ရှမ်းမြောက်ဒေသရှိ မဟာမိတ် ညီနောင် တပ်ဖွဲ့တွေနဲ့ BPLA တပ်ဖွဲ့တို့ ပူးတွဲ လှုပ်ရှားထိန်းချုပ်ရာနယ်မြေတစ်ခုသို့ အကြမ်းဖက် စစ်ကောင်စီ မင်းအောင်လှိုင်တပ်မှ တပ်မ ၃၃ လက်အောက်ခံ စစ်ကိုင်းတိုင်း အခြေစိုက် ခမရ ၁၃ မှ အကြမ်းဖက် စစ်သား အင်အား ၇၀ ဝန်းကျင် ချဥ်းကပ် လာတာကြောင့် BPLA တပ်ရင်းနဲ့ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲကြာချိန် တစ်နာရီကျော် ကြာမြင့်ပြီးနောက် ရန်သူ ၂၀ ကျော် ကျဆုံးကာ တချို့မှာ နီးစပ်ရာ ကျေးရွာများ အတွင်းသို့ ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။
ယင်းနောက်မှာ ညီနောင် မဟာမိတ် တပ်များမှ စစ်ကူတချို့ ရောက်ရှိလာပြီး တပ်ပေါင်းစုဖွဲ့ကာ ကျေးရွာအတွင်းရှိ အိမ်တွေမှာ ပြည်သူတွေကို ဓားစာခံလုပ် ပုန်းအောင်းနေတဲ့ ရန်သူ အကြမ်းဖက် မင်းအောင်လှိုင် စစ်သားတွေကို တစ်အိမ်တက်ဆင်း ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
ယင်းနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲကို အဆုံးသတ် ထိန်းချုပ် နိုင်ခဲ့ပြီး မင်းအောင်လှိုင် စစ်သား အလောင်း ၄၀ ကျော် ရရှိခဲ့ကာ ဗိုလ်ကြီးအဆင့်ရှိ နေလင်းအောင်ဆိုသူ အပါအဝင် စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ BPLA က ဖော်ပြပါတယ်။
ယင်းနေ့ တစ်နေ့တာ တိုက်ပွဲအတွင်းမှာ ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)က ရဲဘော် ၄ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်း စာရင်းကို ထုတ်ပြန်ရာမှာ MA Series ရိုင်ဖယ် (၃၀) လက်၊ စက်ကလေး (၃) လက်၊ 40mm (၆) လက်နှင့် ၎င်းကျည် ၈၀ တောင့်၊ 60mm (၂)လက်နှင့် ၎င်းကျည် ၆၀ တောင့်၊ 80mm (၁)လက်၊ 100mm (၂)လက်နှင့် ၎င်းကျည် ၁၀ တောင့်၊ RPG (၂)လက်နှင့် ၎င်းကျည် ၁၀ တောင့်၊ ပစ္စတို (၂)လက်၊ Icom စက် (၃) လုံး၊ Drone detector (၁) ခု၊ WiFi Router (၁) ခုနဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၇ ရက်နေ့ ကနဦး တိုက်ခိုက်မှုတစ်ခုမှာလည်း ရန်သူ့အလောင်း (၄) လောင်း၊ ရိုင်ဖယ်သေနတ် (၇) လက်နဲ့ အခြားပစ္စည်းများကို BPLA က ရရှိခဲ့တယ်လို့ ဆိုပါတယ်။
BPLA ဟာ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”မှာ ပူးပေါင်း ပါဝင် တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်သည်အထိ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။