စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ညတွင်းချင်းထွက်ပြေးကြရ ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဩဂုတ် ၃၀ ရက် ညပိုင်းမှာ ထပ်မံစစ်ကြောင်းထိုးတာကြောင့် ကန့်ဘလူတောင်ခြမ်းရှိ ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ရင်ငတ်ကုန်း၊ မင်းဘာ၊ သရက္ကံကြီး၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ ဆူးတပ်၊ မင်းရွာတော၊ ကြာဘက်ကံ၊ ဇီးဖြူကုန်း၊ ရှမ်းတပ်နဲ့ မကျီးကုန်းကျေးရွာက ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Infinity Group က သတင်းထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ ခမရ-၃၆၁ နဲ့ ပျူစောထီးစစ်ကြောင်းဟာ ဩဂုတ် ၃၀ ရက်၊ မနက်စောစောမှာ သရက်ခေါင်းရွာဘက်ကို စစ်ကြောင်းထိုးခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီစစ်ကြောင်းကနေ ခွဲထွက်လာတဲ့စစ်ကြောင်းဟာ ဩဂုတ် ၃၀ ရက်၊ ညပိုင်းက ကြာဘက်ကံကျေးရွာဘက်နဲ့ ပျူစောထီးအဖွဲ့တစ်ဖွဲ့ကလည်း ဘုတ်ကုန်းရွာဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးလာကြောင်း သိရပါတယ်။
"ညတွင်းချင်းပဲ မနက်ကစစ်ကြောင်းက တကြောင်းခွဲပြီး ထပ်ထိုးနေတာ။ ပြီးတော့ ဇာဒီရွာဘက်က ပျူစောထီးအဖွဲ့ကပါ ဒီဘက်ကို စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းတွေ ဖြန့်ပြီး သေနတ်တွေဖောက်၊ လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးလာလို့ ပြည်သူတွေ ညတွင်းချင်းပဲ ထွက်ပြေးနေရပြန်တယ် " လို့ မြေပြင်သတင်းရင်းမြစ်တဦးက Infinity Group ကို ပြောပါတယ်။
အရေးပေါ်စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေတာ ကြောင့် Infinity Groupကနေတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီတပ်များ ယခုကဲ့သို့ စစ်ရေးလှုပ်ရှားနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာအကူညီများ အရေးပေါ် လိုအပ်လျက်ရှိသည့်အတွက် မြေပြင်စစ်ရှောင်ကူညီသူများထံသို့ ကျွန်ုပ်တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
“ဒီနေ့ ဩဂုတ် ၃၁ ရက် မနက်အထိ ဘယ်ရွာမှာ ရွာထဲပြန်မဝင်နိုင်သေးဘူး။ ပြေးရတဲ့ပြည်သူတွေ အကုန်လုံး အသက်မသေရင်ပြီးရင် စစ်ကြောင်းနဲ့ဝေးတဲ့နေရာမှာ ဖြစ်သလို နေနေရတယ်။ တစ်ခါပြေးရင် အနည်းဆုံး ၂ ရက်လောက်တော့ကြာတယ်။ အခြေအနေစောင့်ကြည့်နေကြတုန်းပဲ” လို့ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။