စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်တွေအတွက် မြွေဆိပ်ဖြေဆေးဝယ်ဖို့ ကျပ်သိန်း ၈၀ လှူဒါန်းကြောင်း အညတရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အညတရနဲ့ ပဒေသာပင်တို့ ပူးပေါင်းကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကောလင်း၊ ဒီပဲယင်းနဲ့ ဆားလင်းကြီးက စစ်ရှောင်ပြည်သူတွေအတွက် သိန်း ၂၀၀ ရိက္ခာထုပ် ကမ်ပိန်းပြုလုပ်ခဲ့ရာ ကျပ်သိန်း ၂၈၀ ရရှိ ခဲ့တဲ့အတွက် ပိုရတဲ့ငွေ သိန်း ၈၀ ကို မြွေဆိပ်ဖြေဆေးဝယ်ဖို့ လှူဒါန်း ခြင်းဖြစ်ပါတယ်။
“ကျနော်သိသလောက် ကန့်ဘလူစစ်ရှောင် ၁၀၀ အတွက် ရိက္ခာထုပ်ဖိုး သိန်း ၅၀ လည်းရောက်ပြီ။ မြွေဆိပ်ဖြေဆေးအတွက် ငွေလည်း တချို့တစ်ဝက်ရောက်ပါပြီ။ အညတရက ရိက္ခာထုပ်ဖိုးရော မြွေဆိပ် ဖြေဆေးအတွက်ပါ ကျနော်တို့ ကန့်ဘလူက စစ်ရှောင်ကူညီနေတဲ့အဖွဲ့ကို ငွေလွှဲလိုက်တာပါ။ ဒီကအဖွဲ့တွေက ပြန်လှူပေးရတာပေါ့” လို့ ကန့်ဘလူစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း အဆိပ်ပြင်းတဲ့ မြွေဆိုးပေါများပြီး စစ်ရှောင်ပြည်သူတွေ မကြာခဏဆိုသလို မြွေဆိုးအကိုက်ခံနေရကာ မြွေဆိပ်ဖြေဆေး လိုအပ်ချက်ရှိနေတာကြောင့် အညတရနဲ့ ပဒေသာပင်တို့က လှူဒါန်းခြင်းဖြစ်ကြောင်း သူကပြောပါတယ်။
မြွေဆိပ်ဖြေဆေး ၁ လုံးကို ၁ သိန်းကျော် ဈေးပေါက်နေကြောင်း အညတရ ကဆိုပါတယ်။ ကန့်ဘလူခရိုင်၊ ကန်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့မှာ ဩဂုတ်လအတွင်း စစ်ရှောင်ပြည်သူ ၁၁ ဦး မြွေဆိုးအကိုက်ခံရပြီး ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အညတရနဲ့ပဒေသာပင်တို့ဟာ မြို့နယ် ၄ ခုက စစ်ရှောင် ၁၀၀ စီ(စုစုပေါင်း ၄၀၀)အတွက် ရိက္ခာထုပ်တစ်ထုပ်ကို ကျပ် ၅ သောင်းနှုန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ စည်သွပ်ဘူး စတာတွေ လှူဒါန်းခြင်းဖြစ်ပြီး စစ်ရှောင်တွေရွေးချယ်မှုကို သက်ဆိုင်ရာမြို့နယ်တွေက စစ်ရှောင်ကူညီရေးအဖွဲ့ တွေက ပြုလုပ်ခြင်းဖြစ်ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။