ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနဲ့ The Elders အဖွဲ့ ဒုဥက္ကဋ္ဌ ဘန်ကီမွန်းဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေး လမ်းကြောင်း ရှာဖွေဖို့နဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျ အားလုံးပါဝင်တဲ့ တရားဝင် အစိုးရတစ်ရပ် ထူထောင်ဖို့ ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဘန်ကီမွန်းဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ဆုံကာ မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ရေရှည်တည်တံ့တဲ့ အဖြေရရှိရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဌက ပါဝင်တဲ့ အဖွဲ့အစည်း အားလုံးရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့တယ်လို့ The Elders အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
“အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်စေရေး စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကြားမှာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်နိုင်ဖို့ မြန်မာနိုင်ငံကို ကျနော် လာခဲ့တာပါ”လို့ ဘန်ကီမွန်းက ပြောပါတယ်။
“ကျနော်တို့ တွေ့ဆုံမှုတွေက စူးစမ်းလေ့လာဖို့ပါ။ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ လွတ်လပ်မှုတွေကို ရယူနိုင်ဖို့ ကျနော် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်” လို့ သူက ဆက်ပြောပါတယ်။
ဘန်ကီမွန်းဟာ မြန်မာစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ခဲ့တာဖြစ်ပြီး နေပြည်တော် တွေ့ဆုံမှုတွေမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ရေး တိုးတက်မှုရှိအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ ဖိအားပေးပြောကြားခဲ့တယ်လို့ The Elders အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အားလုံးကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အဖွဲ့အစည်း အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရေး နိုင်ငံတကာ အသိုက်အဝန်းရဲ့ တောင်းဆိုမှုတွေကို သူ့အနေနဲ့ ထောက်ခံတယ်လို့ ဘန်ကီမွန်းက ဆိုပါတယ်။
မကြာသေးခင်က စစ်ကိုင်းတိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၆၀ ကျော် သေဆုံးတယ်လို့ ခန့်မှန်းရတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ခဲ့မှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း ဘန်ကီမွန်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေတွေ ရှိမှသာ ရွေးကောက်ပွဲတွေကို ကျင်းပရမယ်လို့ ဘန်ကီမွန်းက သတိပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲတွေကို ကျင်းပတာက အကြမ်းဖက်မှုနဲ့ ကွဲလွဲမှုတွေကို ပိုတိုးလာစေပြီး ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း မြန်မာပြည်သူတွေ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ The Elders အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီမိုကရေစီနဲ့ အရပ်သား အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းရေးအပေါ် အပြည့်အ၀ ထောက်ခံမှုက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံနဲ့ The Elders အဖွဲ့ရဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ လက္ခဏာ သွင်ပြင်တစ်ရပ် ဖြစ်ခဲ့ပြီး ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ တိုးတက်မှုအပေါ် ထောက်ခံအားပေးခဲ့တဲ့ ပုဂ္ဂိုလ်ရေး သမိုင်းကြောင်းရှိသူလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးမှာ အာဆီယံ နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ သူ့တို့ရဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းရာမှာ စည်းလုံးညီညွတ်မှုကို ပြသဖို့နဲ့ သန္နိဋ္ဌာန် ခိုင်မာကြဖို့ လိုပါတယ်။ လက်ရှိ အကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ့် ရှေ့ဆက်တိုးရေး လမ်းကြောင်းကို စိတ်ရှည်သည်းခံမှု ရှိရှိနဲ့ ရှာဖွေနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပထမခြေလှမ်းကို စစ်တပ်က စလှမ်းရပါမယ်”လို့ ဘန်ကီမွန်းက ပြောပါတယ်။
…………
နောင်ဘို
#ငွေမောင်းသံ မီဒီယာ
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။