စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်၊ ပန်ရံပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ပျူစောထီး (၅)ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ (၄)ရက်၊ ည (၇)နာရီ၊ မိနစ် (၄၀)လောက်က ပန်းရံပျူစောထီးရွာကို ဗုံး (၁၄)လုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၂)ဦး ပွဲချင်းပြီး သေဆုံးကာ ပြင်းထန်ဒဏ်ရာရ (၁၀)ဦးအနက် (၃)ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။
“ပွဲချင်းပြီးသေတာတို့ ဆေးရုံပေါ်မှာ သေတာတို့ဆိုတာက ကျနော်တို့ရဲ့ သတင်းပေးတွေဆီကနေ အခိုင်အမာသိရတာပါ။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေကလည်း ဒဏ်ရာပြင်းတယ်လို့ သိရလို့ နောက်ထပ် ဆက်သေဖို့ရှိနိုင်ပါတယ်။ ညဘက် ဒရုန်းလာတာ မသိလိုက်တဲ့အချိန်မှာ ဗုံးသီးတွေ အုံးဒိုင်းကျလာတာ ခံရတာ” လို့ ဗုံးကြဲရာမှာ ပါဝင်တဲ့ ရွှေဘို LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ (၁)ရက်နေ့ကနေ (၃)ရက်နေ့အထိ ရွှေဘိုမြို့နယ်၊ သီးလုံပျူရွာကို (၃)ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ပျူစောထီး (၂)ဦးဒဏ်ရာရပြီး ရွှေဘိုဆေးရုံကနေ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရကြောင်းလည်း ဗိုလ် ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
ဒီဇင်ဘာ (၄)ရက်မှာလည်း ရွှေဘိုတောင်မုဒ်ပေါက်ရှိ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Wild Tiger LPDF ၊Bo Ba Taw Shwebo-LPDF၊ တိမ်လွှာအဖွဲ့ ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး-ရွှေဘို LPDF၊ Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။