Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင် စစ်တပ်စခန်းနှင့် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူပို့တဲ့ စစ်ကြောင်းတို့အား KNLA နဲ့ Cloud Wings ဒရုန်းအဖွဲ့ ဗုံးသီးအလုံး၂၀၀ ကျော် ကြဲချတိုက်ခိုက်၊ အကြမ်းဖက် စစ်သား ၁၀ ဦးထက် မနည်း သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိ

ကရင် အမျိုးအသား အစည်းအရုံး ( KNU ) တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သား အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ကွီလုံတိုင် ရှေ့တန်းစခန်းကို KNLA ရဲ့ ဦးဆောင်မှုနဲ့ Cloud Wngs ဒရုန်းတပ်ဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့မှ စပြီး ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီဟာ ကွီလုံတိုင် စစ်စခန်း မကျဆုံးစေဖို့ လိုအပ်နေတဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အား ထပ်မံဖြည့်တင်းခြင်းကို စစ်သားအင်အား ၁၀၀ ဦး ဝန်းကျင် အသုံးပြု၍ ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ စစ်ကြောင်းထိုး ချီတက်ခဲ့ပါတယ်။

 
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း လှုပ်ရှားမှုကို ကြိုတင်သတင်း ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး KNLA နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။


“ဩဂုတ်လ ၂၄ ရက်နေ့ကတည်းက ကျနော်တို့ စလုပ်နေတာပေါ့။ မနေ့က စက်တင်ဘာ ၁၄ ရက်နေ့အထိဆို ရက်ပေါင်း ၂၀ ကျော် ကြာတာပေါ့။ ကွီလုံတိုင် ရှေ့တန်းစစ်စခန်းကိုလည်း ဒရုန်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတယ်။ ထိုင်းဘက်ကနေ ဖြတ်ကျော်ပြီး စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းကိုလည်း ကျနော်တို့ Cloud Wings ဒရုန်းအဖွဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဗုံးသီးအနေနဲ့တော့ ၁၀၇ မမဗုံးသီး၊ ၈၁ မမဗုံးသီးနဲ့ ၆၀ မမဗုံးသီးတွေ သုံးပြီး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒီရက် ၂၀ ကျော်အတွင်း ဗုံးသီးပေါင်း ၂၀၀ ကျော် ကျနော်တို့ ကြဲချတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပျံသန်းမှု အကြိမ်အနေနဲ့တော့ တစ်ရာကျော် ပျံသန်းတိုက်ခိုက်ခဲ့တာပါ”လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငြိမ်းက ငွေမောင်းသံကို ပြောပြပါတယ်။


ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရက်ပေါင်း၂၀ ကျော်အတွင်း ကွီလုံတိုင် စခန်းနဲ့ စစ်ကူစစ်ကြောင်းတို့ကို KNLA ရဲ့ ဦးဆောင်မှုနဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇  မမ၊ ၈၁ မမ၊ ၆၀ မမ အစရှိတဲ့ ဗုံးသီး အလုံးပေါင်း ၂၀၀ကျော်ကို အကြိမ် တစ်ရာကျော် ပျံသန်းကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ တိုက်ပွဲများမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ-၃၃၉၊ ခမရ-၅၆၁၊ ခမရ-၅၅၇ အစရှိတဲ့ တပ်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းနဲ့ အမြှောက် ပစ်ကူ ပေးခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။


ရက် ၂၀ ကျော်ကြာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 


ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို ထိုင်းနိုင်ငံဘက်ခြမ်း မှတဆင့် နယ်စပ်ဖြတ်ကျော်ကာ ကားတွေနဲ့ သယ်ဆောင်သွားကြပြီး သေဆုံးသွားတဲ့ စစ်သား အလောင်းတွေကိုတော့ ဟောင်သရောမြစ် အတွင်းသို့ ပစ်ချလိုက်တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။


ဒီစစ်ဆင်ရေးကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)ရဲ့ ဦးဆောင်မှုနဲ့ အထူး စစ်ဆင်ရေး တပ်ဖွဲ့(SOF)၊ အခြား မဟာမိတ်အင်အားစုတွေနဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ အကြမ်းဖက် စစ်ကောင်စီ ကွီလုံတိုင် ရှေ့တန်းစခန်းအနီးရှိ ရေတလျောက် ဂိတ်စခန်းကို မနေ့က စက်တင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ သိမ်းယူ ရရှိခဲ့ပြီး အနီးရှိ အကြမ်းဖက် စစ်ကောင်စီ အမြှောက်စခန်းကုန်းတစ်ခု ဖြစ်တဲ့ ဖုချိမူစခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

~~~~~~~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။