Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျနော်မသေပါဘူး မခင်ထွေးရီ (Poem)

ကမ္ဘာကြီးအဆုံးမှာ ဘယ်သူရှိသလဲလို့ ကျနော်မေးတော့
"ကျမ ရှိနေမှာပေါ့ ရိုးရယ်"တဲ့...
မခင်ထွေးရီက အဲဒီလို ရယ်ပြီးပြောတော့
ကျနော့်မှာ ငိုလိုက်ရတာဗျာ.....

 

ဘ၀မှာ ဘာမှ မယ်မယ်ရရ ပြစရာမရှိခဲ့တဲ့ကောင်က
မခင်ထွေးရီဆိုတဲ့ အမည်နာမ တစ်ခုရှိနေတာကလည်း
ရယ်ရခက်၊ ငိုရခက်ပဲ မဟုတ်လား၊

 

ကျနော်သေပြီဆိုတဲ့ သတင်းတွေကိုရော 
ခင်ဗျားကြားမိသေးသလားလို့ ထပ်မေးတော့
မခင်ထွေးရီက ရယ်တယ်၊
"အင်း"
"ယုံရခက် မယုံရခက်ပါပဲ" 
"ကျမ ရှိနေသေးတာပဲ ရှင်ရှိနေရမှာပေါ့"တဲ့၊
ဟုတ်တယ်၊
ဟုတ်တယ်မခင်ထွေးရီ၊
ကျနော် ရှိနေရအုံးမယ်၊
ကျနော် ရှိနေရအုံးမယ်လေ မခင်ထွေးရီရဲ့၊
ဟောဒီ နိုင်ငံရယ်၊
ဒီမိုကရေစီရယ်၊
မခင်ထွေးရီရယ်၊
သူတို့အတွက် ကျနော်ရှိနေရအုံးမယ်၊

 

ကျနော် မသေပါဘူး မခင်ထွေးရီရယ်
ကျနော်က ရွက်ကျပင်လိုကောင်ပဲ
အရွက်ကျရာ အပင်ပေါက်တော့
ကျနော် အသက်ပြင်းတာပေါ့ဗျာ၊
ကျနော်ခနခဏ ပြောခဲ့သလို
ဆံပင်ရှည်ချင်တယ်၊
အသက်ရှည်ချင်တယ်၊
အချစ်ရှည်ချင်တယ် ဆိုတာလေ
မခင်ထွေးရီ ရှိနေသမျှတော့ ကျနော်ရှိနေရအုံးမှာပေါ့၊

 

"နိုင်ငံတော် သတင်းတွေကို ရှင်နားထောင်မိသေးသလား"
"ရှင့်ကို ချစ်တဲ့
ရှင်က ချစ်တဲ့"
''ဖြူသူ၊ မဲသူတွေကိုရော
ရှင့်အကြောင်း၊ ကျမအကြောင်း ပြောဖြစ်နေသေးသလား"တဲ့၊
မခင်ခင်ထွေးရီရယ်...
မျက်ရည်မြစ်ထဲ ခုန်ချထားတဲ့ကောင်ပဲဗျာ
မျက်ရည်အကြောင်းပြောရင်
ကျနော့်အကြောင်း ပါမှာပေါ့၊
ကျနော့်ကို ချစ်တဲ့သူတွေ
ကျနော်က ချစ်တဲ့သူတွေအကြောင်း ပါပေမပေါ့၊
ဟောဒီ နိုင်ငံတော်အကြောင်း ပါမှာပေါ့၊
ဟောဒီ ဆယ်ကျော်သက်တွေအကြောင်း၊
ဟောဒီ အစိုးရအကြောင်း ပါမှာပေါ့၊

 

ကျနော်မသေဘူး မခင်ထွေးရီ
မခင်ထွေးရီ မသေသ၍တော့
ကျနော် မသေရဲ‌သေးပါဘူး ။

˜˜˜˜

ရိုးနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။