မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်ခွာလာတဲ့ စစ်သားတင် ယာဉ်တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားစုတ်ပြတ်သွားကြောင်း သိရပါတယ်။
နိုဝင်ဘာ (၂၈)ရက်၊ မနက် (၂)နာရီလောက်မှာ မုံရွာတောင်ဘက်သို့ ထွက်လာတဲ့ အဲဒီကားကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရှေ့ထွက်မိုင်း (၃)လုံးတွဲနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Area71 Monywa( PDF) က သတင်းထုတ်ပြန်ပါတယ်။
ကားပေါ်က စစ်သားတွေနဲ့ ကင်းစောင့်နေတဲ့ ပျူစောထီးတွေက ပြန်လည် ရမ်းပစ်တာကြောင့် နောက်ထပ် မိုင်း (၅)လုံးတွဲနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ရာ ဘက်ထရီ အားကုန်နေတာကြောင့် ဖောက်ခွဲလို့မရ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
“အဲဒီစစ်ကား ရှေ့ဆက်တိုးလာရင် မိုင်းဆွဲဖို့ စောင့်နေတဲ့အဖွဲ့တွေလည်း ရှိတယ်။ ကားက ပြန်လှည့် သွားတယ်လို့ ကြားတယ်။ ကားပေါ်က မိုင်းထိထားတာတွေရှိလို့ မုံရွာစစ်ဆေးရုံ ပြန်ပို့တာလို့ ကြားတယ်။ သေဆုံး၊ ထိခိုက်စာရင်းတော့ မသိဘူး” လို့ ချောင်းဦး အခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
သန်းခေါင်းကျော် မိုင်းဆွဲတိုက်ခိုက်မှုကို Area71 PDF နဲ့ ANYAR DEFENSE FORCE (ADF)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။