Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နတ်မင်းကြီးလေးပါး တိုင်ပင်တော်မူခန်း (Satire)

“ကလုံ ကလုံ” ဖုန်းမှနိုတီတက်သံများ တရစပ်ထွက်ပေါ်လာခြင်းကြောင့် သုဇိတာတစ်ယောက် စိတ်မရှည်တော့ဘဲ ဖုန်းကိုထ’ပိတ်ရင်း အလိုမကျဟန်ဖြင့် ကိုမာဃကို မျက်လုံးစွေကြည့်လိုက်တယ်။ ကိုမာဃက ရယ်ကျဲကျဲဖြင့် “အထင်မလွဲလိုက်ပါနဲ့ ရှင်မရယ် .. ဟိုချာရာဏသီပြည်မှာ လူစဉ်မမီစွပုနဲ့ပတ်သက်တာတွေ စောင့်ကြည့်ရအောင် အဲဒါနဲ့ပတ်သက်တဲ့ ဖွဘုတ်တွေ တယ်လီဂရမ်တွေကို ဖောလိုးလုပ်ထား နိုတီပေးထားလို့ ပါကွာ .. မင်းကလှပြီးသားကို ခုလိုစူပုပ်နေတော့ ဟို စွခေါမမျက်စိစွေသလို ကြည့်ရဆိုးပါတယ်” လို့ မလုံမလဲ ရှင်းပြရှာတယ်။ သုဇိတာလဲ စိတ်ထဲက “အော် ဒါကြောင့် ငါတို့ဒန်းလော့မွေ့ယာ အဲလေ .. ဗန္ဓုကမ္ဗလာ မြကျောက်ဖျာကြီးတင်းနေပြီး ခါးတွေနာ ဇိမ်မရှိဖြစ်နေတာကိုး” လို့ တွေးမိတယ်။

 

သုဇိတာလဲ ခါးကိုလက်နှစ်နဲ့ထောက် ဆရာမကြီးစတိုင်ဖမ်းရင်း “ရှင်က စောင့်ကြည့်နေရအောင် ရှင့် ကိုယ်ရှင် ဂူတာရက်စ်များမှတ်နေလား .. လုပ်စရာရှိတာလုပ်မှပေါ့ ခုတော့ရှင်လဲ နေတိုးဘဲ” ဆိုပြီး လှမ်းအပြစ် တင်လိုက်ပါတယ်။ နားရှုပ်သွားဟန်ဖြင့် ကိုမာဃတစ်ယောက် “ဘာလဲဟ နေတိုးဆိုတာ” လို့ပြန်မေးတယ်။ သုဇိတာက ဗဟုသုတနည်းလေခြင်းဆိုတဲ့အထာနဲ့ မခိုးမခန့်ပြုံးရင်း “နေတိုးဆိုတာ N-A-T-O, No Action Talk Only အလုပ်မဖြစ် အပြောသက်သက်ကို ဆိုတာ .. ဒုံးဝေးလိုက်ထာ .. ရှင် ဟို တံခါးမှူးလေးယောက် အဲလေ .. နတ်မင်းကြီးလေးပါးနဲ့ တိုင်ပင်ပြီး လုပ်သင့်တာလုပ်ဘို့လိုပြီ .. အပြောတွေလျှော့ အလုပ်နဲ့သက်သေပြပါ .. ဟို မှာ ပြည်သူတွေ နေ့စဉ်အသတ်ခံရ မီးရှို့ဖျက်ဆီးခံနေရတာ” လို့ပြောတယ်။ 

 

ကိုမာဃလဲ (ကာတွန်းတွေထဲမှာ အကြံရသွားပုံဆွဲတဲ့အတိုင်း) ခေါင်းမှာမီးသီးလေးလင်းသွားပြီး “ဟုတ်သားဘဲ .. ဟို နတ်မင်းကြီးလေးပါးကို မီတင်ခေါ်ပြီး တိုင်ပင်အုံးမှဘဲ” လို့ရေရွတ်တော့ သုဇိတာက “ရှင် ဇွန်းမီတင်ခေါ်မှာမို့လား .. ဟို ဝိရူပက္ခ(နတ်နဂါးမင်းကြီး)ဆိုရင် ဗီဒီယိုပိတ် မိုက်တွေပိတ်ပြီး ခိုးခိုးအိပ်တတ် သတဲ့နော် .. အကျိုးရှိပစေ .. ဘာမှအလုပ်မဖြစ် အောက်ကမ်း (Outcome) မထွက်လို့ကတော့ ရှင်နဲ့ကျမ အတွေ့ဘဲ” ဆိုပြီး ရာဇသံပေးလိုက်တယ်။ ကိုမာဃတစ်ယောက် ဇွန်းလင့်တွေဖွင့် နတ်မင်းကြီးလေးပါးကို အင်ဗိုက်လုပ် အဲလေ ပင့်ဖိတ်လိုက်တယ်။ 

 

နောက်တစ်ရက် ကိုမာဃတစ်ယောက် ဇွန်းဖွင့်လေသော် ဓတ္တရဌနတ်မင်းကြီး၊ ဝိရူဠက နတ်ဂဠုန် မင်းကြီး၊ ကုဝေရ နတ်ဘီလူးမင်းကြီးတို့ ဝင်ရောက်ထားတာကို တွေ့ရတော့ “ဟို ဝိရူပက္ခ မရောက်သေးပါလား ကာလနဂါးများ အိပ်ပျော်နေထင်ပ ဟူး” ဆိုပြီး အလိုမကျဟန်နဲ့ သက်ပြင်းချလိုက်တယ်။ အဲဒီအချိန်မှာဘဲ ဝိရူ ပက္ခနတ်နဂါးမင်းကြီး ဇွန်းမီတင်ဝင်လာရင်း “ဟိုင်း မင်္ဂလာပါ .. နောက်ကျတာ တောင်းပန်ပါတယ်ဗျာ .. အခု ကျုပ်က အဝိုင်းလည်နေတဲ့တိုင်းပြည်မှာ မြေပြင်ကွင်းဆင်းရင်း မီတင်တက်နေတာမို့ နောက်ကျသွားတယ်” လို့ ဖြေရှင်းရင်း နှုတ်ဆက်လိုက်တယ်။ ကိုမာဃက “ဘာလဲဗျ အဝိုင်းတွေလည်နေတဲ့တိုင်းပြည်ဆိုတာ” လို့ မေးတော့ ဝိရူပက္ခက “သိကြားမင်းကြီးသိချင်နေတဲ့ ချာရာဏသီတိုင်းပြည်ဆိုတာ အင်တာနက်က မမိလိုက် ပြုတ်ကျလိုက်နဲ့ လိုင်းကိုမတက်နိုင်ဘဲ အဝိုင်းချည်းလည်နေလို့ အဝိုင်းတွေလည်နေတဲ့တိုင်းပြည်လို့ ခေါ်တာ” လို့ဖြေတယ်။

 

“ကဲ အစည်းအဝေးစ’မယ် .. အဲဒီချာရာဏသီတိုင်းပြည်မှာ လူစဉ်မမီ ကျပ်မပြည့်တဲ့ အာဏာရူးတစ် ကောင် သောင်းကျန်းနေတာကို ဘယ်ပုံဘယ်နည်း ဖြေရှင်းထားကြသလဲ သိချင်လို့ အခုအစည်းအဝေးကို ခေါ် လိုက်တာဘဲ” လို့ ကိုမာဃက အဖွင့်စကားတိုတိုတုတ်တုတ်နဲ့ စ’လိုက်တယ်။ ဆက်ပြီး “အဲဒီတော့ မြေပြင် အခြေအနေနဲ့ ခင်ဗျားတို့ဆောင်ရွက်ထားတာကို လိုရင်းတိုရှင်း အထောက်အထားအပြည့်အစုံနဲ့တင်ပြကြပါ .. အဲ သီအိုရီတွေ နန်ဂျန်ဂါးမှာဆိုရင် ဆိုတာတွေနဲ့ အရည်မရ အဖတ်မရမပြောပါနဲ့ ဝိရူပက္ခ စ’ပြီးတင်ပြပါ” လို့ နတ်နဂါးမင်းကြီးကို ဖိတ်လိုက်တယ်။

 

ဝိရူပက္ခက “အကြမ်းဖက်စစ်ကောင်စီက ကြွက်မနိုင်ကျီမီးနဲ့ရှို့အနေနဲ့ ရွာတွေကို မီးရှို့ ပစ္စည်းလုတွေ တိုးလုပ်နေပေမယ့် မြေပြင်စစ်ကြောင်းတော့မထိုးရဲတော့ဘဲ လေတပ်ကိုသာ အားကိုးနေရတဲ့အခြေအနေပါ .. ကျနော့်အနေနဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုတွေနဲ့ အထောက်အကူပြုနေပါတယ် .. ပုလဲ ဗိုလ်နဂါး၊ တောင်ပိုင်းဗိုလ်နဂါး၊ စောနဂါး၊ ဒေါနနဂါးတို့အပြင် နဂါးနီ၊ နဂါးဖြူ၊ Black Dragon၊ ကော်ဘရာ၊ တောကြီးမြွေဟောက် စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပါဝင်နေပါတယ်” လို့တင်ပြတယ်။ ကိုမာဃက “ခင်ဗျား ဗိုလ်ရေမြွေကျ ဘာလို့ထည့်မပြောတာလဲ ဘာလဲခြေမပေါ်တဲ့သူမို့ ထည့်မပြောတာလား” လို့ ဝိရူပက္ခကို လှမ်း ရိလိုက်တော့ ဝိရူပက္ခလဲ မတတ်သာသည့်ဟန်ဖြင့် “ပြောမနေပါနဲ့တော့ဗျာ သူ့ကိုတော့ အလုပ်မဖြစ်လွန်းလို့ စကားထဲကို မထည့်တော့ဘူး .. ဘာမှလဲမှတ်မထားဘူး တခုခုတင်ပြလိုက်ရင်လဲ အမြဲတမ်းအသစ်ဖြစ်နေ တာလေ သူ့ကလောင်နံမည်အတိုင်းဘဲ” လို့ ရယ်ကျဲကျဲနဲ့ပြန်ဖြေတယ်။

 

ကိုမာဃလဲ ကုဝေရ နတ်ဘီလူးမင်းကြီးကို ဖိတ်ခေါ်လိုက်ရာ “ကျနော်ကတော့ အခုမှပြင်ဆင်တုန်းရှိ သေးပေမယ့် ကျနော့်ရဲ့တော်လှန်ရေးအဖွဲ့အချို့ကတော့ တိုက်ပွဲဝင်နေကြပါပြီ .. ဂုမ္ဘာန်အဖွဲ့၊ ဗိုလ်ဒဿတို့ ရေးဘီလူးအဖွဲ့တို့တော့ လက်သံပြောင်နေကြပါပြီ .. ဆက်ပြီး တော်လှန်ရေးအရှိန်မြှင့်ဘို့ Phase 2 ကိုရောက် နေပါပြီ” လို့ဖြေတယ်။ ကိုမာဃက “ဟာဘယ်တုန်းက Phase 1 ပြီးသွားတာလဲ ပထမပိုင်းကဘာလုပ်တာလဲ” လို့မေးတော့ ကုဝေရလဲ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း “Phase 1 က ပြင်ဆင်တဲ့အပိုင်းပါ .. ကျနော်ပြောတာ က Phase 2 ရောက်နေပါပြီလို့ ပြောတာပါသိကြားမင်း .. Phase 1 ပြီးပြီလို့ မပြောပါဘူးခီည” လို့ စပ်ဖြဲဖြဲလေး လုပ်ရင်း ပြန်ဖြေလိုက်တယ်။

 

ဆက်လက်ပြီး ဝိရူဠကနတ်ဂဠုန်မင်းကြီးက “ကျနော့် တော်လှန်ရေးအင်အားစုတွေက လင်းယုန်နီ၊ Golden Eagle အဖွဲ့၊ Black Eagle အဖွဲ့နဲ့ ဂဠုန်စစ်ကြောင်းတို့နဲ့ အဓိကအထောက်အကူပြုနေပါတယ် .. ဒီ ခေတ်က နည်းပညာခေတ် ဒရုန်းခေတ်လေဗျာ ..” လို့ ခပ်ကြွားကြွားလေး ပြောလိုက်တယ်။ ကိုမာဃလဲ “ဒါဆို ခင်ဗျားမှာ ဒရုန်းတပ်တွေ ဘယ်နှဖွဲ့လောက်ဖွဲ့ပြီးပြီလဲ ဘာတွေထောက်ပံ့ပေးထားလဲ” လို့ ရုတ်တရက်မေး လိုက်တော့ ဝိရူဠကလဲ “အင်း .. အဲ အဲဒါတော့ ကျနော်ပြန်ကြည့်လိုက်အုံးမယ် .. ဝိရူပက္ခရဲ့တပည့် ဗိုလ်ရေမြွေ တို့ဘက်က ဖွဲ့စည်းပုံတွေကျလာရင် ပစ္စည်းတွေစ’ဝယ်ပြီး ထောက်ပံ့ပေးဘို့စဉ်းစားထားပါတယ်” လို့ အထစ် ထစ် အငေါ့ငေါ့ဖြေလိုက်တယ်။

 

အဲဒီနောက် ဓတ္တရဌနတ်မင်းကြီးက “ကျနော့်အနေနဲ့ စဖြစ်ထဲက လူစဉ်မမီအဖွဲ့ရဲ့လုပ်ရပ်တွေကို ဒီနေ့ အချိန်ထိ အနီးကပ်စောင့်ကြည့်နေကြောင်း၊ အလွန်အမင်းစိုးရိမ်မိကြောင်း၊ စိတ်ပူမိကြောင်း၊ စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ချက်တွေထုတ်ရတာ .. အခုဆို ကွန်ပျူတာစာရေးမတောင် လက်ညောင်းလွန်းလို့ အလုပ်ကနေနှုတ်ထွက်သွားပါပြီ .. အဲ .. အောင်မြင်တဲ့အချက်ရှိပါတယ် .. ရီဆိုလျူးရှင်းတစ်ခု အတည်ပြု ချ မှတ်နိုင်ပါပြီ .. အဲ ဘာဆက်လုပ်မလဲတော့ မသိဘူးပေါ့နော် .. ပြီးတော့ နတ်ဂဠုန်မင်းကြီးရဲ့တပည့် လင်းယုန် ဘုရင်ခေါင်းဖြူကြီးကလဲ အန်ဒီအေအေကို လက်မှတ်ထိုးပြီးကြောင်း သိရပါတယ် ..” လို့တင်ပြတယ်။

 

ကိုမာဃက “အဲဒီလင်းယုန်ဘုရင်က သူ့ချက်ဗရွန်ကုမ္ပဏီက အကြမ်းဖက်စစ်ကောင်စီဆီ သွေးစွန်းငွေ ကို ဖြတ်တောက်ပေးမယ်တဲ့လား ဝိရူဠကကြီး” လို့ နတ်ဂဠုန်မင်းကြီးကို လှည့်မေးတော့ “အဲဒါတော့ အပြတ် ပြောဘို့ ခက်မယ်ဗျ .. သူ့အကျိုးစီးပွားလဲ ရှိသေးတာကိုး” လို့ပြန်ဖြေတယ်။ ဓတ္တရဌက “အခုလတ်တလော ဆောင်ရွက်ချက်လေးတစ်ခု ဗီဒီယိုကလစ်လေးတစ်ခု ပြချင်ပါတယ် .. သိကြားမင်းကြီး စခရင်ရှယ်ပေးလို့ရမ လား” လို့ခွင့်တောင်းပြီး “ဒါက လွတ်လပ်ရေးနေ့ဆိုပြီး လူစဉ်မမီ ကြိုးစင်တက်မယ့် ကျပ်မပြည့်က အပြစ်မရှိ တဲ့သူကို အမှုဆင်ဖမ်းထောင်ချပြီး သူနဲ့ပုလင်းတူ ဗူးဆို့တွေကို ဘွဲ့တံဆိပ်တွေပေးတဲ့ အခမ်းအနားမှာ ကျနော် ပညာပြလိုက်တာလေးပါ ..” ရှင်းပြပြီးနောက် ဗီဒီယိုကိုဖွင့်ပြတယ်။ 

 

ဘွဲ့တံဆိပ်ချီးမြှင့်အခမ်းအနား ကျင်းပနေတဲ့ခန်းမထဲမှာ ဦးနှောက်ကကျပ်မပြည့်တဲ့ပုံပေါ်နေသူတွေ၊ သွားရည်တများများနဲ့ အငမ်းမရ လောဘဇောတက်နေသူတွေ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး သူ့ တိုင်းရင်းသားပြည်သူတွေဘာဖြစ်ဖြစ် ကိုယ့်အဖွဲ့ရဲ့အကျိုးအတွက် အရိုးအရင်းလေးကိုက်ပြီး သာယာနေတဲ့ ရိုးရာဝတ်စုံဝတ်ထားတဲ့ ခေါင်းဖြူစွယ်ကျိုးတွေဟာ မောင့်ကျက်သရေခေါင်းပေါင်း တဝင့်ဝင့်နဲ့ ပျော်လို့မြူးလို့ ပေါ့။ အဲဒီအချိန် လူစဉ်မမှီဟာ ကိုယ့်အရည်အချင်းမှအားမနာ မတန်တရာသမ္မတရူးရူးပြီး မောင့်ကျက်သရေ ခေါင်းပေါင်းကြီးဆောင်း၊ စလွယ်ကြီးကိုလွယ်လျက် ခန်းမအတွင်းဝင်လာတယ်။ သူထိုင်ရမယ့်နေရာရောက် လို့ ထိုင်လိုက်တဲ့အချိန်မှာဘဲ ခွေးဘီလူးပုလေးတစ်ကောင် ခေါင်းပေါင်းကြီးပေါင်း စလွယ်လွယ်ထားတဲ့အဖြစ် ကိုရောက်သွားတယ်။ အောက်ကပရိတ်သတ်လဲ ဟာကနဲ ဟင်ကနဲဖြစ်သွားပေမယ့် လက်မှတ်ရဘို့က အရေး ကြီးသမို့ အလိုမကျဖြစ်ကြပေမယ့် အောင့်အည်းနေကြရတယ်။ အဲလိုနဲ့ ဘွဲ့တံဆိပ်တွေပေးလို့ ပြီးကာနီးအချိန် လဲရောက်ရော “ဂွမ်း” ဆိုပြီး မောင်းကွဲကြီးထုသံထွက်ပေါ်လာရင်းနဲ့ ဗီဒီယိုက ပြီးသွားတယ်။

 

ကိုမာဃက “ဘာလဲဟ .. မောင်းကွဲသံ ဂွမ်း ဆိုတာက ဘာလို့ပါလာတာလဲ” လို့မေးတော့ ဓတ္တရဌက “ကျနော် လူစဉ်မမီကို ထိုင်ခုံလဲထိုင်ရော ခွေးဘီလူးအသွင် ဖန်ဆင်းပြီး အရှက်ဗျန်းဗျန်းကွဲအောင် လုပ်လိုက် တာပါ .. ဒါပေမယ့် ဒီကောင်က မွေးထဲက ချက်ကြောနဲ့ရှက်ကြော မှားပြီးဖြတ်ခဲ့မှန်း ကျနော်မသိခဲ့ဘူးဗျာ .. အရှက်မရှိ ဆက်ပြီးကျင်းပသွားတာ .. အဲဒီ မောင်းကွဲသံ “ဂွမ်း” ကတော့ အရင်သူကြီးဟောင်း တစ်ယောက်ပါ သူက အမူးပြေလာတိုင်း သူ့သခင်ကြီးတွေကြားအောင် အဲဒီမောင်းကွဲကြီးကို ထ’ထုနေကျ .. အခုဘွဲ့တံဆိပ် ပေးတော့လဲ သူမပါတော့ သူ့ပြည်နယ်ကနေ အခမ်းအနားထိကြားရအောင် ခပ်ပြင်းပြင်းထုပုံရတယ်” လို့ ပြန် ဖြေတယ်။

 

ကိုမာဃလဲ “လက်ရှိ ခင်ဗျားတို့လုပ်နေတာနဲ့ မလုံလောက်သေးဘူး .. (၁)နှစ်စီမံကိန်းချပြီး အပြတ် ဖြတ်ဘို့စီစဉ်ဆောင်ရွက်ပါ .. အချင်းချင်းရော အထက်အောက်ပါ အချိတ်အဆက်မိမိဆောင်ရွက်ပါ .. ခင်ဗျား တို့ လေချည်းများနေ စီမံကိန်းမအောင်မြင်ရင် ပြည်သူရဲ့အယုံအကြည်ကျဆင်းသွားမယ်ဆိုတာသတိထားပါ .. (၁)နှစ်စီမံကိန်းချလို့မှ မအောင်မြင်ရင် ကျုပ်ပါသိကြားမင်းကနေနှုတ်ထွက်ပြီး ထွက်ပြေးရမယ့်ကိန်းဆိုက်မယ် နော် .. ဒါကြောင့် အောင်မြင်မှုဘဲလိုချင်တယ် ဒါဘဲ” လို့ ရဲရဲတောက်မိန့်ကြားလိုက်တယ်ဆိုရင်ဘဲ နတ်နဂါးမင်း ကြီးက “အောင်မြင်မှုဆိုတာ ဦးမြင့်မောင်ကိုပြောတာလား သိကြားမင်း” လို့လှမ်းမေးလိုက်တော့ ကိုမာဃလဲ စိတ်တိုသွားပြီး မျက်ထောင့်နီကြီးနဲ့ “ဦးမြင့်မောင် မဟုတ်ဘူး ခင်ဗျားအမေ့လင်ဗျ” လို့လှမ်းဆဲဆိုလိုက်တယ်။

 

ဒီကြားထဲ နတ်ဘီလူးမင်းကြီးက နတ်ဂဠုန်မင်းကြီးကို “ခင်ဗျားနယ်ဘက် သားကောင်ပေါရဲ့လားဗျ .. ဒီဘက်တော့ နယ်စပ်ပိတ်တာ ကိုဗစ်တွေနဲ့မို့ ထောက်ပို့လမ်းကြောင်းပြတ်နေတယ်” လို့လှမ်းမေးသံကို  ကိုမာဃကြားလိုက်တော့ “ဟေ့လူတွေ အာဂျင်ဒါထဲမပါတဲ့ ပါဆင်နယ်တွေ နောက်မှအချင်းချင်းပြောကြ .. အစည်းအဝေးလမ်းချော်ပြီး အချိန်တွေကုန်ကုန်နေတဲ့ နုဂျီ အဲလေ နတ်သဘင်အစည်းအဝေးမှတ်နေလား .. ဒါက အထူးအစည်းအဝေးဗျ” လို့ လှမ်းငေါက်လိုက်တယ်။ ထိုစဉ် စတီးဇလုံကိုင်ထားတဲ့သုဇိတာက စခရင်မှာ ပေါ်လာပြီး “ဘယ်မှာလဲ တိကျတဲ့ရှေ့လုပ်ငန်းစဉ် အချိန်ဇယား အစီအစဉ် ဘာမှလဲ အောက်ကမ်းမထွက်တဲ့ အစည်းအဝေးလုပ်ချင်အုံးဟဲ့” ဆိုပြီး စတီးဇလုံနဲ့ကိုမာဃခေါင်းကို “ဂွမ်း” ကနဲ ရိုက်လိုက်ပါတော့တယ်။

~~~~

ဆရာခီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။