ကိုယ့်အိမ်နီးနားချင်းတွေက ဘယ်သူမှ မကောင်းကြဘူး။ တရုတ်၊ ထိုင်း၊ အိန္ဒိယ အကုန်လုံးပါပဲ။ ပြည်သူတွေရဲ့ ဒုက္ခသုက္ခကို ထည့်သွင်းစဥ်းစားတဲ့ အလေ့အထ မရှိကြဘူး။ စစ်တပ်က မတရား အာဏာသိမ်းတာ၊ တရားဝင် ဟုတ်တာ မဟုတ်တာ ဘေးဖယ်ကာ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသူရဲ့ ဖော်ပြပြောကြားချက်ကိုပဲ တရားဝင်သယောင် သဘောထား ကြတယ်။ ဒါကတော့ ပြည်တွင်းရေး ၀င်မစွက်ရတဲ့ နိုင်ငံခြားရေးမူ၀ါဒ သဘောအရလို့ပဲ ဆိုကြတယ်။
ဒီထဲမှာမှ အကျိုးစီးပွားများစွာ ရှိနေတဲ့ တရုတ်ရဲ့သဘောထားက အဆိုးဆုံးလို့ ဆိုရပါမယ်။ မြန်မာနိုင်ငံကို ဘယ်သူ အုပ်ချုပ် အုပ်ချုပ် သူ့အတွက် သိပ်အရေးမပါပါဘူး။ သူ့အကျိုးစီးပွား လုပ်လို့ရရင် သူ့အတွက် လိုဘပြည့်ပြီ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေကို သူ စိတ်မဝင်စားပါဘူး။ မြန်မာပြည်က ဘာရမလဲ၊ ဘယ်သူနဲ့ အလုပ်လုပ်လို့ ပိုအဆင်ပြေမလဲ၊ ဒါပဲ စိတ် ဝင်စားပါတယ်။ လက်ရှိအခြေအနေအရ မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျိုး စီးပွားအဖြစ်ဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးတိုင်းပြည်က တရုတ်ပဲ ဖြစ်တယ်။
အထက်မြန်မာပြည် တကြောက ဓာတ်သတ္တုတွင်းထွက်မှန်သမျှဟာ အာဏာသိမ်းခေတ် အဆက်ဆက်မှာ တရုတ်လက် ဝကွက်အပ်ထားတဲ့ အတိုင်းပါပဲ။ မြေရှား၊ မြစ်ဆုံ၊ ကြေးနီ စသဖြင့် ရှိပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဂက်စ်ပိုက်လိုင်း၊ OBOR အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဒါတွေ အားလုံးဟာ တရုတ်ရဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ ကူမင်းမီးရထားလမ်းဟာ အနီးဆုံး ပင်လယ်ထွက်ပေါက်ဖြစ်လာမှာကြောင့် တရုတ်အတွက် သိပ်ကို မရေးပါလှပါတယ်။ သူ့အတွက် အလွယ်ကူဆုံးဖြစ်စေမယ့် အိမ်နောက်ဖေးထွက်ပေါက်လည်း ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာဘက်ခြမ်းကို ပေါက်ဖို့ အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့ စာရင် တရုတ်တို့အဖို့ မြန်မာနဲ့က ပိုနီးစပ် ပိုအဆင်ပြေနေပါတယ်။ ဒါမှ တရုတ်ဟာတောင်တရုတ်ပင်လယ်ကို ပတ်နေစရာ မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကတစ်ဆင့် အရှေ့အလယ်ပိုင်းဆီ ပေါက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမက်လုံးတွေကို တရုတ်ဟာ အမိအရဆုပ်ကိုင်ထားပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဘယ်လိုအစိုးရမျိုး အုပ်ချုပ်ပါစေ၊ သူ့အတွက် အရေးမပါပါဘူး။ သူထင်သလို ခြယ်လှယ်လို့ရနိုင်မယ့် အစိုးရမျိုးပဲ လိုချင်တာပါ။
အခု တရုတ်လှမ်းနေတဲ့ ခြေလှမ်းတွေကို ဂရုတစိုက် ကြည့်တတ်ဖို့ မြင်တတ်ဖို့ သိပ်အရေးကြီးလှပါတယ်။ UWSP/UWSA, KIO/ KIA, ULA/ AA, SSPP/ SSA, PSLF/ TNLA, MNTJP/ MNDAA, NDAA (မိုင်းလား) မြောက်ပိုင်း ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တရုတ်ကိုယ်စားလှယ် တိုက်ရှီကျွန်း တွေ့ကြတဲ့ ကိစ္စတွေဟာ တရုတ်အတွက် အင်မတန် အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မြောက်ပိုင်း ၇ ဖွဲ့ဟာ မကြာသေးခင်က ဝပြည်မှာ အကြိုညှိနှိုင်းပွဲ လုပ်ခဲ့ပြီး အချက် ၇ ချက်ပါ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ ကြေညာချက်အဖြစ် ထုတ်ပြန်ထားပါတယ်။ ပြီးရင် တရုတ်ကြီးက သူ့ဆီမှာ မြောက်ပိုင်း ၇ ဖွဲ့နဲ့ ထပ်တွေ့ကြအုံးမှာ ဖြစ်ပါတယ်။ တရုတ် ကိုယ်စားလှယ်ဟာ မအလနဲ့ကော သူ့သြဇာ သက်ရောက်မှုရှိတဲ့ နယ်စပ်မျဥ်းနှုတ်ခမ်းပေါ်က အဖွဲ့တွေကြားမှာပါ လမ်းသလားနေတာဟာ အလကား အားအားလျားလျား လုပ်နေတာမဟုတ်ပါဘူး။ မြန်မာပြည်မြောက်ပိုင်းတစ်ခွင်က သူ့အကျိုးစီးပွားအတွက် အဓိက ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက်လည်း အချိုးအကွေ့တစ်ခုမဟုတ်တောင် တစ်စုံတစ်ရာ သက်ရောက်မှုရှိလိမ့်မယ်လို့ ယူဆပါတယ်။
မအလဖက်ဆစ်အုပ်စုကလည်း ချင်း၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတွေကို အပြုတ်နှံလို့ရရင် သူ့အတွက် ငြိမ်းပြီလို့ တွက်ထားပုံရပါတယ်။ ဒါကြောင့် မအလအတွက် စစ်မျက်နှာချုံ့နိုင်မယ့်အပြင် တရုတ်အတွက်လည်း အရေးပါနေတဲ့ မြောက်ပိုင်းအဖွဲ့ကို စည်းရုံးနားချဖို့ တရုတ်ဘက်က ပိုအားထုတ်လာလေသလားလို့တောင် ထင်မှတ်စရာ ဖြစ်နေပါတယ်။ မြောက်ပိုင်း ၇ ဖွဲ့မှာ တချို့တွေက နွေဦးတော်လှန်ရေးနဲ့ သွယ်ဝိုက်၍သော် လည်းကောင်း ပတ်သက်မှု ရှိကြတယ်။ ဒီအချက်ကိုလည်း မအလတို့က ထိုးခွဲဖို့ကြိုးစားလာတဲ့သဘောလို့လည်း ယူဆနိုင်တယ်။ ဒါ့အပြင် ရခိုင်ဘက်ခြမ်းက ရိုဟင်ဂျာကိစ္စကိုပါ တရုတ်က ပြေလည်စေဖို့ တိုက်တွန်းလာပါသေးတယ်။ ရိုဟင်ဂျာအရေးကတော့ ဘင်္ဂလားဒေ့ရှ်က လက်ခံထားရတဲ့ ဒုက္ခသည်စခန်းအတွက် အမေရိကန်ရဲ့ ဘတ်ဂျက်အသစ် ချပေးလိုက်တာကြောင့်လို့ ယူဆပါတယ်။ ရိုဟင်ဂျာအရေးမှာ လုံးလုံးတာဝန်ရှိနေတဲ့ မအလအဖို့ အသက်ရှုချောင်စေဖို့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးအတွက် တရုတ်က ကြားဝင်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့အခြေအနေမှာ တရုတ်နဲ့ ရုရှား ပြန်နီးကပ်လာတာ၊ ရုရှားနဲ့အိန္ဒိယက မအလဖက်ဆစ်စစ်အုပ်စုကို တိုက်ရိုက် စစ်လက်နက်တွေ အကူအညီပေးနေတာတွေဟာ အဆက်အစပ်တွေ များစွာ ရှိတယ်လို့ ယူဆရပါတယ်။ ပြောရရင် ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်တဲ့ အိန္ဒိယဟာ မြန်မာ့အရေးမှာ မအလဖက်ဆစ်ဘက်ယိမ်းနေပြီး ရှက်စရာကောင်း အပြုအမူတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့် အရှေ့နဲ့အနောက်ကြားမှာ အိန္ဒိယနဲ့မြန်မာဟာ ချိန်ခွင်လျှာညှိစရာ ဖြစ်လာနေတယ်လို့ ထင်ပါတယ်။ OBOR နဲ့လည်း ကုလားတန်မြစ်စီမံကိန်းလုပ်မယ့် အိန္ဒိယက ဆက်နွှယ်နေတာကြောင့်လည်း ပါနိုင်ပါတယ်။ ပြောရရင် လက်ရှိကမ္ဘာ့အခြေအနေဟာ ပထမကမ္ဘာစစ်မတိုင်မီတုန်းကလို ကုန်းတွင်းအခြေပြုနိုင်ငံတွေနဲ့ ပင်လယ်ပိုင်းနိုင်ငံတွေ အားပြိုင်မှု တစ်ပတ်ပြန်လည်လာလေသလားလို့တောင် ထင်မှတ်စရာ ဖြစ်နေပါတယ်။ သို့မို့ကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရှေ့ရှုတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ယူကရိန်းအရေးလို၊ ထိုင်ဝမ်အရေးလိုတွေကို ပိုအာရုံထားနေကြပြီး မြန်မာ့အရေးကို ပြည်တွင်းရေးသက်သက်ဆိုကာ ပစ်ထားပုံရပါတယ်။ ထားပါတော့၊ ဒါက ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေး အကြောင်း တိုက်ဆိုင်လာလို့ ထည့်ပြောရတာပါ။ နွေဦးတော်လှန်ရေးကို ကိုယ်ထူကိုယ်ထတော်လှန်ရေးအဖြစ် ပြည်သူတစ်ရပ်လုံးက ပုံအပ်ထားပြီးသား ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်ကို ပြောရင်း နိဂုံးချုပ်ပါမယ်။ ဓနအင်အားကော၊ လက်နက်အင်အားကော ကမ္ဘာ့ဒုတိယအင်အားကြီးနိုင်ငံဖြစ်တဲ့ ပထဝီနိုင်ငံရေးအရလည်း အရေးကြီးတဲ့ တရုတ်ကို တော်လှန်ရေးအစိုးရဖြစ်တဲ့ NUCC/NUG က ကိုယ့်ဘက်ယိမ်းလာအောင် ကြိုးစားဖို့ အများကြီး လိုအပ်နေပါသေးတယ်။ တရုတ်ကလည်း အာဏာသိမ်းစစ်အုပ်စုဘက် ယိမ်းမလား၊ ပြည်သူလူထုလိုလားတဲ့ နွေဦးတော်လှန်ရေးဘက်ခြမ်းကို ယိမ်းမလားဆိုတာ တွက်ဆဆင်ခြင်နေမှာ အမှန်ပါပဲ။ နွေဦးတော်လှန်ရေးရဲ့ ၅၀/၅၀ နဲ့ တင်းခံနေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ကတော့ ပြည်တွင်းအခြေအနေကော၊ ပြည်ပအခြေအနေများရဲ့ အတိုးအဆုတ်နဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ မိမိအကျိုးစီးပွားသာလျှင် အဓိက လက်ကိုင်ပြုထားပြီး ကြားချနေဖို့ကြိုးစားနေရာက လှုပ်လာတဲ့ “တရုတ်ယိမ်း”ဟာ ဆိုင်ရာအခြမ်းတွေရဲ့ အားထုတ်မှုအပေါ် မှာ များစွာတည်မှီလျက်ရှိပါကြောင်း။
ကိုလူမိုဃ်း
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။