Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေလီတံခါးမှသည် .... (Essay)

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရွှေလီကို ခရီးစဥ်တစ်ခုနဲ့အတူ သွားခဲ့ဖူးသည်။ စီစဥ်ဖိတ်ခေါ်တဲ့သူတွေက မူဆယ်မြို့ကဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များက ကမကထပြုကြတာ ဖြစ်သည်။ ရန်ကုန်ကနေ လားရှိုးထိ လေယာဥ်ဖြင့် လားရှိုးကနေ မူဆယ်-ကြယ်ခေါင်-ရွှေလီကို ကားဖြင့် သွားရသည်။ ရွှေလီမှာ တည်းခိုရတာက ပွဲရုံရဲ့ ဟောက်စ္စတယ်မှာ ဖြစ်သည်။ နေရထိုင်ရ စားရသောက်ရတာတွေ အားလုံး အဆင်ပြေပါသည်။ ထမင်းစားလျှင် ဟင်းသုံးလေးမျိုး အလျှံပယ်၊ ဒေသထွက် တရုတ်အရက်၊ သစ်သီးဖျော်ရည် အလျှံပယ်နှင့် စားရသောက်ရသည်။ ဒေသထွက်အရက်ကိုတော့ သောက်ဖူးသည်နှင့် မတူသော အရသာကြောင့် မနှစ်ခြိုက်၍ သိပ်မသောက်ဖြစ်ပါ။ သောက်ဖူးသည်ဆိုရုံ စတိမျှပဲ သောက် ဖြစ်ပါသည်။ သွားရသည့် ကျနော်တို့တစ်ဖွဲ့လုံးက လေ့လာသူသဘောမျှပါပဲ။ သူတို့လုပ်တဲ့ စိုက်ပျိုးအကြောင်းတွေ၊ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာအကြောင်းတွေ ပါသည့် အစည်းအဝေးပွဲများကို မတက် လည်းရသည်။ ထွေထွေထူးထူး ဘာတာဝန်မျှ မရှိပါ။ မူဆယ်က သစ်သီးဝလံ ရောင်းဝယ်ရေးတာဝန်ခံတွေ၊ မြန်မာပြည်က လက်တွေ့ စိုက်ပျိုးထုတ်လုပ်သူတွေ၊ ရွှေလီက တာဝန်ခံတွေ၊ နောက် ထူးထူး ခြားခြားပါတာက စိုက်ပျိုးရေးပညာရှင် ဂျာမန်တစ်ယောက် ဖြစ်သည်။ သူတို့တွေ ကဏ္ဍအလိုက် ပြော ကြဆိုကြတာကို ဧည့်သည်ဖြစ်သူတွေက နားထောင်ကြရုံသာ ဖြစ်သည်။

 

 မြန်မာပြည်ကထွက်သည့် ဖရဲသီး၊ သခွားသီးသည် "မိတ်အင်မြန်မာ" မဟုတ်၊ "မိတ်အင်ယူနန်" ဖြစ်၏။ မိတ်အင်မြန်မာက စိန်တစ်လုံးသရက်သီးလောက်ပဲ ရှိသည်။ 


ထူးထူးခြားခြား သိရတာ ရှိသည်။ ထိုဂျာမန်စိုက်ပျိုးရေးပညာရှင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် န၀တစတင်အုပ်ချုပ်စကာလက မြန်မာနိုင်ငံကို လာဖူးသည်။ စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်ပြီး ထိုစဥ်တုန်းက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်၏။ လုပ်ဆောင်ရန်အစီအစဥ် အထမမြောက်ခဲ့ပါ။ ထိုစဥ်တုန်းက ရှစ်ဆယ့်ရှစ်အရေးတော်ပုံ ပြီးခါစ နဝတစစ်အစိုးရလက်ထက် ဖြစ် သည်။ မြန်မာနိုင်ငံနှင့် အဆင်မပြေသည့် ဂျာမန်စိုက်ပျိုးရေးပညာရှင်သည် တရုတ်နိုင်ငံဘက်သို့ ရွှေ့ သွားခဲ့ခြင်းဟု ဆိုသည်။ ကျနော်တို့ရောက်ခဲ့စဥ်တွင် ယခင်က သရက်သီးမထွက်သော ယူနန်ပြည်နယ် မှာ သရက်သီးထွက်နေပြီ ဖြစ်သည်။ ဂျာမန်တွေက မျိုးစေ့ကော၊ စိုက်ပျိုးနည်းပညာပါ အကုန်တင်သွင်းပေးခဲ့သည်။ ယခုတော့ ထိုသို့သော နည်းပညာများဖြင့် မြန်မာပြည်မှာ ဖရဲသီး၊ သခွားသီးတွေကို စိုက်ပျိုးနေကြသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ မြန်မာပြည်ကထွက်သမျှ ၀ယ်လက်ဖောက် သယ်ကြီးကတော့ တရုတ်ပဲ ဖြစ်သည်။ မြန်မာပြည်က ကုန်သည်တွေကသာ ဖရဲသီးတွေ၊ သခွားသီးတွေကို မူဆယ်လမ်းကနေ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် တရုတ်ပြည်သို့ ပို့နေကြရသည်။ တရုတ်ပြည်၊ ယူနန်၌တော့ သူတို့ စားသုံးကြသည်သာမက ယူနန်မှတစ်ဆင့် သန့်စင်ရွေးချယ်ပြီးသော ဖရဲသီး၊ သခွားသီးများကို ရုရှားနှင့် အခြားဥရောပတိုင်းပြည်များသို့လည်း ပို့သည်ဟု သိရသည်။။ မြန်မာပြည်ကထွက်သည့် ဖရဲသီး၊ သခွားသီးသည် "မိတ်အင်မြန်မာ" မဟုတ်၊ "မိတ်အင်ယူနန်" ဖြစ်၏။ မိတ်အင်မြန်မာက စိန်တစ်လုံးသရက်သီးလောက်ပဲ ရှိသည်။ ၂၀၁၈ ခုနှစ်က အရပ်သားအစိုးရနှင့် ယူနန် တရုတ်စိုက်ပျိုးရေးကုန်သည်များနှင့် မည်သို့သဘောတူညီမှုမျိုးတွေ ရှိထားသည်ကို မသိပါ။ ကျနော်တို့ က လေ့လာသူ ဧည့်သည်မျှသာ၊ စူးစမ်းမေးမြန်းပိုင်ခွင့် ရှိသူများ မဟုတ်ကြပါ။


ကျနော်နှင့်အတူ သွားကြသည့် သူများကတော့ ကိုယ်မရောက်ဖူးသည့်အရပ်ဒေသကို ရောက်၌ ဗဟုသုတအလို့ငှာ စူးစမ်းကြရုံမျှပဲ ရှိပါသည်။ ထိုစဥ်တုန်းက တစ်ခုသတိထားမိသည်က ထိုပွဲရဲ့ နောက်ခံ ဘက်ဂဒေါင်းလုပ်ထားတဲ့ ဗီနိုင်းမှာပါသည့် ယူနန်ပြည်နယ်မြေပုံ ဖြစ်ပါသည်။ အဲသမှာ အံ့သြ စွာ တွေ့ရလိုက်သည်က မြန်မာနိုင်ငံဟာ တရုတ်-မြန်မာ နယ်စပ်မျဥ်းပေါ်က နိုင်ငံတစ်နိုင်ငံ အဖြစ် မဟုတ်မူဘဲ ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်း နောက်ဖေးပေါက်တစ်ခုအဖြစ် ရည်ရွယ်မျှောလင့်ထား ခြင်းဖြစ်ပုံရသည်။ အခြားသူတွေတော့ ဘယ်လို မြင်မိပြီး ဘယ်လိုနေကြသည်တော့ မသိပါ။ ကျနော်တော့ဖြင့် စိတ်ထဲ တစ်မျိုးချည်း ခံစားလိုက်ရပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် နယ်နိမိတ်ချင်း ကီလိုမီတာ တစ်ထောင်ငါးရာကျော် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြသည်မဟုတ်ပါလား။

 

မြဘုရားသို့သွားရာ လမ်းတစ်လျှောက်တွင် အထူးသတိထားမိစရာတစ်ခု ရှိသည်။ မီးရထားလမ်းဖောက်မည့် ကွန်ကရစ် တိုင် ထီးထီးကြီးများကို မြင်ရခြင်းဖြစ်သည်။ ထိုမီးရထားလမ်းဖောက်မည့် ကွန်ကရစ်တိုင်များသည် မြန်မာပြည်နှင့်စပ်ဆိုင်သည်။


တစ်ရက်မှာ မန်စီမြို့ရှိ မြဘုရားသို့ ကားဖြင့် လိုက်ပို့၍ သွားဖြစ်သည်။ လမ်းတစ်လျှောက် တောတောင် များစွာတွေ့ရသော်လည်း သစ်ပင်ကောင်းများကို မတွေ့ရ၊ ခြံစည်းရိုးပင် ထင်းပင်မျှလောက် အပင်တွေပဲ တွေ့ရသည်။ နယ်စပ်မြို့ပင် ဖြစ်သော်လည်း သွားရာလမ်းတစ်လျှောက် ကားလမ်းတွေမှာမူ ဖြောင့်ဖြူးကာ ကောင်းမွန်လှသည်။ တောင်ကုန်းတွေကို ဖြတ်သန်းရလျှင် မြန်မာနိုင်ငံမှာလို တောင်ကို ပတ်ခွေသွားရတာမျိုးမရှိပါ။ တောင်များကို လိုဏ်ခေါင်းဖောက်လိုက်ကြသည်ချည်း ဖြစ် သည်။ အသွားအပြန် မျက်နှာချင်းဆိုင် တိုက်ခိုက်မှုမဖြစ်စေရန် လိုဏ်ခေါင်းကို တစ်ပေါက်ချင်းစီ ဖောက်လုပ်ထားသည်။ လမ်းဖောက်သည့် အင်ဂျင်နီယာများ ထူးချွန်ကြသည်။ မြဘုရားသို့သွားရာ လမ်းတစ်လျှောက်တွင် အထူးသတိထားမိစရာတစ်ခု ရှိသည်။ မီးရထားလမ်းဖောက်မည့် ကွန်ကရစ် တိုင် ထီးထီးကြီးများကို မြင်ရခြင်းဖြစ်သည်။ ထိုမီးရထားလမ်းဖောက်မည့် ကွန်ကရစ်တိုင်များသည် မြန်မာပြည်နှင့်စပ်ဆိုင်သည်။ တရုတ်နှင့်မြန်မာ ပြုလုပ်သည့် ကျောက်ဖြူ-ကူမင်း ဂက်စ်ပိုက်လိုင်းနှင့် တွဲလျက် တည်ဆောက်မည့် မီးရထား၏ တရုတ်ပြည်ဘက်ခြမ်း အစိတ်အပိုင်း ဖြစ်သည်။ ထိုစဥ်က မြန်မာပြည်ဘက်ခြမ်းတွင် ဂက်စ်ပိုက်လိုင်းပင် မတည်ဆောက်ရသေးပါ။ တရုတ်ပြည်ဘက်ခြမ်းတွင်မှာတော့ မီးရထားသံလမ်း အသင့်ကောက်တင်ရုံအဆင့်မျှပဲ ကျန်ရှိတော့၏။ ဤသည်ကား ၂၀၁၈ ခုနှစ်က အခြေအနေ ဖြစ်သည်။ ထိုစဥ်က အတွေးသည် ယခုအခါတွင် မျက်၀ါးထင်ထင် တွေ့မြင်လာရပြီ ဖြစ်၏။ 


၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်တွင် မြန်မာပြည်ဘက်ခြမ်း၌ ဂက်စ်ပိုက် လိုင်းရှိနေပြီ ဖြစ်သည်။ ထိုစီမံကိန်းသည် နအဖလက်ထက်ကတည်းက တရုတ်နှင့် စာချုပ်ချုပ်ဆိုထား သည့် လုပ်ငန်းများစွာထဲက ကြီးမားသည့်စီမံကိန်းတစ်ခု ဖြစ်သည်။ ဂက်စ်ပိုင်းပေါ်က မီးရထားလမ်းပါ ပါသည်။ ထိုမျှမက ဂက်စ်ပိုက်လိုင်းတစ်လျှောက် တရုတ်စစ်တပ်က လုံခြုံရေးယူရန်ထိပါ ပါသည်ဟု ကြားသိဖူးသည်။ မြန်မာပြည်ကို ခါးလယ်က ဖြတ်နင်းထားခြင်းပင် ဖြစ်သည်။ ၂၀၁၅ NLD အစိုးရ လက်ထက်မှာ စာချုပ်ကို ပြောင်းလဲလျှော့ချချုပ်ဆိုသည်ဟု သိရသည်။ ဖေဖော်၀ါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းတွင် တရုတ်နှင့် မည်မျှ သဘောတူထားကြသည်မသိပါ။ လုပ်ငန်းစီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းတွေမှာ တွေ့နေရသည်။ မြင်းခြံ မြို့အနီးက ဆီမီးခုံရွာတစ်၀ိုက် လွင်ပြင်ကို အလယ်ဗဟိုချက်အဖြစ် သတ်မှတ်ကာ စက်မှုဇုန် တည် ဆောက်မည့် စီမံကိန်းပါ ပါရှိသည်ကို သိရသည်။

 

တရုတ်အတွက် မြန်မာနိုင်ငံသည် အင်မတန် မဟာဗျူဟာကျပြီး အရေးပါနေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးသည် မြန်မာနိုင်ငံကိုယ်တိုင်ထက်ပင် တရုတ်အတွက် ပို၍ အရေးကြီးနေသနေဟု ဆိုချင်သည်။


ဆိုရလျှင် တရုတ်သည် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်မှာ အလုပ်အကိုင်မပျက် ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လည်း အထက်ပိုင်းတစ်ခွင်၌ အရေးပါသည့်စီမံကိန်းများကို တရုတ်က ဟန်မပျက် အကောင်အထည် ဖော်နေသည်။ တရုတ်၏ ယူနန်ပြည်နယ်သည် ကုန်းတွင်းပိတ် ဖြစ်သည်။ မြန်မာနိုင်ငံသည် ယူနန်ပြည် အတွက် အသက်တမျှ အရေးပါသည်။ ယခုဆိုလျှင် တရုတ်သည် ရေလမ်းကို ကိုကိုးကျွန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကုန်လမ်းကို မြန်မာပြည်အလယ်ပိုင်း ခါးလယ်တစ်လျှောက်၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စသဖြင့်ကနေ စက်မှုဇုန်တွေ တည်ဆောက်ရေးထိ မြန်မာနိုင်ငံကို အဖက်ဖက်က ထိန်းချုပ်ထားနိုင်ရန် တည်ဆောက်ထားသည့်အသွင် ဆောင်နေပြီ ဖြစ်သည်။


တရုတ်အတွက် မြန်မာနိုင်ငံသည် အင်မတန် မဟာဗျူဟာကျပြီး အရေးပါနေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးသည် မြန်မာနိုင်ငံကိုယ်တိုင်ထက်ပင် တရုတ်အတွက် ပို၍ အရေးကြီးနေသနေဟု ဆိုချင်သည်။ မြန်မာပြည်တည်ငြိမ်ရေး ညီမျှခြင်း၏ ဟိုဘက်မှာတော့ ပြည်သူ့အစိုးရနှင့် ဒီမိုကရေစီ တိုင်းပြည်တော့ဖြင့် တစ်ထစ်ချ မဟုတ်နိုင်ပေ။ တရုတ်သြဇာခံ ထာ၀ရ ဖြစ်နေစေရန် မြန်မာပြည်သည် ညံ့ဖျင်းသောအစိုးရနှင့် ဟိုမရောက်ဒီမရောက် တိုင်းပြည်ဖြစ်နေမှသာ ဖြစ်ပေမည်။ စီမံခန့်ခွဲမှုညံ့ဖျင်းနေသည့် အစိုးရဖြစ်မှသာ တရုတ်၏ လက်ခုပ်ထဲကရေကဲ့သို့ သွန်လိုသွန်၊ မှောက်လိုမှောက် ပြုနေနိုင်မည် ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသို့ လမ်းသလားလွန်းလာသော တရုတ်၏အလှုပ်သည် မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက် အဓိကမဟုတ်၊ သူ့အကျိုးစီးပွားအတွက် မဖြစ်မနေအခြေဆိုက်လာ၍ ရုပ်လုံးထွက်ပြခြင်းဖြစ်သည် ဟုသာ ယူဆသည်။


နွေဦးတော်လှန်ရေးအောင်ပွဲကို မြန်မာပြည်သူတွေက ဘ၀သစ်ပြန်စရမည့် အပြောင်းအလဲအဖြစ် တစ်ထစ်ချ ယုံကြည်ထားကြသည်။ တရုတ်နိုင်ငံအတွက်ကတော့ မျက်ခုံးပင့်ကာ အံ့သြတုန်လှုပ်ရမည့် အခြေအနေ ဖြစ်လာသည်ဟု ယူဆဟန်ရှိသည်။ သို့အတွက်ကြောင့် တော်လှန်ရေးဦးဆောင်သူများ၏ အခန်းကဏ္ဍသည် အင်မတန် အရေးပါလာပြီလည်း ဖြစ်သည်။ အကိုင်အတွယ်မတတ်၍ တစ်ချက်မှားလျှင် တစ်တိုင်းပြည်လုံးမှောက်သွားပေမည်။ နွေဦးတော်လှန်ရေး၏ ဒီပလိုမေစီသည် စကစအရွေ့နှင့် တရုတ်အလှုပ်ကို ကြည့်ကာ မျှောလိုက်နေရန်မသင့်တော့ပါ။ နွေဦးတော်လှန်ရေး ပရင်စပယ်ဟာ ဒါပဲ ဆိုတာမျိုးကို ခိုင်မာရဲရင့်စွာ ထုတ်ပြရပေတော့မည့် အချိန်အခါ ဆိုက်လာပြီကို အထူး သတိပြုအပ်ပါကြောင်း။

˜˜˜˜

ကိုလူမိုဃ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။