ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ စစ်ရှောင်ပြည်သူ (၂)ဦး စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ (၂၀)ရက်၊ ည (၁၀)နာရီခွဲလောက်က စကခ (၁၂) လက်အောက်ခံ (၃၁၂)အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ ၈၁(မမ)ဗုံးသီးဟာ ကော့ကရိတ်မြို့၊ မြို့တော်ဦးရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ (၂)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ကျည်ထိမှန်သူတွေဟာ ကော့ကရိတ်မြို့၊ နန့်ကော်ထိုးရပ်ကွက်နေ ပြည်သူတွေဖြစ်ပြီး သူတို့ဟာ မြို့တော်ဦးရပ်ကွက်သို့ လာရောက်စစ်ရှောင်နေသူများ ဖြစ်ကြောင်း သိရပါတယ်။
“စစ်တပ်နားတို့ ဌာနဆိုင်ရာနားတို့မှာ နေတဲ့သူတွေ အကုန်နီးပါးပဲ စစ်ရှောင်နေကြပြီ။ တချို့လည်း သွားစရာတခြားမြို့မရှိတော့ ကိုယ့်မြို့ပေါ်မှာပဲ အန္တရာယ်ကင်းမယ်ထင်တဲ့ ရပ်ကွက်တွေပေါ့။ အဲက ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ အကုန်စုနေတာမျိုးပေါ့။ ပြောင်းနိုင်သူတွေကတော့ တခြားမြို့ပြောင်းသွားကြပြီ။ ယောကျာ်းသားတွေကို အိမ်စောင့်ထားခဲ့ပြီး ပြောင်းကြတာလည်းရှိတယ်” လို့ ကော့ကရိတ်မြို့ အနီးစစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်တွေကိုလည်း အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း သူကဆိုပါတယ်။
နိုဝင်ဘာ (၂၀)ရက်၊ စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒီလူသတ်မှုကို နောင်တစ်ချိန် ပြန် လည်ဖြေရှင်းနိုင်ဖို့ ကျားဖြူစစ်ကြောင်းက မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။