Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဘက်ဂျက်၊ လက်နက်နဲ့ ရိက္ခာပြဿနာ ဘယ်လို အဖြေရှာကြမလဲ (အယ်ဒီတာ့အာဘော်)

ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးခရီးက အရေးကြီးတဲ့ အလှည့်အပြောင်းကာလတစ်ခုကို ရောက်လာနေပြီလို့ ငွေမောင်းယူဆပါတယ်။ ဓမ္မနဲ့ အဓမ္မ ဒီတိုက်ပွဲမှာ ဘယ်အရာက အဆုံးအဖြတ်ပေးမှာလဲဆိုတာ စဉ်းစားကြည့်ပါတယ်။ ပြည်သူလူထုထောက်ခံမှုက ဒီတိုက်ပွဲကို အဆုံးအဖြတ်ပေးမှာလား၊ လက်နက်အင်အားက အဆုံးအဖြတ်လား၊ ဒါမှမဟုတ် နိုင်ငံတကာရဲ့ ထောက်ခံမှုက အဆုံးအဖြတ်လား၊ ငွေကြေးပြည့်စုံမှုက အဆုံးအဖြတ်လား။ ဒီတိုက်ပွဲကို ဘယ်အချက်က အဆုံးအဖြတ်ပေးမှာလဲ။

 

ငွေမောင်းအမြင်ကတော့ စောစောက ပြောခဲ့တဲ့ ပြည်သူလူထုထောက်ခံမှု၊ လက်နက်အင်အား၊ နိုင်ငံတကာထောက်ခံမှု၊ ငွေကြေးပြည့်စုံမှု စတဲ့အချက်တွေ အကုန်လုံး သူ့နည်းသူ့ဟန်နဲ့သူ အရေးကြီးတာပါပဲ။ ဒါပေမဲ့ ဒီအချက်တွေ အားလုံးရဲ့ နောက်ကွယ်မှာ အရေးအပါဆုံး အချက်တစ်ချက်ရှိနေတာကိုတော့ ငွေမောင်းတို့ သတိပြုမိဖို့လိုပါတယ်။ အဲ့ဒါကတော့ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်သူတွေရဲ့  ဉာဏ်ရည်ဉာဏ်သွေးပါပဲ။ 

 

လူက ဘာကြောင့် တခြားသတ္တဝါတွေထက် သာနေရတာလဲဆိုရင် လူရဲ့ဉာဏ်ရည်ဉာဏ်သွေးကြောင့်ပဲ။ လူဟာ သူ့ရဲ့အားနည်းချက်၊ အားသာချက်တွေကို ကောင်းကောင်းသိပြီး ဒီအချက်တွေအပေါ်မှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တာကြောင့်ပါပဲ။

 

စာရေးဆရာကြီး (ဦး)အောင်သင်း စာပေဟောပြောပွဲတစ်ခုမှာ ပြောခဲ့တာလေးကို ငွေမောင်း ပြန်ပြီး အမှတ်ရမိပါတယ်။ ဆရာကြီးဦးအောင်သင်းက ပရိတ်သတ်ကို မေးပါတယ်။ သတ္တဝါတွေထဲမှာ ဘယ်သတ္တဝါက အသာဆုံးလဲလို့ မေးပါတယ်။ အားလုံးက ထုံးစံအတိုင်း “လူ” လို့ ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ ဆရာအောင်သင်း ပြန်ရှင်းပြတာက လူဟာ ဆင်လောက် ခွန်အားမကြီးဘူး၊ ငါးလောက် ရေကူးမမြန်ဘူး၊ ငှက်တွေလို မပျံသန်းနိုင်ဘူးတဲ့။ ဒါကြောင့် ဒီနေရာတွေမှာ လူဟာ အဲဒီသတ္တဝါတွေကို ဘယ်လိုမှ လိုက်လို့မမီဘူး။ ဒါပေမဲ့ လူက ဘာကြောင့် တခြားသတ္တဝါတွေထက် သာနေရတာလဲဆိုရင် လူရဲ့ဉာဏ်ရည်ဉာဏ်သွေးကြောင့်ပဲ။ လူဟာ သူ့ရဲ့အားနည်းချက်၊ အားသာချက်တွေကို ကောင်းကောင်းသိပြီး ဒီအချက်တွေအပေါ်မှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တာကြောင့်ပါပဲ။ ဆရာကြီးဦးအောင်သင်းရှင်းပြတဲ့အပေါ် ငွေမောင်း မှတ်မိသလောက်၊ ငွေမောင်း နားလည်ထားသလို ပြန်ပြောပြတာပါ။

 

အခုမြန်မာ့နွေဦးတော်လှန်ရေးအခင်းအကျင်းကို ကြည့်ရင်လည်း အလားတူပါပဲ။ ငွေမောင်းတို့ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ရဲ့အားသာချက်တွေကို ဘယ်လိုအသုံးချမလဲ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဘယ်လို ပြုပြင်ဖာထေးမလဲဆိုတာ စဉ်းစားကြရပါမယ်။ ငွေမောင်းအမြင်မှာတော့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူတွေရဲ့ ငွေအား လူအားနဲ့ တခဲနက်ထောက်ခံမှု၊ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေ ရနေပြီးသားပါ။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ မလွဲမသွေ ဖော်ဆောင်ရမယ့် လက်နက်ကိုင်တော်လှန်ရေးအတွက် အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ ဒီအားနည်းချက်က ငွေမောင်းတို့ နွေဦးတော်လှန်ရေးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်သွားမှာကိုတော့ ငွေမောင်းအလွန်ပဲ စိုးရိမ်မိပါတယ်။ 

 

ဒီနေရာမှာ နိုင်ငံတကာအလှူရှင်တွေရဲ့ အကူအညီကို အားကိုးရပါမယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကနေ ခေါင်းစဉ်အလိုက်ရနိုင်တဲ့ အကူအညီတွေ အများကြီး ရှိပါတယ်။

 

ငွေမောင်းတို့ ဘက်မှာ အဓိကပြဿနာ ၃ ရပ်ရှိနေပါတယ်။ အဲဒါကတော့ ဘက်ဂျက်၊ လက်နက်နဲ့ ရိက္ခာပြဿနာပါ။ ဘက်ဂျက်ဆိုတာ ဒီနေရာမှာ ဝင်ငွေ ထွက်ငွေ စာရင်းကို ဆိုလိုပါတယ်။ ငွေမောင်းတို့ရဲ့ ဝင်ငွေတွေက ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ကူညီထောက်ပံ့ငွေတွေပါ။ ဒီတိုင်းပဲ လှူလှူ၊ ဘွန်းတွေပဲ ဝယ်ဝယ်၊ နွေဦးထီပဲထိုးထိုး၊ အိမ်ခြံမြေအစုရှယ်ယာတွေပဲ ဝယ်ဝယ် ဒီငွေတွေအားလုံးက ပြည်တွင်းပြည်ပက ငွေမောင်းတို့ ပြည်သူတွေရဲ့ ငွေတွေပါပဲ။ ဒီတော့ ငွေမောင်းတို့ တော်လှန်ရေးရဲ့ အဓိက ဝင်ငွေရလမ်းက ပြည်သူတွေဆီကလို့ ဆိုရပါမယ်။ ပြည်သူတွေ ခက်ခဲကျပ်တည်းလာတာနဲ့အမျှ ငွေမောင်းတို့ရဲ့ ဝင်ငွေရလမ်းဟာလည်း မဖြောင့်မဖြူး ဖြစ်လာမှာ အသေအချာပါပဲ။ ဒီတော့ တခြားရပေါက်ရလမ်းတွေ စဉ်းစားရပါမယ်။ 

 

ဒီနေရာမှာ နိုင်ငံတကာအလှူရှင်တွေရဲ့ အကူအညီကို အားကိုးရပါမယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကနေ ခေါင်းစဉ်အလိုက်ရနိုင်တဲ့ အကူအညီတွေ အများကြီး ရှိပါတယ်။ ထင်ရှားတဲ့ ခေါင်းစဉ်တွေကို ပြောရရင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားရေးရာ၊ လူသားချင်းစာနာမှု၊ စိုက်ပျိုးမွေးမြူရေးစတဲ့နယ်ပယ်တွေမှာ ထိုက်သင့်တဲ့အထောက်အပံ့တွေ ရနိုင်ပါတယ်။ တကယ်ဆို ဒီထက်မကပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ အသေးစိတ်ကို ငွေမောင်း မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငွေမောင်းတို့ NUG အစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေထဲမှာ ဒီလို ပရောဂျက်တွေနဲ့ ငွေရှာလို့ရမှန်းသိတဲ့သူတွေ၊ ရှာလည်းရှာခဲ့ဖူးသူတွေ အများကြီး ရှိနေလို့ပါပဲ။ ဒါပေမဲ့ ခုမှ ဘာကြောင့် မရှာကြလဲဆိုတာတော့ ငွေမောင်းနားလည်ရခက်မိပါတယ်။ ငွေမောင်းအဓိက ပြောလိုတာကတော့ တော်လှန်ရေးက တစ်နှစ်ကျော်ကြာလာပြီမို့ ဦးဆောင်သူတွေအနေနဲ့ ဝင်ငွေရလမ်းကို ချဲ့ကြဖို့ အချိန်တန်ပါပြီ။

 

ဒီကနေ့အထိ လက်နက်ရရှိရေးအတွက် အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတွေဟာ တခြားနိုင်ငံတစ်ခုခုက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး လက်နက်ရရှိရေး ကြိုးပမ်းနေတာမျိုး အတွင်းသတင်းရော၊ အပြင်သတင်းမှာပါ ငွေမောင်း မကြားမိသေးပါဘူး။

 

နောက်ပြဿနာတစ်ရပ်ကတော့ လက်နက်ပြဿနာပါ။ နိုင်ငံတကာကို လက်နက်ကူဖို့ဆိုတာ မီဒီယာတွေကနေ အင်တာဗျူးတွေပေးပြီး အော်နေရုံနဲ့တော့ ဖြစ်မလာနိုင်ဘူးလို့ ငွေမောင်းယူဆပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာဆက်ဆံရေးမှာ လမ်းပေါက်တွေဖွင့်၊ ဆက်ဆံရေးတွေမြှင့်လို့ ထိုက်သင့်တဲ့ အောင်ပွဲတွေ ရနေပါပြီ။ ဒါပေမဲ့ လက်နက်ကိစ္စမျိုးကျတော့ နိုင်ငံခြားရေးနဲ့ မဆိုင်ဘူးဆိုတာကို ငွေမောင်းတို့ဝန်ကြီးတွေ သတိမှ ပြုမိကြရဲ့လားလို့ ငွေမောင်းစိုးရိမ်တကြီး တွေးမိပါတယ်။ ဒီကနေ့အထိ လက်နက်ရရှိရေးအတွက် အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတွေဟာ တခြားနိုင်ငံတစ်ခုခုက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး လက်နက်ရရှိရေး ကြိုးပမ်းနေတာမျိုး အတွင်းသတင်းရော၊ အပြင်သတင်းမှာပါ ငွေမောင်း မကြားမိသေးပါဘူး။ တွေ့ဆုံစကားပြောခွင့် ရဖို့ရော ကြိုးပမ်းနေရဲ့လား၊ ပြည်သူ့တွေဆီက ရတာနဲ့ပဲ လက်နက်ရဖို့ ကြိုးစားနေတုန်းလား ငွေမောင်း သံသယဖြစ်မိပါတယ်။

 

နောက်ဆုံးတစ်ချက် ပြောချင်ပါသေးတယ်။ ငွေမောင်းကို လျှာရှည်တယ်လည်း မထင်ကြပါနဲ့။ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ သင်တန်းတွေ တက်ပြီး လက်နက်ရဖို့ စောင့်နေတဲ့ရဲဘော်လေးတွေအများစုက တောထဲတောင်ထဲမှာပါ။ ကာကွယ်ရေးဝန်ကြီး တစ်ခါပြောတာအမှတ်ရမိပါတယ်။ သူပြောတာကို တချို့လူတွေက ဝမ်းသာကြပေမယ့် ငွေမောင်းကတော့ ခေါင်းကြီးသွားမိခဲ့ဖူးပါတယ်။ 

 

ဝန်ကြီးပြောတာက PDF တပ်သားအင်အား တစ်သိန်းကျော်ပြီတဲ့။ ဟုတ်ကဲ့။ ရုတ်တရက်ဆိုရင်တော့ ဝမ်းသာစရာပါ။ ကိုယ့်အင်အား မသေးဘူးပေါ့။ ဒါပေမဲ့ ငွေမောင်း သိထားသလောက် ရဲဘော်တွေအများစုမှာ လက်နက်မရှိပါဘူး။ သူတို့မှာ လက်နက်မရှိပေမယ့် ပါးစပ်တော့ ရှိနေကြပါတယ်။ ရဲဘော်တစ်ယောက် တစ်နေ့ တစ်ထောင်နှုန်းပဲ စားစရိတ်တွက်ကြည့်ပါဦး။ ရဲဘော်တစ်သိန်းဆိုရင် တစ်နေ့စားစရိတ်သက်သက်တင် သိန်းတစ်ထောင်ဖြစ်နေပါပြီ။ တစ်လဆိုရင်… ငွေမောင်းဆက်မတွေးရဲပါဘူး။ ပြည်သူတွေ ဘယ်လောက်တောင့်ခံနိုင်ကြမလဲ။ ငွေမောင်းတို့ နည်းလမ်းရှာသင့်ကြပါပြီ။ 

 

''ဝန်ကြီးဌာနက ထောက်ပံ့တဲ့ ရိက္ခာစရိတ်က တစ်နေ့ နှစ်ထောင်လောက်ရတယ် အစ်ကို၊ အခုလို စိုက်စား မွေးစားတော့ ငွေလေးဘာလေး ပိုထွက်လာရင် ကျနော်တို့လည်း လက်နက်လေး ဘာလေး ဝယ်နိုင်တာပေါ့”တဲ့။ 

 

လွတ်မြောက်နယ်မြေထဲက ရဲဘော်လေးတွေရဲ့ စခန်းတချို့ကို ငွေမောင်းရောက်တော့ တချို့နေရာတွေမှာ ရဲဘော်လေးတွေ စိုက်ပျိုး၊ မွေးမြူရေးလေးတွေ လုပ်ထားတာ တွေ့ပါတယ်။ ဒါနဲ့ ငွေမောင်း စပ်စုကြည့်မိပါတယ်။ ဝန်ကြီးဌာနရဲ့ အစီအမံနဲ့ စိုက်ထား မွေးထားကြတာလားလို့ဆိုတော့။ ရဲဘော်လေးတစ်ယောက်က ပြန်ဖြေတယ်။ ကျနော်တို့ ဘာသာ စိုက်ထား မွေးထားတာပါတဲ့။ ပြီးတော့ သူ ဆက်ပြောတဲ့စကားကို နားထောင်ပြီး ငွေမောင်းရင်ထဲ ဆို့နင့်သွားခဲ့ရဖူးပါတယ်။ သူက “ဝန်ကြီးဌာနက ထောက်ပံ့တဲ့ ရိက္ခာစရိတ်က တစ်နေ့ နှစ်ထောင်လောက်ရတယ် အစ်ကို၊ အခုလို စိုက်စား မွေးစားတော့ ငွေလေးဘာလေး ပိုထွက်လာရင် ကျနော်တို့လည်း လက်နက်လေး ဘာလေး ဝယ်နိုင်တာပေါ့”တဲ့။ 

 

စီမံခန့်ခွဲမှုကောင်းကောင်း၊ တီထွင်ဖန်တီးမှုကောင်းကောင်း၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းကောင်းနဲ့ ခေါင်းဆောင်မှုကောင်းကောင်း တော်လှန်ရေးကို ရဖို့ ငွေမောင်းတို့ နည်းလမ်းရှာကြရပါဦးမည်။

~~~~

အယ်ဒီတာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။