စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်တပ် စစ်ကြောင်းထိုးခဲ့တဲ့ (၁၉)ရက်တာအတွင်း ဒေသတွင်း PDF မဟာမိတ်တပ်ဖွဲ့တို့က ခုခံတိုက်ပွဲဝင်ခဲ့ရာ စစ်သားအနည်းဆုံး (၅)ဦးနဲ့ ပျူစောထီး (၁)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းမိခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်အခြေစိုက် ခမရ(၇၀၃) အကြမ်းဖက် စစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲသို့ စက်တင်ဘာ (၉)ရက်ကနေ (၂၇)ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ပုလဲမြို့နယ် အခြေစိုက် တပ်ရင်းတပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့များ စုစည်းကာ စနစ်တကျခုခံတိုက်ပွဲဝင်ခဲ့ကြောင်း ပုလဲပကဖ က သတင်းထုတ်ပြန်ပါတယ်။
စစ်ကြောင်းတစ်လျှောက် ပြောက်ကျားတိုက်ခိုက်မှု (၃)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၃)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၂)ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်းအကြိမ် (၅၀)ကျော် ပြုလုပ်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး (၁၀)ဦးကျော်လည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
စစ်ဆင်ရေးကာလအတွင်း ပုလဲမြို့နယ် ဒရုန်းတပ်ဖွဲ့ဟာ အင်မထီးပျူစောထီးရွာ၊ ဇီဖြူကုန်း ပျူစောထီးရွာ၊ ကန့်ဒေါင့်ရဲစခန်းနဲ့ ပုလဲမြို့ပေါ်ရှိ စစ်တပ် အခြေစိုက်စခန်းတွေကို အကြိမ် (၅၀)ကျော် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်စခန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာ ရသူတွေလည်း ရှိကြောင်း သိရပါတယ်။
စစ်ကြောင်းထိုး ကာလအတွင်း အကြမ်းဖက်စစ်တပ်ဆီကနေ 12ဗို့ ရိုင်ဖယ်သေနတ် တစ်လက်၊ 12ဗို့ ရိုင်ဖယ်ကျည် (၄၈)တောင့်၊ မပစ်ရသေးသော RPG အဖူးတစ်လက်၊ ဆက်သွယ်ရေးစက်သုံး အင်တာနာတိုင် (၃)ခု၊ စစ်ဝတ်စုံအပိုင်းအစ၊ ပျူစောထီးအလောင်း တစ်လောင်း၊ နွားလှည်းတစ်စီး၊ နွားတစ်ကောင်၊ ဆန်(၂)အိတ်နဲ့ စားသောက်ကုန်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု (၁)ကြိမ်ပြုလုပ်ခဲ့ပြီး အင်မထီးပျူစောထီး ရွာနဲ့ ဇီးဖြူကုန်းပျူစောထီးရွာတို့အတွက် ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လုယက်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကို ပုလဲမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၇၊၈၊၁၀၊၁၂၊၁၉၊၃၈)၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ABSDF၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ကိုယ်ပျောက်ဆင်ကြီးအဖွဲ့၊ God of Myaing၊ ဗမာအမျိုးသား လွတ်မြောက်ရေးတပ်ဦး (B.L.D.F) နဲ့ ပုလဲမြို့နယ်ဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး စစ်ဆင်ရေးကာလ အတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၉)က (၃)ရက်တာ လာရောက် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သလို တိုက်ဂါးအဖွဲ့ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးကာလအတွင်း ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃၊၄၊၅၊၆၊၁၁)နဲ့ ဒေါင်းညိုအဖွဲ့၊ မုဆိုးလေးအဖွဲ့တို့နဲ့ ညှိနှိုင်းကာ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
တိုက်ခိုက်မှုတွေအတွင်း PDF ရဲဘော် (၃)ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။