Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တပ်မဟာ ၈ (ESSAY)

ဒီနှစ် ၂၀၂၃ မှာ အသားကုန် တိုက်ပါမယ်လို့ အားခဲထားခါမှ နှစ်ကူးတာနဲ့ ဂြိုလ်ဆိုးဝင်တာပါပဲ။ အာရုံကြောထိခိုက်လို့ အရာရာကို ၂ထပ်မြင်ရတဲ့ diplopia ဆိုတဲ့ လက္ခဏာ ပြလာခါစက ဩော အရက်မူးသလိုပါပဲလားဆိုပြီး မိုက်သလိုလိုနဲ့ ၂ပတ်ကျော်လာတော့ ခေါင်းတွေလဲကိုက်ပြီး စိုးရိမ်စိတ် ဝင်လာတယ်။ ဖျားတာနာတာမပါတော့ ထုံးစံအတိုင်း အဆိုးဆုံးကို ကြိုတွက်လိုက်တယ်။ ငါ ဦးနှောက်ကင်ဆာပဲပေါ့။ NUG MOH က ဆရာကြီးများကတော့ ဆရာဝန်ဖြစ်ပြီး အဲ့သလောက်ပေါ့ရသလား ဆိုပြီး မဲဆောက်ကို ကြိမ်းမောင်းကာ သွားကုခိုင်းတယ်။မြန်မာပြည်က မြို့ထဲလဲ မသွားရဲပဲကိုး။ အဲသလိုနဲ့ ကျနော့်ရဲ့ တပ်မဟာ ၈ ခရီးစဉ် ဖြစ်လာပါရော။ (မဲဆောက်ကို KNU တပ်မဟာ၈ လို့ နောက်ပြောင်ပြီး ခေါ်ကြတယ်)

 

စစ်ရေးစည်းဝေးလေးတွေ ရှိနေပြန်တော့ ချက်ချင်းမသွားနိုင်ဘူး။ ဆရာကြီးများက  သွားလေသူ ကျနော့်ဦးလေး ဆရာဝန်ကြီး သိလို့ကတော့ ပုဆိုးစွန်တောင်ဆွဲပြီး အသေဆူမှာဆိုပြီး ဝိုင်းတွန်းကြတော့  တပ်ကို ကိုအတာတို့ ဒေါက်တာပေါက်တူးတို့ လက်ထဲ အပ်ခဲ့ပြီး ယက်ကန်ယက်ကန်နဲ့ သံလွင်မြစ်ကမ်းဘက်ကို ပါလာခဲ့တယ်။ သံလွင်မြစ်ရေက ကျနော်ကြီးပြင်းခဲ့တဲ့ စစ်ကိုင်းမြို့ဘေးက ဧရာဝတီမြစ်ရေလိုမျိုး မကြည်လင် မငြင်သာဘူး။ ကျနော့်စိတ်လိုပဲ နောက်ကျိနေခဲ့တယ်၊ ဂယက်ထနေတယ်။ သံလွင်မြစ်ဟာ အဖုံးမရှိဘူး တဲ့။ ဂျပန်တွေဆုတ်တော့ ဒီသံလွင်မြစ်အတိုင်း ဖောင်နဲ့ဆင်းတာ တစ်နေရာမှာ ဖောင်မှောက်ပြီး ရှောကုန်ကြသတဲ့။ တချို့က ညဘက်ဆို ထိုင်းဘက်ကမ်းမှာ သစ်ပင်ခိုးခုတ်ပြီး ဒီဘက်ကမ်းကို ခိုးသယ်ကာ ရောင်းစားကြသတဲ့။ စစ်ဖြစ်ရင် ဒီသံလွင်ကို ဖြတ်ကူးပြီး စစ်ရှောင်ကြသတဲ့။ လှေထဲမှာ ကရင်အလံရော ထိုင်းအလံရော ပါတယ်။ အဆင် သင့်တဲ့ အလံထူပြီး စက်လှေမောင်းရတာပေါ့။ မှောင်ခိုပို့တဲ့ နွားလှေတွေဆို အကောင် ၂၀-၃၀ အနည်းဆုံးတင်ပြီး သွားကြတာ။ မြစ်ကမ်းမှာရှိတဲ့ ရန်သူ့စခန်းတွေကို မသိမသာ ခိုးကြည့်လေ့လာရင်း ထိုင်းဘက်ကမ်းကို ရောက်ခဲ့တယ်။

 

လာကြိုတဲ့ ဆရာကီးက ထိုင်းရောက်ပြီဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်က ပြုတ်ကျတော့မှာ မဟုတ်ကြောင်း၊ ဆိုင်ကယ်ကို သက်တောင့်သက်သာစီးဖို့ ဖျောင်းဖျတယ်။ တောသားများထင်နေသလားမသိဘူး။

 

ကမ်းကပ်တော့ ဖေဖော်ဝါရီ ၁၄ ရက်။ ကဗျာလေးဘာလေး ရွတ်လိုက်သေးတယ်။ ၂ ထပ်မြင်ရောဂါနဲ့ဆိုတော့ မျက်စိက ၂ ဘက် တပြိုင်နက် ဖွင့်လို့မရဘူးလေ။ မျက်စိတစ်ဖက်ပိတ်နဲ့ ကြက်ပေါင်ဖိနပ်နဲ့ ရွံ့ပေနေတဲ့ ဘောင်းဘီနဲ့ ထိုင်းနယ်စပ်မှာ နဲနဲတော့ အူကြောင်ကြောင်ပေါ့။ ခိုးဝင်ဆိုတော့ ရဲလဲကြောက်ရသေးတယ်။ ဆိုင်ကယ်လာကြိုတယ်။ ကရင်ဆိုင်ကယ်စီးနေကျဆိုတော့ ဆိုင်ကယ်ဖင်ကို အသေကိုင်ထားတာ။ လာကြိုတဲ့ ဆရာကီးက ထိုင်းရောက်ပြီဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်က ပြုတ်ကျတော့မှာ မဟုတ်ကြောင်း၊ ဆိုင်ကယ်ကို သက်တောင့်သက်သာစီးဖို့ ဖျောင်းဖျတယ်။ တောသားများထင်နေသလားမသိဘူး။ လွတ်လပ်မှုကို မြတ်နိုးလို့ တော်လှန်နေတာဖြစ်ကြောင်း၊ ဆိုင်ကယ်စီးတာကို မစိုးမိုးသင့်ကြောင်း၊ ဆိုင်ကယ်ဖင်ကို မဖက်တွယ်ထားရလို့ ဥပဒေမရှိကြောင်း ပြောတုန်းရှိသေးတယ် စကားတစ်ခွန်းက ချေမှုန်းတယ်။ "မြန်မာမှန်းသိရင် ထိုင်းရဲဖမ်းမယ်" တဲ့။

 

ဆေးရုံမှာတုန်းကတော့ ရဲဆိုဟောက်စားပေါ့။ တရားရုံးသွားရင်လဲ ကိုယ်တွေက ဆရာပဲ။ အရင် ထိုင်းမှာ သင်တန်းလာတက်တုန်းကလဲ အေးဆေးပဲ။ ခုကျမှကိုယ့်မှာ ဝရမ်းပြေးလိုလို ဘာလိုလိုနဲ့။ ခိုးဝင်ဘဝက ဒီလိုပဲ။ ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်လေ။ မတွေ့ရတဲ့ ရဲဘော်ရဲဘက် ညီအစ်ကိုတွေ တပြုံကြီးပြန်တွေ့ရတယ်။ ၂ နှစ်ပြည့်တာတောင် အားလုံးဝမလျှော့ပဲ အလုပ်တွေဆက်တိုက်လုပ်နေကြတာ မြင်ရတယ်။ အလုပ်လဲ အတော်ဖြစ်ကြတယ်။ မထင်ထားတဲ့ နေရာတွေကနေ တော်လှန်ရေးမှာ ပါဝင်နေကြတာ။

 

လမ်းမှာ နောက်က ဆိုင်ကယ်တစ်စီးလိုက်လာတယ်။ မှိုရတဲ့ မျက်နှာနဲ့ ထိုင်းရဲ ၂ယောက်။ လက်အုပ်လေးချီကာချီကာနဲ့ "ပက်စပို့ ပက်စပို့" ဆိုပြီး တောင်းကြရှာတယ်။

 

ကျနော်ရောက်တယ်ဆိုတော့ တစ်ဝိုင်း တည်ကြတာပေါ့ဗျာ။ ‌ကျနော်ကအသောက်အစား ဝါသနာပါလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှုရေးက ရှိသေးတယ်လေ။ အဲ့သလိုနဲ့ ညည့်နက်သွားပါရော။ ဆရာကီးက ကျနော့်ကို မြို့ရောက်တုန်း သူ့အိမ်က အဲကွန်းခန်းလေးမှာ မွေ့ယာလေးနဲ့ အိပ်စေချင်ပါသတဲ့။ ကျနော်က ကြမ်းညီညီမှာ မအိပ်ရတာတောင် ကြာပြီကိုး။ ဒါနဲ့ ဆိုင်ကယ်လေးနဲ့ ညီကိုရဲဘော်၂ယောက် ပြန်ကြတာပေါ့။ လမ်းမှာ နောက်က ဆိုင်ကယ်တစ်စီးလိုက်လာတယ်။ မှိုရတဲ့ မျက်နှာနဲ့ ထိုင်းရဲ ၂ယောက်။ လက်အုပ်လေးချီကာချီကာနဲ့ "ပက်စပို့ ပက်စပို့" ဆိုပြီး တောင်းကြရှာတယ်။ သူတို့ကို သနားပေမယ့် ပေးစရာပက်စပို့က ကိုယ့်မှာ မရှိဘူးဗျိုး အားနာစရာပဲ။ အဲဒါနဲ့ ရဲစခန်းကို လိုက်လည်ရတာပေါ့။ ရဲစခန်းရောက်တော့ စကားပြန်တစ်ယောက်ရောက်လာတယ်။ ထိုင်းရဲတွေက ဗမာတွေကို သိပ်အားကျလို့ ဗမာတွေ့ရင် ပက်စပို့ အတင်းတောင်းကြည့်ကြကြောင်း၊ သွေးကြီးပြီး မပြချင်တဲ့ဗမာတွေဆိုရင် ရဲကျေနပ်အောင် မုန့်ဖိုးပဲဖိုးလေးများ ပေးသွားတတ်ကြကြောင်း၊ ကျနော်တို့လဲ မပြချင်ရင် သူဘက်၄၀၀၀နဲ့ အဆင်ပြေအောင်လုပ်ပေးမယ့်အကြောင်း ငေါက်ဆက်ငေါက်ဆက်နဲ့ ပြောပြတော့ ကျနော်တို့လဲ အားကျရင် ကြိုးစာသင့်ကြောင်း ပြောပြီး မုန့်ဖိုး ဘက် ၄၀၀၀ ထုတ်ပေးလိုက်တော့ သူတို့ခမျာ လက်အုပ်လေးများချီကာ ခပွန်း ခ ခ ခ လုပ်နေကြပြန်လို့ အမြန်လစ်ခဲ့ရတယ်။ ဗမာပြည်မှာ ရဲနဲ့စစ်သားဆို ပြည်သူများက အင်မတန်သနားကြတာ ကလား။

 

မဲဆောက်ရောက်တော့ မိတ်ဆွေတွေက ထမင်းဖိတ်ကျွေးကြတယ်ဗျာ။ ဪ ငါ့ရဲဘော်တွေ တောထဲမှာ ငတ်နေပါလားဆိုတဲ့အတွေးနဲ့ အစက မျိုကိုမကျဘူး။ နောက်တော့မှ ဩော ဒါ ဆရာပေါက်တူးကြိုက်တဲ့ဟင်းလေးပဲ သူ့အစား စားပေးအုန်းမှ၊ ဩော ဒါကတော့ အုပ်ကြီးအကြိုက်ဟ၊ ဪ ငါ့ကောင် သောက်စီ အရက်ငတ်နေရှာတော့မယ် ဒါလေးတော့ ဒီကောင့်ကို အရသာပြန်ပြောပြမှ ကောင်းမယ် သောက်လိုက်အုန်းမှဟ ဆိုပြီးကြိတ်လိုက်တာ ၁ လအတွင်း ၁၅ပေါင် တက်လာတာပဲ။ ရပ်ဝေးက မိတ်ဆွေတွေကလဲ တကူးတက လာတွေ့ကြတယ်။ အစ်မတစ်ယောက်ဆို ကျနော်ကြိုက်မှန်းသိလို့ ဒိန်ခဲအပြား၊ ငါးသေတ္တာ၊ အိုင်ဘေးရီယန်းဝက်ပေါင်ခြောက် နဲ့ ဗမာပြည်က မှာထားတဲ့ အညာစာမျိုးစုံ ယူချလာတယ်။ သူကလဲ အညာသူကိုး။ ကျနော်က ကရင်ငါးပိနဲ့ တာလဘောပဲ ကြိုက်တော့တာဗျ။

 

တပ်တွင်းစည်းကမ်းမှာ အပြစ်လုပ်ရင် ဒိုက် ၃၀လောက် ထိုးခိုင်းကြောင်းပြောတော့ တိုနီက သူတို့တုန်းက ၁၀၀လောက်ထိုးရကြောင်းပြောတယ်။ သူက ဗြိတိန်လေတပ် RAF မှာ တာဝန်ထမ်းဖူးတယ်တဲ့။ ကဲ ရဲဘော်တို့ ၁၀၀ နော်။

 

ရောက်ကာစကတော့ သွားရလာရတာ ခပ်ရွံ့ရွံ့၊ နောက်ပိုင်းကျတော့ အထာသိသွားတော့ သွားရဲလာရဲ ဖြစ်လာတယ်။ တွေ့ကြ ဆုံကြရတာတော့ လူအစုံပဲ။ တော်လှန်ရေး စစ်ရေးအရ တော်လှန်ရေးသမားအချင်းချင်း တွေ့ဆုံမှုတွေကတော့ လုံခြုံရေးအရ ချန်လှပ်ထားမှ ကောင်းမယ်။

 

တခြားထဲက မှတ်မှတ်ရရဆို Oxford က နိုင်ငံတကာရေးရာ စာတမ်းတစ်ခုလုပ်နေတဲ့ တိုနီဆိုတဲ့ ဘဲနဲ့ တွေ့ခဲ့ရတယ်။ သူက ဗမာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေ အုပ်ချုပ်ရေး ဘယ်လိုလုပ်ကြလဲ (governance) တော်လှန်ရေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အဓိက လေ့လာနေတာ။ ၅နှစ်ကျော်ပြီ။ တပ်မဟာအတော်များများ သူရောက်ဖူးတယ်။ EAO အရာရှိတော်တော်များများနဲ့လဲ အင်တာဗျူးဖူးတယ်။ ကျနော်လဲ အနောက်နိုင်ငံသားရဲ့ ဗမာပြည်အပေါ်အမြင် သိချင်တာနဲ့ ၇-၈ ခါလောက် ဆုံကြ ပြောကြပေါ့။ မြေပြင်အနေအထားကိုလဲ သိစေချင်တယ်လေ။ ကျနော်ဖြီးသမျှကို စာအုပ်လေးနဲ့ လိုက်မှတ်ရှာတယ်။ တပ်တွင်းစည်းကမ်းမှာ အပြစ်လုပ်ရင် ဒိုက် ၃၀လောက် ထိုးခိုင်းကြောင်းပြောတော့ တိုနီက သူတို့တုန်းက ၁၀၀လောက်ထိုးရကြောင်းပြောတယ်။ သူက ဗြိတိန်လေတပ် RAF မှာ တာဝန်ထမ်းဖူးတယ်တဲ့။ ကဲ ရဲဘော်တို့ ၁၀၀ နော်။

 

နောက် မနုဿဗေဒ ပညာရှင်ဆိုတဲ့ ပရော်ဖက်ဆာဘဲကြီးတစ်ပွေ။ ကျနော်က မြန်မာ့ဓလေ့ပဲသိတာ သူက ဗမာပြည်က တခြားတိုင်းရင်းသားဓလေ့ စာပေ ယဉ်ကျေးမှုတွေကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ပြောသွားတာ၊ ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့။

 

နောက်တစ်ယောက်က "Militias in Myanmar" (ဗမာ့ ပြည်သူ့စစ်များ) ဆိုတဲ့ စာအုပ်ရေးတဲ့ John Buchanan ဆိုတဲ့ ဘဲကြီးဗျ။ တွေ့တွေ့ချင်း ကျနော့်ကို CDM ဆရာဝန်လို့ပဲ သူ သိထားတော့ "မင်းတို့ တော်လှန်ရေးသမားတွေ ဘယ်တော့လောက် ပြည်သူ့စစ်အဖြစ် ဖွဲ့ကြမလဲ" လို့ တည့်မေးလာတယ်။ ရင်ဝကို ဆောင့်ကန်သလိုပဲ။ "ကျနော်တို့က အရှုံးမပေးဘူးဗျ" ပြောတော့မှ သူလဲ ကျနော့်ကို PDF မှန်း သိတယ်။ သူ့စာအုပ် ဖတ်ဖူးတော့ ဖြီးလို့ကောင်းတာပေါ့ဗျာ (မြန်မာပြန်လဲ ရှိတယ်)။ ခင်သွားတော့ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြတာပေါ့ဗျာ။ သူက ဗမာ့အရေး လေ့လာတာ နှစ် ၂၀ ကျော်ပြီ။ အရှေ့တောင်အာရှသမိုင်းနဲ့ နိုင်ငံရေးသိပ္ပံလဲ ကျွမ်းတယ်။ ကျနော်က နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ (စစ်ပွဲမှာ နိုင်ငံရေးရည်မှန်းချက်က အရေးအကြီးဆုံးကိုး) NUG ရဲ့ မဟာဗျူဟာအပေါ် သူ့အမြင်မေးတော့ ချက်ချင်းမဖြေနိုင်ဘူး။ ၃-၄ ရက်လောက် အချိန်ပေးပါတဲ့။ နောက်တော့မှ email ပို့လာတယ်။ reference တွေရော ဘာတွေရောနဲ့ အတော်ဖတ်ယူရတယ်ဗျာ။

 

နောက် မနုဿဗေဒ ပညာရှင်ဆိုတဲ့ ပရော်ဖက်ဆာဘဲကြီးတစ်ပွေ။ ကျနော်က မြန်မာ့ဓလေ့ပဲသိတာ သူက ဗမာပြည်က တခြားတိုင်းရင်းသားဓလေ့ စာပေ ယဉ်ကျေးမှုတွေကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ပြောသွားတာ၊ ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့။ မြန်မာစာလဲ ကျွမ်းပါ့။ သူတို့မှာ တကူးတက သူများနိုင်ငံလာပြီး လေ့လာကြရရှာတယ်။ ကိုယ်တွေလောက် ကံမကောင်းရှာကြပါလားလို့ စုပ်တသပ်သပ် ဖြစ်ရတယ်။

 

မဲဆောက်မှာ အိပ်တော့ ကျနော့် ရဲဘော်ညီကို ဆရာသမားတွေအိမ်မှာပဲ ပတ်အိပ်တာ၊ ကျနော့်ဒဏ်လဲ အတော်ခံကြရရှာပါတယ်။ ဩော လာရင်းကျန်းမာ‌ရေးကိစ္စလား။ ခေါင်း MRI မှာတော့ ဦးနှောက်ထဲက Rathke's cyst ဆိုတဲ့ အရည်အိတ်လေး ယောင်တာပါ အရေးမကြီးပါဘူးတဲ့။ ဒါပေမယ့် မဲဆောက်လာရတာ အလကားမဖြစ်ပါဘူး။ နောက်ပိုင်း ဆက်လုပ်ရမယ့်လုပ်ငန်းစဉ် သဘောတူညီချက်တွေ ရခဲ့တယ်။

 

မဲဆောက်လာရတာ အတန်ဆုံးက ကျနော့်မိသားစုနဲ့ ဆုံရတာပါပဲ။ မိဘတွေက ရေခြားမြေခြားမှာ နေကြတာဆိုတော့ မတွေ့ရတာ ကိုဗစ်မတိုင်ခင်ကတည်းကပဲ။ ခု မဲဆောက်ကို လာတွေ့ကြတယ်။ အရင် ၃-၄နှစ် တွေ့တုန်းက အမေက သန်သန်မာမာပဲ။ ကျနော့်ကိုတောင် ဆူနိုင်သေးတယ်။ အရင်က ကျနော်ဂစ်တာတီးရင် ဘေးကထိုင်ဆိုတတ်တဲ့အမေ။ သန်း‌ခေါင်ကျော် ကျ‌နော်မူးပြီး အိမ်ပြန်ရင် မအိပ်ပဲ စောင့်တတ်တဲ့အမေ။ အခုတော့ ကျနော့်စိတ်နဲ့ တုန်ချိတုန်ချိဖြစ်နေပြီ။ အခုတော့ လမ်းလျှောက်ရင်တောင် ကျနော့်လက်ကို တွဲပြီးမှ လျှောက်တာ။ ကျနော့်ယူနီဖောင်းကိုတော့ ကိုယ်တိုင်လက်နဲ့ လျှော်ပေး‌သေးတယ်။ နောက်ဆုံးတွေ့တုန်းက သူ့စိတ်ထဲမှာ သူ့သားက ပုစိညှောင့်တောက်လေးပေါ့။ အခုတော့ စစ်သားကြီးပေါ့။ အဖေက နဲနဲမာသေးတယ်။

 

၂ နှစ်သားလောက်မှာ အဝေရာစေ့ နားထဲထည့်လို့ ဆေးရုံရောက်တယ်။ အမေ့ကို အဖြစ်သည်းလို့ဆိုပြီး အဖိုးက ဆူတယ်။ သစ်ပင်တက်ပြီး ခြေထောက်နဲ့ ဇောက်ထိုးတွဲလဲချတာ အဖိုးတွေ့သွားတော့ ငါ့သမီး ပူတာ မလွန်ဘူးတဲ့။

 

အမေ့ဆီမှာ ကျနော်မွေးကတည်းက ကျနော့်အတွက် ဒိုင်ယာရီရှိတယ်။ ဘယ်နေ့မွေးတယ်၊ ဘယ်နေ့ဝမ်းလျှောတယ်၊ ဘယ်နေ့မှောက်တယ်၊ ထိုင်တယ်၊ စကားအဆန်းပြောတယ်၊ နေ့တိုင်းအတွက်မှတ်တမ်း ရှိတယ်။ ကျနော်က ငယ်ငယ်ထဲက နဲနဲအဆော့သန်တယ်။ လသားအရွယ်မှာ ကုတင်ပေါ်ကအတင်းခုန်ချလို့ လက်ကျိုးသွားတယ်။ ၂နှစ်သားလောက်မှာ အဝေရာစေ့ နားထဲထည့်လို့ ဆေးရုံရောက်တယ်။ အမေ့ကို အဖြစ်သည်းလို့ဆိုပြီး အဖိုးက ဆူတယ်။ သစ်ပင်တက်ပြီး ခြေထောက်နဲ့ ဇောက်ထိုးတွဲလဲချတာ အဖိုးတွေ့သွားတော့ ငါ့သမီး ပူတာ မလွန်ဘူးတဲ့။ အမေက ဗေဒင်မေးကြည့်တော့ ကျနော်က သိုက်ကလာတာတဲ့။ ၉နှစ်အထိ ကိုယ့်သားလို့မမှတ်နဲ့ ဘုရားကိုလှူထားတဲ့။ ၉နှစ်ကျော်မှ ကိုယ့်သားတဲ့။ အဲတော့ နယ်မှာနေပြီး စက်ဘီးစီး ပေးမသင်ဘူး။ ညအိမ်ပြန်နောက်ကျရင် ရဲတိုင်ထားပြီးပြီ။ အသက် ၁၇ အထိ ကျနော့်ကို အမေက လူပျိုမဖြစ်သေးဘူးထင်တာ။ sex education သင်ပေးဖို့လုပ်တော့ ကျနော်က အကုန်သိပြီးသား။ အမေ့စာအုပ်စင်အကုန် ကျနော်က မွှေထားပြီးပြီ‌လေ။ အခုတော့ . . .

 

အဖေက ပြောတယ် တော်လှန်ရေးကို အဝေးကလုပ်လဲ အကျိုးရှိမှာပါ။ သားက လုပ်နိုင်ပါတယ်တဲ့။ အင်တာနက်နဲ့ အခုအဆက်အသွယ်တွေနဲ့ဆို အလုပ်တောင် ပိုဖြစ်အုန်းမှာတဲ့။ တောထဲမှာပဲ ဘဝဆုံးမှာ စိုးရှာတယ်။ အမေ့ကိုလဲ စိတ်ပူတယ်ထင်တယ်။ ခုလဲ အမေဘယ်လောက် ပူရှာမလဲ။ အမေ့လှမ်းကြည့်တော့ မျက်နှာပျက်နေတယ်။ ပြောမရမှန်းလဲ သူသိတယ်။ အတော်ကြာမှ အမေက အသံတုန်တုန်ရီရီနဲ့ ပြောတယ်။ "သားငယ်လေးကို တော်လှန်ရေးမှာ လှူထားပြီးပြီ" တဲ့။

 

ကျနော်တို့ကို ‌တာဝန်ခံလူကြီးတွေက သေမထူးနေမထူးများ မှတ်နေလားမသိဘူး၊ ကျနော်တို့လူငယ်တွေက သေလဲထူးတယ် နေလဲထူးတယ်

 

ရဲဘော်တစ်ယောက်က ရင်ဖွင့်ဖူးတယ်။ "ကျနော်တို့ကို ‌တာဝန်ခံလူကြီးတွေက သေမထူးနေမထူးများ မှတ်နေလားမသိဘူး၊ ကျနော်တို့လူငယ်တွေက သေလဲထူးတယ် နေလဲထူးတယ်" တဲ့။ တကယ်တမ်းက အိမ်မှာ ဖူးဖူးမှုတ် အလိုလိုက်ခံခဲ့ရတဲ့ရဲဘော်တွေပါ။ အခုလဲ အိမ်တွေက မင်းလုပ်တာ မှားတယ်လို့ တစ်ခွန်းမှ မပြောကြပါဘူး။ သားတောခိုရင် ငါးပိကြော်ကြော်ပြီး ပို့ပေးမယ်ဆိုတဲ့ အိမ်တွေ။ အမျိုး နာရေးရှိရင်တောင် တော်လှန်ရေးထိခိုက်မှာစိုးလို့ ဖုံးထားပေးတတ်ကြတယ်။ အိမ် ပေါင်လိုက်ရတာ၊ မိသားစုကြပ်တည်းနေတာ၊ သေလောက်အောင်စိတ်ပူနေတာကို ပြောမထွက်ကြဘူး။ မိသားစုက ဖြစ်ညှစ်ပြီး ပေးတဲ့ စိတ်ဓာတ်ခွန်အားက အတော် တာသွားပါတယ်။ ကျနော်က ဘဝတူ ရဲဘော်တစ်ယောက်ချင်းဆီကို တန်ဖိုးထားတယ်။ သူတို့ကို နံပါတ်တစ်ခု၊ အရေအတွက်တစ်ခုအနေနဲ့ပဲ မမြင်ဘူး။ ဘဝတစ်ခု၊ မိသားစု‌ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့မြင်တယ်။ ဒူပန်း ပြောဖူးသလို "Like Saturn, the revolution devours it's children" တော်လှန်ရေးဟာ သူ့ရဲ့ကလေးတွေကို ဝါးမြိုတယ်တဲ့။ တော်လှန်ရေးကို လှူထားတဲ့ ရဲဘော်တွေအနာဂတ်အတွက်၊ စွန့်လွတ်ထားရတဲ့ ပြည်သူတွေအတွက် လေလုံးမထွားပဲ ထက်မြတ်မှန်ကန်တဲ့ ဦးဆောင်မှု ပေးနိုင်ကြပါစေ။ 

 

……….

 

“စာရေးသူ တမာ၏ ခွင့်ပြုချက်ဖြင့် Diary 35 Facebook page မှ ပြန်လည်ကူးယူ ဖော်ပြပါသည်” 

~~~~

တမာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။