ကရင်ပြည်နယ်၊ မြဝတီမြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်သားတွေ တပ်စွဲထားတဲ့ ရုံးတွေ၊ တပ်စခန်းတွေနဲ့ ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ဒရုန်းတိုက်ခိုက်မှုတွေက တိကျမှုရှိပေမဲ့ မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အခုလိုမေတ္တာရပ်ခံခြင်းဖြစ်ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ထိခိုက်စေဖို့ ရည်ရွယ်ကြောင်း ဒါ့ကြောင့် လက်နက်မကိုင်ထားတဲ့ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေနဲ့ စစ်တပ်မိသားစုဝင်တွေအနေနဲ့ သက်ဆိုင်ရာဌာန၊ ရုံးခန်းနဲ့ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ အထူးသတိပေးလိုကြောင်း Federal Wings ကဆိုပါတယ်။
“PDF တွေရဲ့ ဒရုန်းတိုက်ခိုက်မှု ဘယ်လောက်ပြင်းသလဲ၊ ဘယ်လောက်တိကျသလဲဆိုတာ မြဝတီထွေ အုပ်ရုံးမှာ သက်သေပြလိုက်ပြီ။ ဒီပုံအတိုင်းဆို ဒရုန်းနဲ့ မြို့တွင်း စစ်ရေးပစ်မှတ် တွေ ထပ်လာတော့မှာ သေချာတယ်။ အခုမြဝတီကရဲတွေ အသေကြောက်နေကြပြီ။ PDF မှာတဲ့အတိုင်း ခွေးတွေနား မနေကြတာအကောင်းဆုံးပဲ”လို့ မြဝတီမြို့တွင်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Cobra စစ်ကြောင်း စီမံခန့်ခွဲမှု လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့က မြ၀တီထွေအုပ်ရုံးနဲ့ ရဲစခန်းကို(၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ ဦး သေ၊ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒရုန်းဗုံးထိမှန်ကာ သေဆုံးသွားသူတွေက ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး စိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ပြည့်ဖြိုးအောင် နဲ့ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူ စစ်အုပ်စု တပ်ဖွဲ့ဝင်(၁၁)ဦးအနက် (၅) ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Federal Wings ကထုတ်ပြန်ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။