Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်တပ်ကိုအရေးယူဖို့ နိုင်ငံတကာ ပျက်ကွက်နေသမျှ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ပိုဆိုးလာမယ်

နိုင်ငံတကာအနေနဲ့ စစ်တပ်အပေါ် အရေးယူဖို့ ပျက်ကွက်နေတဲ့ ကာလ ပတ်လုံးမြန်မာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာလည်း ပိုမို ဆိုးရွားလာနေမှာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။


အောက်တိုဘာ ၂၃ ရက်၊ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) မှာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အပြန်အလှန်ဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။


စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးအတွက် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေဖို့ ဘယ်လို အဆင့်တွေကို ဆက်လက်လုပ်ဆောင်မလဲ ဆိုတာ သိရှိလိုကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။


ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် တာဝန် မပျက်ကွက်သင့်ကြောင်းနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်ချက်တွေကို အခုပင် ချမှတ်ဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။


လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အပေါ် အခြေခံကာ ထိရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံချမှတ်သင့်ကြောင်း၊ စစ်တပ်ထံသို့ စီးဆင်းနေတဲ့ လေယာဉ်ဆီ အပါအဝင် လက်နက်စီးဆင်းမှု အားလုံးကို ဖြတ်တောက်ရန် လိုအပ်ကြောင်းလည်း ပြောပါတယ်။


ဆက်လက်ပြီး သံအမတ်ကြီးက စစ်တပ်အတွက် အဓိကကျတဲ့ ငွေကြေးအရင်းအမြစ်တွေအပေါ် နိုင်ငံတွေက ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို စုပေါင်း ချမှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။


နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ ချမှတ်ဖို့ အချိန်ကျော်လွန်နေပြီ ဖြစ်ကြောင်းလည်း ဆိုပါတယ်။


မြန်မာပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းဟာ အိမ်နီးချင်းနိုင်ငံတွေအတွက်သာမက ဘယ် နိုင်ငံရဲ့ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်ကြောင်းလည်း ဆိုပါတယ်။
~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။