Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မအလပလန် အင်္ဂါဂြိုဟ်ဆီ​ပြေးရန် (SATIRE)

မအလရဲ့ လျှို့ဝှက်စွာနဲ့ အကြံကြီးကြံစည်လိုက်တဲ့အမှုဟာ အခုတော့ အကောင်အထည် ​ပေါ်စပြုလာပြီ ဖြစ်ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ယူကရိန်းကို ရုရှား ဝင်တိုက်​အောင် ပူတင်ကို သွား​မြှောက်​ပေးခဲ့တဲ့ ဖြစ်စဥ်ကနေ အခု ဟားမတ်စ်တွေ အစ္စရေးကို ရော့ကက်အလုံးပေါင်း ထောင်နဲ့ချီပစ်ခတ်လိုက်တာထိ မအလရဲ့လက်ချက်တွေပါပဲ။ ခင်ဗျားတို့တွေကသာ မအလကို ဉာဏ်ပုတယ် ဉာဏ်ပုတယ်နဲ့ လှောင်ပြောင်သရော်နေကြပေမဲ့ ဒီဘဲက ခင်ဗျားတို့ထက်တောင် လာဘ်မြင်လိုက်သမှ လျှပ်လျှပ်ကိုပြေးနေပါတယ်။

 

ကျုပ်ပြောလိုက်လို့ ခင်ဗျားတို့တစ်တွေ တအံ့တသြ ဖြစ်မသွားကြပါနဲ့။ မအလအခုလိုကြံနိုင်အောင် ကြီးစွာ အထောက်အပံ့ပြုနိုင်သူကလည်း ရှိသေးသဗျ။ အဲဒီသူက ခင်ဗျားတို့တွေ  ခေါခေါ ခေါခေါနဲ့ ခေါ်နေတဲ့ မအလမိဖုရားခေါင်ကြီး ခေါခေါကြူလှပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအစက ကျောက်ဖြူက စတာပဲဗျ။ ခေါခေါကြူလှဟာ ရုပ်မလှပေမဲ့ ဒီအတိုင်းနေရုံနဲ့ ပြုံးချိုသယောင် မျက်နှာသွင်ပြင်ဖြစ်နေတယ်။ မရယ်မပြုံးဘဲနဲ့ သွားလေးနှစ်ချောင်းက အမိုးကဲလားလို ရှေ့ထွက်နေတာကို လူတွေက မျက်နှာချိုတယ်လို့ ထင်မှတ်သွားကြတာကိုး။ ခေါခေါကြူလှ ကျောက်ဖြူ မူလတန်းကျောင်းမှာ နေစဥ်က ချင်းပြည်ဘက်ကနေရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ကြတယ်။ ခေါခေါကြူလှရဲ့ ရှေ့သွားလေးနှစ်ချောင်း ငေါထွက်နေတာကို ပြုံးချိုချို မျက်နှာအဖြစ် အထင်မှားတဲ့အထဲမှာ အဲဒီ ချင်းပြည်ကရောက်လာတဲ့ ကောင်လေးလည်းပါတယ်။

 

စကားမစပ် အဲဒီချင်းပြည်ဘက်ကရောက်ကလာတဲ့ ကောင်လေးရဲ့ ရာဇဝင်ကို ဆက်စပ်ပြဖို့ လိုအုံးမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မအလနဲ့ ခေါခေါကြူလှတို့ ကျိတ်ကြံတဲ့ ဇာတ်လမ်းမှာ အဲဒီကောင်လေးက အဓိကဇာတ်ပို့ ဖြစ်နေလို့ပါပဲ။

 

ဒီလိုဗျ ရောမခေတ်မတိုင်မီ နှစ်ပေါင်းထောင်ချီကတည်းက ဂျူးလူမျိုးတွေဟာ ဂျေရုဆလင်မှာ စတင်သန္ဓေတည်တယ်လို့ ဆိုကြပါတယ်။ အဲဒီကနေမှ ကမ္ဘာ့နေရာအသီးသီးကို ပြန့်ကျဲထွက်သွားတယ်လို့ ဆိုကြတယ်။ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာတော့ အခု တူရကီလို့ ခေါ်ကြတဲ့ အော်တိုမင်အင်ပါယာကြီးနဲ့ ဗြိတိသျှအင်ပါယာတို့ ထိပ်တိုက်တွေ့ကြတာက စပါတယ်။ ပထမကမ္ဘာစစ်စတင်တော့ ဗြိတိသျှနဲ့ ပြင်သစ်တို့က ကုလားဖန်ထိုးပြီး အာရပ်တွေနဲ့ ဂျူးတွေကို သူတို့ဘက်က ကူတိုက်ပေးရင် နိုင်ငံသစ် တည်ထောင်ပေးမယ်လို့ ကတိစကားထားခဲ့ကြတယ်။ အဲဒီကနေ ပထမကမ္ဘာစစ်ကြီးပြီးတော့ စစ်ရှုံးတဲ့တူရကီတို့ရဲ့ ​အော်တိုမင်အင်ပါယာကြီး ကျဆုံးသွားတယ်။ အာရပ်နိုင်ငံသစ်တချို့​ပေါ်​ပေါက်လာ​ပေမဲ့ ဂျူး​တွေဟာ ဗြိတိသျှလက်​အောက်မှာပဲရှိခဲ့ပါတယ်။ နိုင်ငံအ​နေနဲ့​တော့မရ​သေးပါဘူး။ ဒုတိယကမ္ဘာစစ်ပြီးမှ ဥ​ရောပ​နိုင်ငံအသီးသီးကို ​ရောက်ရှိ​နေတဲ့ ဂျူး​တွေကို ​ခေါ်ကာ စုစည်း​ပေးပြီး အစ္စ​ရေးနိုင်ငံအဖြစ် တည်​ပေးလိုက်​တော့မှ ​ပေါ်​ပေါက်လာတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေစတင်ခဲ့တဲ့ အစ္စရေးနိုင်ငံဟာ အာရပ်နိုင်ငံတွေကြားမှာ ရန်တွေတချိန်းချိန်းဖြစ်ရင်း ရပ်တည်လာလိုက်တာ အခုချိန်ထိပါပဲ။

 

နှစ်ပေါင်းများစွာက ရာဇ၀င်ထဲမှာ ကွဲကွာသွားတဲ့ ဂျူးတွေထဲက မျိုးစိတ်ဟာ မြန်မာနိုင်ငံက ချင်းမျိုးနွယ်တွေထဲမှာ ဂျူးသွေးတွေအဖြစ် ​ရောက်ရှိခဲ့တယ်လို့ ရာဇဝင်လာအဖြစ် ဂျူးဒစ်ဇင်တွေက ယုံမှတ်ထားကြတယ်။ အဲသလို ဂျူးမျိုးနွယ်လို့ ယူဆခံရတဲ့ ဒဏ္ဍာရီတစ်ပုဒ်လို့ ဆိုကြပါစို့။ ချင်းပြည်ဘက်က​နေ ရခိုင်ဘက်ရောက်လာတဲ့ ချင်းကောင်လေးကိုလည်း ဂျူးသွေးလို့ပဲ ခေါခေါကြူလှက တစ်ထစ်ချထင်မှတ်လိုက်ပါတယ်။ အတိုချုပ်ရရင် ခေါခေါကြူလှနဲ့ အဲဒီ ဂျူးအနွယ်ကောင်လေးတို့ဟာ ​ကျောက်ဖြူက မူလတန်း​ကျောင်း​လေးမှာ ကလေးရည်းစားဖြစ်သွားကြလေသတည်းပေါ့။ အဲဒီမှာ ကလေးရည်းစားတို့ထုံးစံအတိုင်းဆိုရမှာပေါ့ ကတိကဝတ်တွေပေးကြတယ်။ နောင် ကြီးလာတဲ့အခါမှာ လူချင်းပြန်ဆုံသည်ဖြစ်စေ၊ မဆုံသည်ဖြစ်စေ အဆက်အသွယ် တစ်စုံတစ်ရာ ပြန်ရခဲ့ရင် အပြန်အလှန် ကူညီစောင်မကြဖို့ စကားကတိထားကြတာမျိုး ပါပုံရပါတယ်။

 

၂၀၀၀ ပြည့်နှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ ဖက်ဆစ်တပ်တော်ကြီးဟာ စစ်ပညာတော်သင် အများစုကို လွှတ်ခဲ့တာ ရုရှားကိုပဲ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုကို ကျူးလွန်ပြီးတော့ မအလဟာ ရုရှားဆီ ဂဒီး ဂဒီး သွားနေတာကို သတိထားမိကြမယ် ထင်ပါတယ်။ အဲဒါက ခေါခေါကြူလှရဲ့ အကြံတွေပဲ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ခေါခေါရဲ့ ငယ်ရည်းစားလေးဟာ ရုရှားမှာ ဂျူးသူဌေးကြီးတစ်ယောက်အဖြစ် ထင်ရှားနေတယ်ဆိုတာကို ခေါခေါကြူလှ သတင်းအနံ့ရထားလို့ပါပဲ။ အင်္ဂလန်ပရီမီးယားလိဂ်က ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်စီးအသင်းပိုင်ရှင်ဖြစ်ခဲ့ဖူးတဲ့ အီဗရာဟင်မိုဗစ်တို့လို ဂျူးသူဌေးကြီးတွေဟာ ရုရှားမှာ အခြေစိုက်ရှင်သန်ကြပါတယ်။

 

ဒါကြောင့်သာပဲ မအလဟာ ရုရှားအာဏာရှင်ပူတင်နဲ့ တွေ့ရဖို့ကို ချောင်းပေါက်မတတ် သွားခဲ့ရတာပေါ့။ တွေ့ခွင့်ရလိုက်တာနဲ့ မအလက ပူတင့်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်တယ် ဘာညာနဲ့ နွားပြာကြီးအောက်သွားမရှိသလို သွားဖြဲကြီးနဲ့ ဖော်လံဖားခဲ့တာ မှတ်မိကြအုံးမယ် ထင်ပါတယ်။ ပူတင့်ကို ​မြှောက်​ပေးပြီး ယူကရိန်းကို ဝင်တိုက်ဖို့အကြံ​ပေးလိုက်တာဟာ မအလလက်ချက်ပါပဲ။ ပူတင်ကတစ်ဆင့် မအလဟာ ခေါခေါရဲ့ ငယ်ရည်းစားလေးတစ်ဖြစ်လဲ ဂျူးသူဌေးကြီးကို ရှာဖွေတွေ့နိုင်ခဲ့တယ်။ စကတည်းက မအောင်မြင်တဲ့ မအလရဲ့ အာဏာသိမ်းမှု လမ်းဆုံးသွားရင် မအလဟာ သူ့ထွက်ပေါက်ရဖို့ အစီအမံတွေ စတင်ပါတော့တယ်။ ဂျူးသူဌေးကြီးကိုလည်း ရုရှားယောင်ဆောင်စေပြီး နေပူတော်ဆီပင့်လာကာ သူ့ရဲ့ စံမြန်းရာဘုံ အဝီစိလိုဏ်ခေါင်းထဲမှာ ခေါခေါကြူလှနဲ့ ပေးတွေ့စေခဲ့ပါတယ်။ ခေါခေါကြူလှတစ်ယောက်လည်း ငယ်ရည်းစားနဲ့ ပြန်တွေ့ရလို့ သူ့ရဲ့ ကဲလားဖြစ်နေတဲ့ သွားနှစ်ချောင်းဟာ ကနားဖျင်းဖြစ်သွားတဲ့အထိ သဘောခွေ့သွားတာပေါ့ ခင်ဗျာ။ နောက်ဆုံးတော့ မအလနဲ့ ခေါခေါကြူလှရယ်၊ ဂျူးသူဌေးကြီးရယ် သုံးယောက်သားဟာ နေပူတော်ကနေ အဝီစိထိပေါက်နိုင်တဲ့ လိုဏ်ခေါင်းထဲမှာ ခေါင်းချင်းဆိုင်ပြီး အကြံအစည်တစ်ခုကို စတင်လိုက်ပါတော့တယ်။

 

အဲဒီအကြံအစည်ကတော့ အခု လတ်တလောမှာ ဖြစ်ပျက်နေတဲ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ အစ္စရေးကို တိုက်ခိုက်လိုက်တဲ့ အဖြစ်ပါပဲ။ အခုဆို အစ္စရေးရဲ့ တုံ့ပြန်မှု၊ လက်ဘနွန်က ဟစ်ဘိုလာ စစ်သွေးကြွတွေရဲ့ ဟားမတ်စ်တွေဘက်က ပူးပေါင်းတိုက်ခိုက်လာမှုတွေအထိ ဖြစ်လာပါပြီ။ ပြီးရင် အစ္စ​ရေးဘက်က ဝင်လာမှာက အမေရိကန်နဲ့ အ​နောက်ဥ​ရောပနိုင်ငံ​တွေ။ အမေရိကန်က အစ္စရေးကိုကူညီဖို့ စစ်သင်္ဘောတွေ တဝီဝီနဲ့ ပို့လွှတ်နေပါပြီ။ အီရန်ကလည်း ဟားမတ်စ်တွေရဲ့ နောက်ကွယ်ကလို့ ဆိုသူတွေကဆိုနေကြပါတယ်။ တချို့ကလည်း ဟားမတ်စ်​တွေရဲ့ စစ်လက်နက်နဲ့ ဗျူ​တွေတိုးတက်လာတာ ရုရှားဆီကလို့ ​ပြောကြတယ်။ အစ္စရေးဘက်ကလည်း နေတိုးအုပ်စုဝင်တွေဖြစ်တဲ့ ဗြိတိန်၊ ဂျာမန်၊ ပြင်သစ် စသဖြင့် ရှိနေကြပါတယ်။ ပြောရရင် ကမ္ဘာစစ်ကြီးဖြစ်ဖို့ထိ အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

အဲဒီလို ကမ္ဘာစစ်အခြေအနေထိ ဖြစ်စေအောင် ဖန်တီးကြံဆောင်သူ လက်သည်ကတော့ မအလပါပဲ ခင်ဗျာ။။ ကမ္ဘာစစ်ကြီးဖြစ်မှ မြန်မာပြည်က သူထွက်လို့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် ဖြစ်ထွန်းလာတဲ့ pdf တွေရဲ့ စစ်ရေးအရ တုံ့ပြန်မှုကို သူ ဒဏ်မခံနိုင်တော့ပါဘူး။ မအလဖက်ဆစ်တပ်ကြီးဟာလည်း တဖြုတ်ဖြုတ်ကြွေနေရုံမက တအိအိပြိုဆင်းနေပြီ မဟုတ်ပါလား။ မအလအဖို့ လက်နက်ချ အညံ့ခံဖို့ကလည်း မဖြစ်နိုင်တော့အောင် သူ့လည်ပင်းကို လာစွပ်မယ့် ကြိုးကွင်းကို လှမ်းမြင်နေရလို့ ဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေက တန်းစီနေတော့ ဘယ်လိုမှ ရှောင်လို့လွတ်စရာ လမ်းမရှိတော့ပါဘူး။ သည်တော့ ကိုယ်လွတ်ရုန်းဖို့ပဲ အားထုတ်တော့မှ ဖြစ်မယ့်အခြေအနေပါပဲ။

 

မအလဟာ ကမ္ဘာ့မြေပုံကို နေ့တိုင်းကြည့်ပြီး ကျိတ်ကြံနေပါတယ်။ အဲဒီမှာ အနည်းအပါး ပဋိပက္ခတချို့တလေ ဖြစ်လိုက်ရပ်လိုက်ကလွဲပြီး နှစ်ပေါင်းငါးဆယ်ကြာ ကြီးကြီးကျယ်ကျယ် မဖြစ်တော့တဲ့ ဂါဇာကမ်းမြောင်ဒေသကို သွားတွေ့မိပါတယ်။ ဂါဇာကမ်းမြောင်နဲ့ အာရပ်ကမ္ဘာမှာ စစ်မီးထတောက်အောင် ဘယ်လိုလုပ်ရပါ့။ မအလ၊ ခေါခေါကြူလှနဲ့ ခေါခေါရဲ့ ငယ်ရည်းစားဟောင်း ဂျူးသူဌေးတို့ ခေါင်းသုံးခေါင်းဆိုင်လိုက်တော့ အကြံအစည်တွေ ထွက်လာပါတော့တယ်။ အဲဒါကတော့ စစ်မီးရုတ်တရက် ထတောက်စေမယ့် စနက်တံကို မီးစရှို့ဖို့ပဲ ဖြစ်ပါတယ်။ ငါးထောင်စားစရိုက်တွေနဲ့ မြန်မာတစ်ပြည်လုံးကို ဖျက်ဆီးနေကျ မအလအဖို့ ကြာကြာမကြံစည်လိုက်ရပါဘူး။ ခေါခေါကြူလှရဲ့ ငယ်ရည်းစား ဂျူးသူဌေးရဲ့ အဆက်စပ်နဲ့ ဂါဇာကမ်းမြောင်ဒေသက ဂျူးအစွန်းရောက်တချို့ကို ငါးထောင်စားအဖြစ် မွေးမြူလိုက်တယ်လို့ ယူဆရပါတယ်။ အာရပ်တွေနဲ့ ဂျူးတွေရဲ့ သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတဲ့ ဘုရားကျောင်းတစ်ခုထဲကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဂျူးအစွန်းရောက်တွေက အတင်း၀င်ရောက်၀တ်ပြုပါတယ်။ ဒါကို ဟားမတ်စ်တွေ မကျေမနပ် ဖြစ်ကြပါတယ်။ ဟားမတ်စ်တွေ ကြွလာအောင် ကာတင်ပစ်လိုက်တဲ့သဘောပါပဲ။ ပြောရရင်တော့ အဲဒီပြဿနာကို အကြောင်းပြုပြီး ဟားမတ်စ်စစ်သွေးကြွတွေဟာ ၇.၁၀.၂၀၂၃ ရက်နေ့နံနက်မှာ ရော့ကက်ဒုံးကျည်အစင်းပေါင်း ၅၀၀၀ ကျော်ပစ်လွှတ်လိုက်ခြင်းနဲ့ အစ္စရေး - ဟားမတ်စ် (ပါလက်စတိုင်း) စစ်ပွဲကို စတင်စေလိုက်ပါတယ်။ တတိယကမ္ဘာစစ်အထိဖြစ်လာရင် နျူကလိယားဗုံး​တွေ ဖင်ခုထိုင်ထားပြီး သွေးဆာ​​နေတဲ့သူ​တွေက တစ်ကမ္ဘာလုံး အစအန​တောင်မကျန် ကြွ​စေမှာဖြစ်ပါတယ်။ ဒီအ​ခြေအ​နေကလွတ်​မြောက်လိုသူ မအလတစ်သိုက်က​တော့ အီလွန်မတ်နဲ့ချိတ်ဆက်ထားပုံရပြီး  အင်္ဂါဂြိုဟ်ဆီ မနှေးအမြန် ပြေးကြမယ်လို့ ထင်မြင်မိကြောင်းပါခင်ဗျား။

 

(လူမျိုးရေး၊ ဘာသာရေးအရ မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်း အလျဉ်းမရှိပါ၊ လက်ရှိ ကမ္ဘာ့အဖြစ်အပျက်အပေါ် အခြေခံပြီး မအလကို သရော်ခြင်းသာ ဖြစ်ပါကြောင်း)

 

˜˜˜˜

​နွေဦးစင်​ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။