ကောလင်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အန္တရာယ်ကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ (၅)ရက်၊ ညနေ (၅)နာရီခွဲလောက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မရဲစခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ရဲစခန်းအချုပ်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ထုတ်ကာ လုံခြုံတဲ့နေရာမှာ ထားရှိကြောင်း Kawlin Revolution က သတင်းထုတ်ပြန်ပါတယ်။
ကောလင်းမြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ခေါ်ထုတ်သွားမယ် လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ (၄)ရက်နဲ့ (၅)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်(၂၀) ရှိခဲ့ပေမဲ့ တော်လှန်ရေးရဲဘော် (၅)ဦး ဒဏ်ရာရခဲ့ကာ ပြည်သူတွေ ထိခိုက်မှုနည်းပြီး အပျက်အစီးလည်း ထင်သလောက်မများကြောင်း Kawlin Info ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
“မြို့တွင်းအခြေအနေကိုတော့ ကျနော်တို့က မြို့ပြင်ရောက်နေပြီမို့ သေချာမသိသေးဘူး။ စစ်တပ်က လေယာဉ်နဲ့ ပစ်နေပေမဲ့ ထိရောက်မှုမရှိဘူးလို့ ထင်တယ်” လို့ ကောလင်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ (၅)ရက်မှာ ဝန်သိုကနေလည်း ဟောင်ဝှစ်ဇာအမြောက်နဲ့ ကောလင်းသို့ (၉)ချက် လှမ်းပစ်သေးကြောင်းလည်း သိရပါတယ်။
ကောလင်းမြို့တွင်း ပိတ်မိနေသူများစွာကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ရှောင်ဦးရေ (၅)သောင်း အထက်ရှိကြောင်းလည်း Kawlin Info က ဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။