန်းကိုကြီးကျော်ကို ကြည့်ပြီး ဧတင်္ဂ နားမလည်နိုင်ဖြစ်နေရတယ်။ 

 

"ဘာတွေ တတွတ်တွတ်ရွတ်နေတာလဲ နောင်ရင်းရာ၊ ဒီမှာ စိတ်ညစ်ရတဲ့အထဲ"

 

ကျုပ်စကားသံကြောင့် ကိုကြီးကျော်က လက်နောက်ပစ် လမ်းလျှောက်ရင်း ပါးစပ်က ပွစိပွစိ ရွတ်နေတာကို  ရပ်လိုက်တယ်။ 

 

"နတ်ကလေး မောင်မင်းက ဘာတွေကို ဘောက်မဲ့ကြောင့် စိတ်ညစ်နေရသတုန်း၊ ငါရွတ်နေတာက မက်ဆီ ဂုဏ်တော်ကွ"

 

"မက်ဆီ ဂုဏ်တော်.... ဟုတ်လား"

 

"အေးလကွာ၊ ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်တော်မူသွားပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းရဲ့ ကပ္ပတိန်၊ ငါ့ရဲ့ အသည်းကျော်လေး တုနှိုင်းမမီ မက်ဆီရဲ့ ဂုဏ်တော်လေ၊ မနေ့ညက ကြည့်စမ်း ခရိုအေရှား နောက်တန်းတွေကို အကြိမ်ကြိမ်ထိုးဖောက် လိမ်ခေါက်သွားတာများ၊ ဘယ်လောက် လှသလဲ"

 

"အော့ .... အေး အေး၊ ခင်ဗျားကြီးက မက်ဆီနဲ့ အပီကြည်နူးနေလိုက်၊ ကျုပ်မှာဖြင့် တညလုံး အညာဒေသအရေး လုံးလုံးကို ရတက်မအေး"

 

"ဟေ .... ဘာတွေ ထပ်ဖြစ်ပြန်လို့လဲဟ"

 

"ခင်ဗျား ကမ္ဘာ့ဖလားကြည့်ကောင်းနေချိန်မှာပဲ လက်ပံတောင်းတောင်ဒေသခံတွေ ညကြီးမင်းကြီး ထွက်ပြေးနေကြရပါသော်ကောဗျာ"

 

"ဟေ... ဟုတ်လား၊ မအလရဲ့ ဒူးမနာသားတွေ ရွာတွေကို ဝင်မွှေပြန်တာလား"

 

"သေချာသပဗျာ၊ မက်ဆီမွှေတာထက် ဆယ်ဆမက မွှေတဲ့ အမွှေ၊ ခွေးသားတွေရဲ့ ၁၀၁ ကြိမ်မြောက် အမွှေ"

 

"ဟာာာ .... ဟာကွာ ငါ့မက်ဆီလေးရဲ့ အမွှေနဲ့တော့ မနှိုင်းပါနဲ့ ဧတင်္ဂရာ၊ ငါ့ဆီဆီလေးက ချစ်စရာ ကောင်းအောင် မွှေတာပါ၊ မင့်မအလသားတွေက လူမုန်း၊ နတ်မုန်းစေတဲ့ အမွှေကွ၊ မွှေနည်းကား မတူဘူး၊ အလိမ်အခေါက်လေးတွေကလည်း လှမှလှ၊ ယဉ်မှယဉ်"

 

"ဪ ... အင်းအင်း ၊ ထားပါတော့ ထားပါတော့၊ ဒါနဲ့ မက်ဆီထက် အလိမ်အခေါက် အမွှေအနှောက် ကျွမ်းတဲ့သူ မြန်မာပြည်မှာလည်း ပေါ်နေပြီဆိုတာတော့ နောင်ရင်း သိရဲ့လား"

 

ကျုပ်မေးခွန်းကြောင့် ကိုကြီးကျော် တချက်ကြောင်သွားတယ်၊ ပြီးမှ မျက်လုံးလေးအဝိုင်းသားနဲ့ .....

 

"ဟေ ... ဟုတ်သလား၊ အောင်သူလား၊ ကျော်ကိုကိုလား၊ ဟိုနေ့က ဖီဖာခြေစမ်းပွဲမှာ ထိုင်းနဲ့ ကန်တဲ့အထဲက တက်သစ်စ တယောက်ယောက်များလား၊ အာာာ ... ဒါလည်း မဖြစ်နိုင်ပါဘူး၊ ထိုင်းကို ၆ ဂိုး ဇီးရိုးနဲ့ ရှုံးထားတာပဲ၊ ပြီးတော့ Own goal က နှစ်ဂိုးပါသေး"

 

"မအလဗျ .... မအလ။ မြစ်ကြီးနားမှာ ဘာပြောသွားတယ်ထင်လဲ"

 

"ပြောစမ်းပါဦး၊ ဒါနဲ့ ဒင်းက မြစ်ကြီးနား ရောက်သွားပြန်တာလားဟ"

 

"ခက်တော့တာပဲ နောင်ရင်းကျော်ရာ၊ ခင်ဗျားတို့ မက်ဆီတွေ၊ မိုဒရစ်တွေ လုပ်နေတုန်း ရောက်သွားတာဗျာ"

 

"ဒါဆို ဒီကောင် ငါတို့အလစ် ကောင်တာဖောက်သွားတာပဲ"

 

"အာာာ၊ လာပြန်ပြီ ဒီဘောစကား၊ ခင်ဗျားဟာလေ ၊ လူ့ဘဝတုန်းကလည်း ထန်းရေ၊ အရက်လေးတမြမြ၊ ကြက်လေးတမမနဲ့ ကြက်တိုက်လိုက် ၊ အရက်သောက်လိုက် လုပ်ခဲ့တာကို အားမရသေးဘူး၊ နတ်ဘဝရောက်ပြန်တော့ ဘောလုံးပွဲပါ လောင်းလိုက်သေး"

 

"ဟဲဟဲ .... စတာပါ ဧတင်္ဂရာ၊ ဒါနဲ့ ဒီကောင် မအလ မကနမှာ ဘယ်လိုတွေမွှေပြီး ဘာတွေ ပြောသွားလို့တုန်းဟ"

 

"မြစ်ကြီးနားမှာ SME လုပ်ငန်းရှင်တွေနဲ့ တွေ့တုန်းက လျှပ်စစ်ချွေတာကြဖို့ ၊ စက်သုံးဆီ ချွေတာကြဖို့တွေ ပြောသွားသတဲ့"

 

"အော့ .... အရင်ကတော့ လျှပ်စစ်ကားတွေ တင်သွင်းရမယ်လို့ ပြောခဲ့တဲ့ကောင်က အခု လျှပ်စစ်ချွေတာကြပါတဲ့လားဟ"

 

"မှန်ပါ့၊ မှန်ပါ့ .... ဒါ့အပြင် စက်သုံးဆီ ချွေတာတဲ့အနေနဲ့ စက်ဘီးစီးကြပါတဲ့"

 

"ဟေ"

 

"မဟေနဲ့ နောင်ရင်း၊ ကဲ.... အဲ့ဒါပဲ။ သူ့ထက် ကောင်းတဲ့ ခုတမျိုး တော်ကြာတမျိုး ၊ အလိမ်အခေါက် အဝေ့အဝှိုက်တွေ အလှုပ်ကစားနိုင်တဲ့ သူ ရှိသေးလို့လား၊ ခင်ဗျား မက်ဆီလောက်တော့ မအလက ပျင်းသနားတယ်"

 

"ထွီ.... သူက မက်ဆီမဟုတ်ဘူးဟ၊ စစ်ပြန်နဲ့ ပြည့်တန်ဆာ စပ်ကျထားတဲ့ ဖာသည်မသား၊ လူပလီကွ၊ လူပလီ"

 

"အင်း၊ ခင်ဗျားပြောတဲ့ လူပလီကလေ၊ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းရုံပဲ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး၊ သူကတော့ အပြီးတိုင် ဖျက်သိမ်းလိုက်ပြီလို့လည်း လေလုံးထွား သွားသေးတာဗျ"

 

"အော့အော်၊ ဒင်းက ပူတင်အားကိုးနဲ့ ရှီကျင်ဖျင့်ကို ဖင်လှန်ပြတာပေါ့လေ၊ ဘယ်ချိန် ကြိတ်ခံရမယ် မသိ"

 

"နေဦး၊ စက်ဘီးစီးတာမှ ရိုးရိုး စီးရမှာ မဟုတ်ဘူးနော်၊ တိုင်းချစ် ပြည်ချစ်စိတ်နဲ့ စီးကြပါတဲ့ဗျာ"

 

"တောက်! ပြည့်တန်ဆာသားက ရာရာစစကွာ၊ အဲ့ဒီတိုင်းချစ်ပြည်ချစ် လူပလီကြီးကို လုံခြုံရေး တယောက်မှ မပါဘဲ၊ ရပ်ထဲရွာထဲ လမ်းလျှောက်ဝံ့လားလို့ မေးလိုက်စမ်းပါ ဧတင်္ဂရာ၊ မေးလိုက်စမ်းဘာ"

 

တဒင်္ဂ မောပန်းကြရသမျှ ဧတင်္ဂနဲ့ အပန်းတော် ပြေနိုင်ကြပါစေ .....

 

အရေးတော်ပုံ အောင်ရမည်

~~~~

ဒီးဒိုဒီး စိတ်တိုင်းကျ သရော်သည်။

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။