Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပအိုဝ်း-ကရင်နီကြား စစ်ကောင်စီ သွေးထိုးကစားကွက် တကယ် အလုပ်ဖြစ်ရဲ့လား (Ethnic Affairs)

အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် အာဏာသိမ်း စစ်ကောင်စီ ဌာနချုပ်ဖြစ်တဲ့ နေပြည်တော် အနီးတဝိုက်အထိ တိုက်ပွဲတွေ ရှိလာတာကို စစ်ကောင်စီကိုယ်တိုင် ဝန်ခံလာရပါတယ်။

 

စစ်ကောင်စီရဲ့ နေပြည်တော်နဲ့ ပင်လောင်းမြို့နယ်ကို အဖြောင့်တိုင်းမယ်ဆိုရင် ၅၂ မိုင်လောက်ပဲ ဝေးပြီး ကားလမ်းအတိုင်းဆိုရင်တော့ ၈၅ မိုင်လောက်ပဲ ဝေးပါတယ်။ 


KNDF ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ တစ်လအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ် တိုက်ပွဲတွေမှာ စစ်ကောင်စီ စစ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

တိုင်းရင်းသား အချင်းချင်း သွေးကွဲသွားရင် သူတို့ သက်သာတယ်လေ။ သူတို့ လှည့်ကြည့်စရာ မလိုတော့ဘူး။ အဲဒါကြောင့် မဖြစ်ဖြစ်အောင်ကို လုပ်နေတာ။

 

စစ်ရေးအသာစီးမရတဲ့အတွက် စစ်ကောင်စီက ပအိုဝ်းနဲ့ ကရင်နီကို ရန်တိုက်ပေးနေပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင် လုပ်နေတယ်လို့ ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ် (PNDF) အဖွဲ့ရဲ့ တာဝန်ရှိသူက အခုလို သုံးသပ်ပြောဆိုပါတယ်။ 


“တိုင်းရင်းသား အချင်းချင်း သွေးကွဲသွားရင် သူတို့ သက်သာတယ်လေ။ သူတို့ လှည့်ကြည့်စရာ မလိုတော့ဘူး။ အဲဒါကြောင့် မဖြစ်ဖြစ်အောင်ကို လုပ်နေတာ။”

 

 

ရှမ်း-ကယား နယ်စပ်ရဲ့အရေးပါပုံ

 

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူရဲ့ ပြောပြချက်အရ ပင်လောင်းဒေသကနေ ကရင်နီပြည်နယ်ထဲကို အကြမ်းဖက် စစ်ကောင်စီတပ်တွေ နေ့စဉ်နီးပါး ဝင်ရောက်နေတယ်လို့ သိရပါတယ်။


နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးကနေတဆင့် တာဝေးပစ် အတွဲလိုက်ဒုံးတွေ တင်ဆောင်ထားတဲ့ ကားနှစ်စီးကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့လည်း အမည်မဖော်လိုသူ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။


စစ်ကောင်စီဟာ ပင်လောင်းလမ်းမကြီးအတိုင်း တပ်မ ၅၅ အပါအဝင် လက်အောက်ခံတပ်တွေကို စစ်ကားတွေနဲ့ နေ့စဉ်နီးပါး ကရင်နီပြည်နယ်ထဲကို ပို့ဆောင်နေတယ်လို့ နယ်စပ်မှာလှုပ်ရှားနေတဲ့ ဖယ်ခုံ PDF က ဆိုပါတယ်။

 

 

လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်းကနေ ကျွန်တော်တို့ ကရင်နီပြည်နယ်ထဲကို ဆင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံ စကခ (၇) တပ်တွေနဲ့ စကခ (၂) တပ်တွေ အင်အား အလုံးအရင်းနဲ့ ဆင်းလာနိုင်ဖို့ဆိုတာ ဒီနယ်မြေကို ဖြတ်ရတယ်။ အဲဒီနယ်မြေဟာ စစ်ကောင်စီက ထိန်းချုပ်ထားပြီးသား နယ်မြေဖြစ်တဲ့အတွက် (အဲ့ဒီနေရာတွေမှာ) တပ်တွေ ချထားဖို့ မလိုတော့ဘူး။ 


လက်ရှိအခြေအနေအရ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကရင်နီပြည်နယ်ဆီ စစ်ကောင်စီရဲ့ လက်နက်နဲ့ တပ်အင်အားဖြည့်တင်းနိုင်ဖို့ အဓိကလမ်းကြောင်း ဖြစ်လာနေတယ်လို့ KNDF စစ်ရေးတာဝန်ရှိသူတစ်ဦးက အခုလို ပြောပြပါတယ်။

 

"လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်းကနေ ကျွန်တော်တို့ ကရင်နီပြည်နယ်ထဲကို ဆင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံ စကခ (၇) တပ်တွေနဲ့ စကခ (၂) တပ်တွေ အင်အား အလုံးအရင်းနဲ့ ဆင်းလာနိုင်ဖို့ဆိုတာ ဒီနယ်မြေကို ဖြတ်ရတယ်။ အဲဒီနယ်မြေဟာ စစ်ကောင်စီက ထိန်းချုပ်ထားပြီးသား နယ်မြေဖြစ်တဲ့အတွက် (အဲ့ဒီနေရာတွေမှာ) တပ်တွေ ချထားဖို့ မလိုတော့ဘူး။ အဲဒီတော့ ဒီတပ်တွေကို အကုန် ကရင်နီထဲကို ပို့လိုက်တယ်။"


စစ်ကောင်စီက ရှမ်း-ကယားနယ်စပ်လမ်းကြောင်းတွေအသုံးပြုမှုမြင့်တက်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

 


ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီ
ပင်လောင်းဒေသဟာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပြီး ဒီဒေသအတွင်းမှာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) အဖွဲ့တွေ ရှိပါတယ်။


PNFC အဖွဲ့ဟာ လက်ရှိ တော်လှန်ရေးမှာ ပြည်သူဘက်က ပါဝင်နေသလို PNLO ကတော့ ကရင်နီပြည်နယ်အတွင်းက အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။


PNO/PNA ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတယ်လို့ တိုက်ပွဲအတွင်း ရရှိတဲ့ အထောက်အထားတွေအရ သိရပါတယ်။


အခုနှစ်အစောပိုင်းက ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားစဉ်မှာ PNO တပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ရုပ်အလောင်းတွေကို သိမ်းဆည်း ရရှိထားတယ်လို့ KNDF က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ဖူးပါတယ်။

 

"ကျွန်တော်တို့က အောက်ခြေ စစ်သားချင်း ရင်းနှီးမှု ရှိတယ်။ ကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ဒေသကို ကာကွယ်ဖို့ပဲ မူဝါဒရှိတယ်။ အဲဒီ ယူနီဖောင်းကိစ္စဟာ အောက်ခြေစစ်သားချင်း ယူနီဖောင်းလဲ သတ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စိစစ်သွားဖို့ရှိပါတယ်"


PNO/ PNA အဖွဲ့ကတော့ အဲဒီစွပ်စွဲမှုတွေကို ပယ်ချထားပါတယ်။


"ကျွန်တော်တို့က အောက်ခြေ စစ်သားချင်း ရင်းနှီးမှု ရှိတယ်။ ကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ဒေသကို ကာကွယ်ဖို့ပဲ မူဝါဒရှိတယ်။ အဲဒီ ယူနီဖောင်းကိစ္စဟာ အောက်ခြေစစ်သားချင်း ယူနီဖောင်းလဲ သတ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စိစစ်သွားဖို့ရှိပါတယ်" လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

 

မြေပြင်သတင်းတွေအရ PNO/PNA ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး ပအိုဝ်းလူငယ်တွေကို ပအိုဝ်းဒေသတွေမှာ စစ်သင်တန်းပေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

အာဏာသိမ်းကာလကနေ အခုထိ PNO နဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ် စုဆောင်းမှုဟာ ပအိုဝ်းဒေသ တစ်ခုထဲမှာတင် ထောင်ဂဏန်းအထိ ရှိနေပြီး အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ပအိုဝ်းဒေသတွင်း အဖွဲ့တွေက ဆိုပါတယ်။

 

အဲဒီစစ်သင်တန်းကနေ ပြန်ဆင်းလာတဲ့ ပအိုဝ်းလူငယ်တစ်ဦးကတော့ ၁၅ ရက်တာ စစ်သင်တန်းထဲမှာ အဓိက အခြေခံကျတဲ့ စစ်ရေးလေ့ကျင့်ခန်း အပါအဝင် မိမိကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအကြောင်းတွေကိုပါ  သင်ကြား ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။


အာဏာသိမ်းကာလကနေ အခုထိ PNO နဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ် စုဆောင်းမှုဟာ ပအိုဝ်းဒေသ တစ်ခုထဲမှာတင် ထောင်ဂဏန်းအထိ ရှိနေပြီး အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ပအိုဝ်းဒေသတွင်း အဖွဲ့တွေက ဆိုပါတယ်။


အတင်းအကြပ် တပ်သားစုဆောင်းတာတွေအထိ ရှိလာနေတဲ့အတွက် အချို့လူငယ်တွေဟာ ဒီဒေသကနေ စွန့်ခွာထွက်ပြေး ရတဲ့အခြေအနေတွေအထိ ရှိလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


တပ်သားသစ် စုဆောင်းတဲ့နေရာမှာ မိမိတို့ဒေသ၊ မိမိတို့လူမျိုးကို အကာအကွယ် ပေးရေး ဆိုပြီး လှည့်ဖျား စည်းရုံးတာတွေ ရှိနေတယ် လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်မှ ဘက်ဂျမင်က ပြောပြပါတယ်။

 


လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖော်ဆောင်ဖို့ ကြိုးစားလာနေတဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ စစ်ရေးအရ အသာစီးရဖို့ ခက်ခဲလာတာကြောင့် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို  ဖန်တီးလာပြီး ပအိုဝ်းဒေသတွင်းမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးကို PNO/PNA က အဓိက လုပ်နေတယ်လို့ (PNDF) Khum Koung အဖွဲ့ တာဝန်ရှိသူ ဘက်ဂျမင်က ဆိုပါတယ်။


"PNO အနေနဲ့ လက်နက်အပ်ပြီး ကတည်းက နိုင်ငံရေးပါတီအဖြစ် ခံယူထားတယ်။ သူ့အောက်က စစ်တပ် PNA က ပြည်သူ့စစ် ခံယူလိုက်တော့ စစ်ရေး COC က စစ်တပ်အောက်ကို ရောက်သွားတယ်။ PNO က စစ်တပ် ခိုင်းသမျှကို လုပ်ရတာပဲ။ အထက်ပိုင်း လူတွေကလည်း စီးပွားရေး အကျိုးအမြတ်တွေလည်းရှိတော့ အဲ့လူတွေနဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူတွေကို အချိုသတ် အနိုင်ကျင့်ကြတယ်။"


PNO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်ဆန်းအောင်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြား လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ဖြစ်လာအောင် လှုံ့ဆော်ပြောဆို ရေးသားမှုတွေကို တွေ့ရပါတယ်။

 

"PDF, KNDF, PNFC တွေက ပအိုဝ်းလူမျိုးနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကို သေနတ်နဲ့ ပစ်သတ်တာ မဟုတ်၊ တုတ်နဲ့ ရိုက် ကန်ကြောက်ပြီး ငွေအတင်းတောင်းတယ်။ ဘုန်းကြီးက မပေးလို့ ရက်ရက်စက်စက် သတ်ခဲ့တယ်။


ခွန်ဆန်းအောင်ရဲ့ လူမှုကွန်ရက်ကနေ ဖြန့်ဝေထားတဲ့ ရုပ်သံတစ်ပုဒ်မှာ ပအိုဝ်းဘာသာနဲ့ အခုလိုပြောဆိုထားတာ တွေ့ရပါတယ်။

 

"PDF, KNDF, PNFC တွေက ပအိုဝ်းလူမျိုးနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကို သေနတ်နဲ့ ပစ်သတ်တာ မဟုတ်၊ တုတ်နဲ့ ရိုက် ကန်ကြောက်ပြီး ငွေအတင်းတောင်းတယ်။ ဘုန်းကြီးက မပေးလို့ ရက်ရက်စက်စက် သတ်ခဲ့တယ်။ ကြားဝင်ပြီး  မလုပ်ဖို့တားတဲ့ ဦးစိန်ဆိုတဲ့ အမျိုးသားနဲ့ ဦးဇင်းတစ်ပါးကိုလည်း ကယန်းလူမျိုးတစ်ယောက်က ဓားနဲ့ ခုတ်သတ်တယ်။ သတ်ထားတဲ့ အလောင်းကိုလည်း ကရင်နီနယ်ထဲကို သယ်သွားပြီး အလောင်းဖျောက်ဖို့ ကြိုးစားခဲ့တယ်။ အခုတော့ ဝဋ်လည်ပြီပေါ့လေ" ဆိုပြီး KNDF ရဲဘော်တွေ တိုက်ပွဲအတွင်း သေဆုံးမှုတွေအပေါ် လှုံ့ဆော် ပြောဆိုထားပါတယ်။


ပအိုဝ်းနဲ့ ကရင်နီလူမျိုးတွေကြား နားလည်မှု လွဲခဲ့တယ်လို့ ဆိုနိုင်တဲ့ နမ်းနိန်ဖြစ်စဉ်နောက်ပိုင်းမှာ အဲဒီလို သွေးခွဲမှုတွေ ပိုပြီးများတယ်လို့ သိရပါတယ်။


ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို အခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က KNDF နဲ့ ကရင်နီ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ ဂိတ်စခန်းကို စွန့်ခွာ ထွက်ပြေးသွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပါတယ်။ 


ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ဝန်းကျင်ကလည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်တဲ့ ပင်လောင်း၊  နမ်းနိန်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့ပါတယ်။


ဒီလိုနဲ့ မတ်လ ၁၁ ရက်နေ့မှာတော့ နမ်းနိန်ကျေးရွာမှာ ဘုန်းတော်ကြီး ၃ ပါးနဲ့ ဒေသခံ ၂၂ ဦး အစုလိုက် အပြုံလိုက်  သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်။

 

“ဒီလို လုပ်ဆောင်တာက ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းနေမှု၊ ဖွံ့ဖြိုးတိုးတက်နေမှုတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်”


အဲဒီသတ်ဖြတ်မှုအပြီးမှာ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက ကယား (ကရင်နီ) တော်လှန်ရေးအဖွဲ့တွေဟာ ပအိုဝ်းဒေသကို နှောင့်ယှက် တိုက်ခိုက်နေပြီး ပအိုဝ်းဒေသရဲ့ အေးချမ်းမှုကို ဖျက်ဆီးနေတယ်လို့ မတ်လ ၁၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။


“ဒီလို လုပ်ဆောင်တာက ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းနေမှု၊ ဖွံ့ဖြိုးတိုးတက်နေမှုတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်” လို့လည်း ဇော်မင်းထွန်းက ဆိုပါတယ်။


တစ်ဘက်မှာလည်း အဲဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) အပါအဝင် KNDF နဲ့ ကရင်နီ တော်လှန်ရေး အဖွဲ့အစည်းတွေက အထောက်အထား နဲ့တကွ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

 

''ပင်လောင်းမြို့နယ် နမ်းနိန်ရွာဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ပအိုဝ်းလူမျိုးတွေ နေထိုင်ကြတာပါ။ အခြားနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပေမယ့် ငြိမ်ချမ်းမှုကိုသာ မြတ်နိုးတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ နယ်မြေဟာ အေးချမ်းတည်ငြိမ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ခရစ်ယာန် ဘာသာဝင် KNDF အကြမ်းဖက်သမားတွေက နမ်းနိန်ရွာကို ဝင်ရောက် အကြမ်းဖက်ခဲ့ပြီး ရဟန်း သံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်" 


ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီရဲ့ ကပစစက်ရုံထုတ် ၅.၅၆ စာတန်းပါ ကျည်ခွံတွေ တွေ့ရှိခဲ့ရတယ်လို့ ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချနယ်တွေမှာတော့ "ပင်လောင်းမြို့နယ် နမ်းနိန်ရွာဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ပအိုဝ်းလူမျိုးတွေ နေထိုင်ကြတာပါ။ အခြားနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပေမယ့် ငြိမ်ချမ်းမှုကိုသာ မြတ်နိုးတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ နယ်မြေဟာ အေးချမ်းတည်ငြိမ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ခရစ်ယာန် ဘာသာဝင် KNDF အကြမ်းဖက်သမားတွေက နမ်းနိန်ရွာကို ဝင်ရောက် အကြမ်းဖက်ခဲ့ပြီး ရဟန်း သံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်" ဆိုပြီး လှုံ့ဆော် ရေးသားခဲ့ကြပါတယ်။ 

 


ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့ တပေါင်းကွင်းမှာ "KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး … ဒို့အရေး ဒို့အရေး ဒို့အရေး“ ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။


အဲဒီဆန္ဒပြပွဲကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) တပ်ဖွဲ့တွေက ဦးစီးပြီး လုပ်ဆောင်ခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 


နမ်းနိန်ကျေးရွာဖြစ်စဉ်မဖြစ်ပွားမီ လေးရက်အလိုမှာ PNO/PNA နာယက ဦးအောင်ခမ်းထီးကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ရှမ်းပြည်နယ် ကျောက်တလုံးကြီးမှာ သွားရောက် တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။


နမ်းနိန်ဖြစ်စဉ်အပြီး ၅ လခန့်အကြာ သြဂုတ်လ ၆ ရက်နေ့မှာတော့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၆ အတွင်း အရွယ်ရောက်ပြီးသူ အားလုံးကို PNO ပြည်သူ့စစ်အဖြစ် စုဆောင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။


အဲဒီကြေညာချက်ထဲမှာ PNO ပြည်သူ့စစ်ရဲ့ နယ်မြေတွေကို လာရောက် ကျူးကျော် စော်ကားနေလို့ အခုလို စစ်သားသစ် စုဆောင်းရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ ဝါဒဖြန့်မှုတွေကို အာဏာသိမ်း စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာ တွေ့နေရပြီး ပအိုးဝ်ဒေသအတွင်းမှာတော့ ပအိုဝ်းဒေသ ရပ်မိရပ်ဖတွေဆီကနေတဆင့် ဒေသခံ ပြည်သူတွေဆီကို ဒီဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

တော်လှန်ရေးလုပ်တဲ့နေရာမှာ ပြည်သူတွေ ထိခိုက်နစ်နာပြီဆိုရင် အဲတော်လှန်ရေး ဘယ်တော့မှ မအောင်မြင်တော့ဘူးဗျ"


နမ်းနိန်ရွာ ဖြစ်စဉ် နောက်ပိုင်းမှာ ပအိုဝ်းဒေသခံတွေရဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအပေါ် အမြင်တွေဟာ အဆိုးဘက်ကို ဦးတည်လာနေတယ်လို့ ပင်လောင်းဒေသ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။


"ကရင်နီ စစ်ဘေးရှောင်တွေကို ပအိုဝ်းဒေသကျေးရွာတွေက ကူညီပေးနေရင်း ပင်လောင်းမြို့နယ် နမ်းနိန်ဖြစ်စဉ်ကြောင့် ကူညီပေးသူတွေ ကြောက်လန့်ကုန်တာတော့ အမှန်ပဲဗျ။ တော်လှန်ရေးလုပ်တဲ့နေရာမှာ ပြည်သူတွေ ထိခိုက်နစ်နာပြီဆိုရင် အဲတော်လှန်ရေး ဘယ်တော့မှ မအောင်မြင်တော့ဘူးဗျ" လို့ သူက ဆိုပါတယ်။

 

 

ပြည်သူ့ဖက်က ရပ်တည်ပါ

 

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ပအိုဝ်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့  ကရင်နီ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာ တွေ့ရပါတယ်။


ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ အထောက်အပံ့နဲ့ ပအိုဝ်း ကာကွယ်ရေး တပ်ဖွဲ့နဲ့ ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေကြား နားလည်မှုရရှိခဲ့တယ်လို့ PNDF တာဝန်ခံ ဘက်ဂျမင်က ဆိုပါတယ်။


"ပအိုဝ်းနဲ့ ကရင်နီကြား ဆက်ဆံရေးက အခု ပိုကောင်းလာပါတယ်။ PNFC ရဲ့  နိုင်ငံရေးဦးဆောင်မှုနဲ့ PNDF-KK စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် အရင်ကထက် ကောင်းလာပါတယ်။ အရင်ကဆိုရင် PNO ရဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ ကို မယုံကြည်ကြဘူး။ ကျွန်တော်တို့ တော်လှန်ရေး စလုပ်တုန်းက ခြိမ်းခြောက်ခံရတာတွေ၊ ကျွန်တော်တို့ကို ဒလန်လို့ အထင်ခံရတာတွေ ရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

 

တကယ်လို့ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်လာရင်တော့ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှု အများကြီး ဖြစ်လာနိုင်တယ်။ ရှမ်းတောင်ဟာ တော်လှန်ရေး အရွေ့တစ်ခုရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တယ်။


 ဒါ့အပြင် ပအိုဝ်းဒေသခံတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အဖြစ်အပျက်တွေကို သိနေပြီး မပြောရဲလို့သာ နှုတ်ဆိတ်နေရတာ ဖြစ်တယ်လို့ အဆိုပါ ပအိုဝ်းလူငယ်က ဆက်ပြောပြပါတယ်။


" ပြည်သူတွေကို နှိပ်စက်တာတွေကို ပြည်သူတွေ ကိုယ်တိုင် သိလာပြီ။ တချို့လူတွေက ဘယ်သူမှားလဲ၊  ဘယ်သူ မှန်လဲဆိုတာ သိတဲ့သူတွေ အများစု ရှိကြတယ်။ သူတို့အနေနဲ့က အသံထွက်လို့ အဆင်မပြေတဲ့အတွက်၊ နှုတ်ဆိတ်နေတဲ့သူတွေလည်း ရှိတဲ့အတွက် သူတို့ ဘယ်လိုပဲပြောပြော သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တချို့ကြောင့် (အခုလို) ဝါဒဖြန့်ချိတာတွေက နိုင်ငံရေးအသိအမြင် နည်းတဲ့သူတွေအပေါ်ပဲ သက်ရောက်ပါတော့တယ်။" 

 

ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားကတော့ "တကယ်လို့ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်လာရင်တော့ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှု အများကြီး ဖြစ်လာနိုင်တယ်။ ရှမ်းတောင်ဟာ တော်လှန်ရေး အရွေ့တစ်ခုရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တယ်။ အဲဒီထဲမှာမှ ပအိုဝ်းဒေသက စစ်ရေးအရ ပိုပြီး အချက်အချာ ကျပါတယ်။ ပအိုဝ်းပြည်သူတွေရဲ့ ပါဝင်မှု အားမပါရင် ရှမ်းတောင် တော်လှန်ရေး အဖွဲ့တွေ ရှေ့ဆက်ဖို့က အင်မတန် ခက်ပါတယ်။ ပအိုဝ်းဒေသထဲက ကရင်နီ စစ်ဘေးရှောင်တွေအတွက်လည်း  ထည့်သွင်း စဉ်းစားရမှာတွေက အများကြီးပါ” လို့ ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အသာစီး မရတော့တဲ့အခါ၊ စစ်ရေးအရ ထိန်းချုပ်ဖို့ခက်ခဲလာတဲ့ နေရာမျိုး တွေမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ဖန်းတီးပြီး တော်လှန်ရေးကို အာရုံ မရောက်အောင် လုပ်ဆောင် လေ့ရှိပါတယ်။ 

 

"PNO ဟာ ပအိုဝ်း အမျိုးသား တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ လက်ရှိ အခြေအနေမှာလည်း ပြည်သူ့ဘက်ကို မျက်နှာမူပြီး အခုလုပ်ဆောင်နေတာတွေကို ပြန်လည် သုံးသပ် စေချင်ပါတယ်"


တိုင်းရင်းသား မျိုးနွယ်တူ အချင်းချင်းကြား၊ ဒါမှမဟုတ် တိုင်းရင်းသား မျိုးနွယ်စု နှစ်ခုကြားမှာ စစ်ကောင်စီအနေနဲ့ အခုလို သွေးခွဲဖို့ ကြိုးစားနေတာဟာ ပအိုဝ်း၊ ကရင်နီဒေသ တစ်ခုထဲမှာပဲ ဖြစ်နေတာ  မဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက သုံးသပ် ပြောဆိုပါတယ်။


"PNO ဟာ ပအိုဝ်း အမျိုးသား တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ လက်ရှိ အခြေအနေမှာလည်း ပြည်သူ့ဘက်ကို မျက်နှာမူပြီး အခုလုပ်ဆောင်နေတာတွေကို ပြန်လည် သုံးသပ် စေချင်ပါတယ်"လို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌက သတိပေး တိုက်တွန်းထားတာ တွေ့ရပါတယ်။ 


စစ်အာဏာရှင်တွေရဲ့ လူမျိုးရေး၊ ဘာသာရေး သွေးထိုး လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်ချိမှုတွေကို အမြော်အမြင် ရှိရှိ သတိ ရှိရှိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လိုပါတယ်။ ပြည်သူ့ဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့ တသားတည်း ရပ်တည်ခြင်းကသာ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်လွတ်မြောက်နိုင်မှာ ဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

~~~~

ခန့်မြတ်သူ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။