မြန်မာပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ်နေမှုတွေ ရပ်တန့်သွားဖို့အတွက် အကြမ်းဖက် စစ်တပ်အပေါ် အပြည့်အဝ လက်နက်ပိတ်ပင်ဖို့ နဲ့ တိုက်လေယာဉ်ဆီ တင်သွင်းမှု ရပ်ဆိုင်းရေး အလျင်အမြန် ဆောင်ရွက်ပေးဖို့ သံအမတ်ကြီးက အောက်တိုဘာ (၉)ရက်နေ့၊ ကုလသမဂ္ဂ အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးပို့ပေးနေတဲ့ နိုင်ငံတွေရဲ့ အကူအညီနဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်ရက်စက်မှုတွေကို ကျူးလွန်လျက် ရှိကြောင်း မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ဟာ စစ်လေယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ် နည်းပညာတွေကို လက်ခံရရှိနေဆဲဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ဆက်လက်ပြီး သံအမတ်ကြီးက အောက်တိုဘာ (၉)ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ စစ်ရှောင်စခန်းသို့ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ကာ ကလေးငယ်တွေ အပါအဝင်ပြည်သူတွေ သေဆုံးဒဏ်ရာရမှု၊စက်တင်ဘာ (၂၇)ရက်နေ့ ၊ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဝန်းသိုမြို့နယ်အတွင်း ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကလေး (၁၈)ဦးလောက် ဒဏ်ရာရရှိခဲ့မှုနဲ့ အခုနှစ်၊ ဧပြီ (၁၁)ရက်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ (၁၆၀)ကျော် သေဆုံးခဲ့မှုတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူတို့ရဲ့ ထိခိုက်ခံစားနာကျင်မှုတွေကို ဖော်ပြဖို့ စကားလုံး မရှိကြောင်းနဲ့ ပြောရက်စရာမရှိအောင် ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။