Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကနားစီး မာမီလှိုင် (SATIRE)

တစ်နေ့သ၌ မိမိသည် အစုံစုံသော သတင်းတို့အား သိစိမ့်သောငှါ ဖေ့စ်ဘွတ်တည်း ဟူသော လူမှုကွန်ယက် စာမျက်နှာအား စေ့ငုဖတ်ရှုမိချေ၏။

 

မိမိသည်ကား သက်တော်ရင့် ဝါတော်ရတစ်ယောက်ပီပီ ထွေလီကာလီ သတင်းများကို ကျော်လွှား၍ နိူင်ငံရေးသတင်းများကိုသာ ဦးစားပေးဖတ်မိချေ၏။ မလိမ်စတမ်း ဝန်ခံကြကြေး ဆိုလျှင်တော့ဖြင့် မိမိစတည်းချရာ အရပ်ဒေသာ၌ ဖရီးဝိုင်ဖိုင် ရနိူင်သော ကာဖီဆိုင် မရှိ မူ၍လည်း ပေါက်လွတ်ပဲစား သတင်း အယောင်ဆောင်များကို ထားခဲ့ရသည်လည်း တစ်ကြောင်း ပါပေ။ ဖုန်းဘီဆိုသည့်အရာကလည်း အဖြတ်ကြမ်းလိုက်သည်မှာ ခွေးငတ် ဖိနပ်ပြတ် ဝါးနေဘိသကဲ့သို့ပင် မဟုတ်ပါလော။ ၂၀၂၁ ဖေဖော်ဝါရီတွင် ခွေး ပဒပ်ရပ် လိုက်ပြီးသည့်နောက် သို့ဂလို အနို့ဂလို ဖြစ်ခဲ့ချေတာ သင်ကော အသိပင် မဟုတ်ပါလော။

 

မိမိ ဖတ်မိသော သတင်းတစ်ပုဒ်သည် မိမိနေထိုင်ခဲ့ရာ ရွာကလေးကို သတိရစရာ ဖြစ်ခဲ့ ပါချေ၏။ မိမိ နေထိုင်ခဲ့ရာ ရွာကလေးတွင် အောင်ကြူဟု အမည်ရသော အရပ်ပုပြတ်ပြတ် လူတစ်ယောက် ရှိလေသည်။ သင် အမှုမဲ့ အမှတ်မဲ့ နေထိုင်ခဲ့သူ မဟုတ်ချေမူ၊ အနှီကဲ့သို့သော ဂျပုများသည် အင်မတန် အရာနံချင်ကြောင်း ကောင်းစွာ သတိမူမိပေမည်။

 

မိမိ ကြုံခဲ့ဖူးသော အနှီ အောင်ကြူဂျပုကောင်သည်လည်း နေရာတကာ အရာနံချင်သူ ဖြစ်လေ၏။ ဝမ်းပျက်နေသော ကလေးပမာ နေရာတကာ ပါသည်။ နောက်ပိုင်းကာလများတွင် အနှီအောင်ကြူသည်"သီရိပြန်ချည်"ဘွဲ့တစ်ခုကို ထပ်ရချေ၏။ သီရိပျံချီဟူသော ဘွဲ့နှင့် လားလားမျှ မပတ်သက်ကြောင်း မိမိ ရှင်းပြလိုပေသေးသည်။ 

အောင်ကြူ သီရိပြန်ချီ ဖြစ်ရပုံကား အခြား မဟုတ်ပါချေ။ 

 

ရွာ၏ ဘုရားကလေးကို ပွဲတော်လုပ်ရန် အလှုခံ ထွက်စဥ်အခါက ဘုရား၏ ဘွဲ့တော်ကို စာလုံးထွင်းပြီး ကြိုးနှင့် သီရန် ချည်ရန် တာဝန်ကို အနှီအောင်ကြူက ယူခဲ့ချေ၏။ အောင်ကြူ ကား အဘယ်မျှ စိတ်လောသည် မသိပါချေ။ သီရိကြက်သရေ စေတီတော်ပွဲတော် ဟူသော စာလုံးတန်းတွင် သီရိနှင့် ကြက် စာလုံး ၃ လုံးကို မေ့ကျန်ခဲ့ချေသည်။

ရွာကျောင်းဘုန်းကြီးက “ဟဲ့ အောင်ကြူ၊ နင့်စာလုံး ပြန်ကြည့်ဦး” ဆိုမှ “မှန်ပါဘုရား သီရိ ပြန်ချည် ပါ့မယ်၊ ဘုရား” ဆိုပြီး လျှောက်ခဲ့ရာက "သီရိပြန်ချည် အောင်ကြူ" ဖြစ်ခဲ့ချေတော့သည်။

 

အနှီ သီရိပြန်ချည် အောင်ကြူသည်ကား နေရာတကာကို ပါလေရာ ကောင်းမှု ကြောင့်ထင့်၊ ရွာသူကြီး ထဖြစ်သည် ဟူသတတ်။ အောင်ကြူ သူကြီးဖြစ်ပြီး များမကြာမီ ဗျို့ဟစ် လူစုပြီး သကာလ ရွာထိပ် ညောင်ပင်ကြီး၌ ရုက္ခစိုးနတ်နန်း ဆောက်ရန် အလှူခံ ပါချေတော့၏။ အောင်ကြူ၏ အဆိုအရ အနှီရုက္ခစိုးက အိပ်မက်ပေးသည် ဆိုပါချေ၏။ သို့နှင့် ရွာသူရွာသားများကား သူကြီးအောင်ကြူ အလိုကျ နတ်နန်း ဆောက်ပေးခဲ့ရချေတော့သည်။

 

နောင်ရောအခါ အောင်ကြူတို့ လင်မယား ရန်ဖြစ်မှ သိလိုက်ရသည်မှာကား အောင်ကြူသည် ငယ်စဥ်ကတည်းက"နတ်ကတော်"ဖြစ်ချင်နေသူ၊ အခု သူကြီးဖြစ်ခြင်းသည်ပင် နတ်တွေက လုပ်ပေး၍ဟု သိရချေတော့၏။ နတ်နန်းသည်လည်း သူကြီးဖြစ်လျှင် လှူပါမည်ဟု ကတိပေးထား၍ဟု ပေါ်ခဲ့ချေတော့၏။

 

ယခု မိမိ ဖတ်မိသော သတင်းတစ်ပုဒ်၌လည်း အာဏာသိမ်း စကစ မအလသည် နပတ၌ နတ်ကတော်အချို့နှင့် တွေ့ဆုံသည်ဟူ၏။ တွေ့ဆုံပြီးသည့်နောက် ၃၇ မင်း နတ်အကကို ထိန်းသိမ်းနိုင်ဖို့ ဥပဒေ မူကြမ်း ရေးဆွဲနေသည် ဟူသတည်း။

 

မအလသည်လည်း “သီရိပြန်ချည် အောင်ကြူ” ကဲ့သို့ ငယ်စဥ်ကတည်းက "နတ်ကတော်" ဖြစ်ရန် ရည်စိတ်သန်ခဲ့လေသလော မသိတတ်နိူင်ပါပေ။ မအလကြီး စိတ်ထင်ရာ လုပ်ခွင့်ရတုန်း"အပုန်းစိတ်"ကို ဖွင့်ချတော့မည်လော။ဂလိုဆိုရင်ဖြင့် “ကနားစီး မာမီလှိုင်” ဦးစီးသော “စခ ဘောမ နတ်တန်းမြင့် သဘင်” ပေါ်ထွန်းလာပေဦးမည်လော မပြောတတ်နိူင် ပါလေတကား။  ။

~~~~

သာဩ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။