စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးရွာ (၃)ရွာကို တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ရာ စစ်သားနဲ့ ပျူ (၂၀)လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
မြေပြန့်လှိုင်း ပထမ စစ်ဆင်ရေးအဖြစ် ရွှေဘိုမြို့နယ် ဆီးဖြူကုန်း၊ ညောင်ကိုင်းနဲ့ တည်သီးတော ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။
“တကယ်ဝင်တိုက်တာက တည်သီးတောကို တိုက်တာ။ ကျန်တာတွေက ဟန့်ထားလိုက်တဲ့သဘောပဲ။ ဘာလို့လဲဆိုတော့ ဒီဘက်မှာဝင်တိုက်ချိန် ဟိုဘက်ကနေ လာကူတာမျိုးကို ဟန့်တာ။ စခတွေ တည်သီးတောမှာ အထိနာတော့ လေကြောင်း ပစ်ကူလာရတယ်” လို့ တိုက်ပွဲဝင် ဒီပဲယင်း PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ တပ်ကူရောက်လာတာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ Zero ပြောက်ကျားက သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း-၇၊ BNRA က ရတနာသိင်္ခစစ်ကြောင်း၊ ဝိမောက္ခ စစ်ကြောင်း၊ မိထ္ထီလာ ဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး PDF ရဲဘော် (၆)ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုအပြီး ပြန်လာတဲ့ PDF ရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုကြကြောင်း သိရပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။