Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ဟု KNDF စစ်ရေးသတင်းအနှစ်ချုပ်မှာ ဖော်ပြ၊ အကြမ်းဖက် စစ်သား ၇၈ ဦး သေဆုံးပြီး စစ်ကောင်စီ ထောက်ပို့ယာဉ်အစီး ၆၀ ကျော် ပိတ်မိနေဟု ဆို

ကရင်နီပြည်နယ်မှာ စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးရာမှာ Karenni Nationalities Defense Force (KNDF) တပ်ဖွဲ့အနေနဲ့ တိုက်ပွဲ ၂၉ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇၈ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စက်တင်ဘာလအထိ ကရင်နီပြည်နယ်အတွင်း ထောက်ပို့ယာဉ်တန်းတွေ ဖြတ်သန်းသွားလာနိုင်ရေးအတွက်  အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်အတွင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ ယာဉ်တန်းတွေဟာ ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ထောက်ပို့ယဉ်တန်းတွေ ဖြတ်သန်းနိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီက အဆိုပါ လမ်းမကြီးကို ထိန်းချုပ်ဖို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော်နဲ့ နန်းဖဲ ကျေးရွာတွေအထိ အနည်းဆုံး စစ်ကြောင်း (၆) ကြောင်း ခွဲပြီး ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

 

ယင်းကျေးရွာတွေမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက စက်တင်ဘာလ ဒုတိယပတ်ကနေ စပြီး တစ်လလုံး နီးပါး တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှာ စုရပ်လုပ် ရပ်တန့်ထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ထောက်ပို့ယာဉ် စီးရေ (၆၀) ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ ဖရူဆိုကနေ ဘော်လခဲမြို့နယ်ဆီကို ဆက်လက်ထွက်ခွါနိုင်ခြင်း မရှိသေးဘဲ ပိတ်မိနေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

 

တိုက်ပွဲများအတွင်း ထိခိုက် ကျဆုံးမှု များပြားခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ နန်းဖဲ၊ ပရယ်တော်နဲ့ ထားလဲကျေးရွာတွေကို တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ လွိုင်ကော်မြို့နယ် အတွင်းမှာလည်း ရှမ်းပြည်နယ်ဘက်ကနေ လွိုင်ကော်မြို့ဘက်ကို  ဝင်ရောက်လာတဲ့ ယာဉ် ၆ စီးပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ လွိုင်ကော်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ်စခန်းတွေကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီးမော့ဆိုမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေ နှစ် နှစ်နီးပါးကြာ ခြေကုပ်ယူ တပ်စွဲထားတဲ့ ပူဖားနဲ့ သေးဆူလဲ ကျေးရွာများရှိ စစ်ကောင်စီတပ်တွေကို စက်တင်ဘာလ ပထမပတ်အတွင်းမှာ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် ခြေမှုန်းခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးခဲ့ကာ လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီ ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

 

အထိနာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တွေနဲ့  ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ ၎င်းတို့ လက်အောက်ခံ BGF စခန်းနဲ့ အနီးဝန်းကျင်မှာ အခိုင်အမာ ခြေကုပ်ယူ တပ်စွဲထားပြီး မယ်စဲ့မြို့နယ်ကို ပြန်လည် ထိုးဖောက် သိမ်းပိုက်နိုင်ရေးနဲ့ လူသူ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့တဲ့ ကရင်နီပြည်နယ်တွင်း တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်သား (၇၈)ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဆီကနေ လက်နက်ငယ် (၃၆) လက်၊ လက်နက်ကြီး (၅) လက်၊ ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်း ၅ ဦးကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

 

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကား (၂)စီးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ (၁) စီးကို မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF က ဖော်ပြပါတယ်။

 

စက်တင်ဘာလမှာ ကရင်နီပြည်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကာ ယင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်(၁)လုံး၊ ကျန်းမာရေးအဆောက်အအုံ (၁) ခု နဲ့ ခရစ်ယာန် ဘုရားကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNDF ကပြောပါတယ်။

 

အလားတူ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံးပြီး နေအိမ်(၂)လုံး  ပျက်စီးကာ အကြမ်းဖက် စစ်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူ(၁)ဦး မိုင်းထိ သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

 

လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ရှောင်စခန်းတွေကိုလည်း အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

စက်တင်ဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာ အသီးသီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ခုခံ တိုက်ခိုက်ရင်း KNDF ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားရတဲ့ အာဇာနည် ရဲဘော်တွေကို KNDF က အမျိုးသား အာဇာနည် သူရဲကောင်းတွေအဖြစ် သမိုင်းမှတ်ကျောက်တင်ပြီး အစဥ်အမြဲ အလေးပြုနေပါတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~~~~~~~~~~ 

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။