Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တောင်​ပေါ်မှသည် ​မြေပြန့်ဆီသို့ (OPINION)

ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ်ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ KMDAA ကိုးကန့်၊ TNLA တအာင်းပလောင်၊ AA ရက္ခိုင့်တပ်တော်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဟန်ချက်ညီစနစ်ကျစွာဖြင့် အောက်တိုဘာ ၂၇ ရက်နေ့မှာ လင်းအရုဏ်နဲ့အတူ ဖူးပွင့်ခဲ့ပြီ ဖြစ်ပါတယ်။ BPLA, PLA, KNDF, မန္တလေး PDF တို့ကပါ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။ ရှမ်းမြောက်တစ်ခွင်က ညီနောင်သုံးဖော် ဖြစ်တဲ့ MNDAA, TNLA, AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး သေနတ်ပစ်ဖောက်သံဟာ နွေဦးတော်လှန်ရေး "အီ" နေမှုအပေါ် မောပမ်းနွမ်းနယ်စွာနဲ့ မချင့်မရဲ ဖြစ်နေကြရတဲ့ ပြည်သူလူထုကြီးအတွက် ရုတ်တရက် ခွန်အားတွေ ပြန်ရလိုက်သလို ကြည်လင်ရွှင်ပျသွားကြတယ်။ ၁၀၂၇ စစ်ဆင်ရေးဖြစ်စဉ်တွေဟာ ဘယ်သူ့ကြောင့် ဘယ်သူမီးစိမ်းပြလို့ဆိုတာထက် ညီနောင်သုံးဖော်ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံ့တစ်၀ှမ်း အထိ ဆင်နွှဲသွားမယ်ဆိုတဲ့ ကတိပြုစကားရှိထားပြီးဖြစ်တာကြောင့် အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စကစဖက်ဆစ်အုပ်စုကို ဘယ်သူတွေ ဘယ်အဖွဲ့က ဘယ်နေရာမှာပဲ တိုက်တိုက် မြန်မာပြည်သူလူထုကြီးက အစဥ်ထာဝရ ဘရာဗိုဖြစ်တာ အမှန်ပါပဲ။

 

ချင်းရွှေဟော်၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ နမ့်ခမ်း၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ စတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ပြီလို့ သိရပါတယ်။ စစ်ဆင်ရေးစတင်တဲ့ ၁၃ ရက်အတွင်း စစ်စခန်းကြီး၊ စခန်းငယ်တွေသာမက ဗျူဟာကုန်းတွေထိအပါအ၀င် စခန်းပေါင်း (၁၅၀) ​ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါတင်မက စစ်ကိုင်းဘက်ခြမ်းကလည်း ခါမ်းပါတ်၊ ကောလင်း၊ ပင်လည်ဘူး စတဲ့ မြို့တွေကိုလည်း KIA နဲ့ PDF တွေ ပူးပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖရဏာပီတိ ဂွမ်းဆီထိသည့်ပမာ ကြားရတဲ့သတင်းတွေအရ စုဖွဲ့မှုကျိုးပျက်နေပြီဖြစ်တဲ့ စကစဖက်ဆစ်တွေဟာ ဖရိုဖရဲနဲ့ တအိအိပြိုကျခြင်းဆီ စတင်နေပြီလို့ ယူဆရပါတယ်။

 

ဆုံးရှုံးနစ်နာမှုများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းနေရဆဲ ပြည်သူလူထုကြီးအဖို့ ကောက်ရိုးတစ်မျှပင် ဖြစ်စေအုံးတော့ မျှော်လင့်ချက်ရောင်နီ မြင်ရပြီလို့ပဲ သတ်မှတ်ထားကြပါတယ်။

 

နွေဦးတော်လှန်ရေးရဲ့ ERO တွေအားလုံးနဲ့ နွေဦးအင်အားစုတွေအားလုံး တပ်ပေါင်းစုပုံသဏ္ဌာန် မဖြစ်သေးပေမဲ့ တစ်ပြိုင်နက်တည်း နေရာစုံက စတင်မှ အောင်ပွဲဆီရောက်နိုင်မယ်ဆိုတဲ့ တပ်လှန့်သံ အဖြစ် လက်တွေ့ကပေးလိုက်တဲ့ အသိတရားလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ဆုံးရှုံးနစ်နာမှုများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းနေရဆဲ ပြည်သူလူထုကြီးအဖို့ ကောက်ရိုးတစ်မျှပင် ဖြစ်စေအုံးတော့ မျှော်လင့်ချက်ရောင်နီ မြင်ရပြီလို့ပဲ သတ်မှတ်ထားကြပါတယ်။

 

အခုဆိုရင် ကရင်နီ၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်ဒေသတွေဟာ စစ်ရေးနယ်မြေတွေ ဖြစ်နေပါပြီ။ စစ်မီးတောက်တွေ တောက်လျှောက် တောက်လောင်လာလျက် ရှိပါပြီ။ ဖက်ဆစ်အုပ်စုအဖို့ အရူးမီးဝိုင်းခံရသလို ကိန်းဆိုက်နေပြီ ဖြစ်ပါတယ်။ တောင်ပိုင်းရဲ့ အကြီးမားဆုံး ERO ဖြစ်တဲ့ KNU အခြမ်းကလည်း ၁၀၂၇ စတင်တဲ့ အောက်တိုဘာ ၂၇ မှာပဲ ကော့ကရိတ်မြို့ကို သိမ်းနိုင်ရေးစစ်ဆင်မှုတွေ စတင်နေပါတယ်။ တောင်ပိုင်းဆီကလည်း မကြာမီ တစ်ညီတည်းသော အသံစုံတွေကြားလာရမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ကရင်နီဘက်ခြမ်းကလည်း ၁၁၀၇ ဆိုပြီး စစ်ဆင်ရေးတွေ စတင်နေပြီ ဖြစ်တာကိုလည်း အားတက်စရာ သိလာနေရပါတယ်။ 

 

ယခု စစ်ရေးပြင်းထန်နေတဲ့ ရှမ်းမြောက်တစ်ခွင်မှာ ပါဝင်နေတဲ့ AA ရက္ခိုင့်တပ်တော်ရဲ့ မူလဌာနေ ရခိုင်ပြည်နယ်တွင်ကော ဆိုတာကလည်း စိတ်၀င်စားစရာ ဖြစ်လာပါတယ်။ စကစဖက်ဆစ်အုပ်စုဟာ စစ်ရေးအရ AA နဲ့ နှစ်ဖက်သဘောတူထားတဲ့ ပစ်ရပ်အခြေအနေကို ပြန်အသက်သွင်းလာနိုင်မယ့် အခြေအနေတွေကိုလည်း တွေ့လာနေရပြီဖြစ်ပါတယ်။ မိုးမကုန်မီကတည်းက ပွင့်လင်းရာသီမှာ AA ဘက်က စစ်ပြင်လာနိုင်ခြေကို ခန့်မှန်းပြီး ကြိုတင်စစ်ပြင်ထားတဲ့သဘော ရှိတယ်လို့ ယူဆရပါတယ်။ တပ်ရင်းအလိုက်သွားနေတဲ့ ယာဥ်တန်းတွေဟာ မြေလတ်ဒေသကို ဖြတ်ပြီး ရခိုင်ဆီဦးတည်နေခဲ့တဲ့ သတင်းတွေကြောင့် ဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ စကစဖက်ဆစ်အုပ်စုရဲ့ တပ်စွဲခြေကုတ်ယူထားမှုတွေဟာ ပိုထင်ရှားလာပါတယ်။ ဒီလိုအချိန်မှာ ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်လာခြင်း ဖြစ်ပါ တယ်။ ရခိုင်ကိုရောက်နှင့်နေတဲ့ စကစဖက်ဆစ်အုပ်စုတွေရဲ့ အရွေ့အလှုပ် ဘယ်လိုရှိသလဲ ဆိုတာက အရေးပါလှပါတယ်။ ဒီအချိန်မှာ ရုရှားက ရေတပ်သင်္ဘော​သုံးစီးနဲ့ စစ်သည်အင်အား ၅၀၀ ကျော်ပါလာတဲ့ သတင်း (တချို့သတင်းတွေက ၈၀၀ လို့ဆိုကြပါတယ်) ဟာလည်း စိတ်၀င်စားစရာ ဖြစ်လာပါတယ်။ စကစဟာ ရုရှားရဲ့ ရေတပ်အကူအညီသုံးပြီး AA ကို ရေ‌ကြောင်းကနေ ပိတ်ဆို့နိုင်အောင် ကြိုးစားလာမည်လော ဆိုတာကလည်း ခန့်မှန်းထားရမယ့်ကိစ္စ ဖြစ်လာပါတယ်။ ဖက်ဆစ်အုပ်စုဟာ သူ့သဘောနဲ့သူတော့ နောက်ထပ် စစ်မျက်နှာသစ်တစ်ခု ထပ်ဖွင့်ဆိုတာ မလွယ်ပါ။ သည်တော့ AA က သူ့ရဲ့ မူလဌာနေ ရက္ခိတမြေမှာ ဘာလုပ်မလဲ။

 

အထူးသဖြင့် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ဖြစ်ပါတယ်။ ဖက်ဆစ်အုပ်စုဘက်ကလည်း သူတို့ရဲ့ နောက်ဆုံးခံတပ်အဖြစ် မြို့ကြီးပြကြီးက လူထုကို တံတိုင်းလုပ် အသုံးချမှာပါ။

 

အလားတူ စစ်ဘောင်ကျယ်လာမှုဟာ မြို့ပြဆီထိ ရောက်လာနိုင်တာကို ကြိုတင်တွက်ဆထားကြရမှာ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ မြို့ပြမှာ ဖြစ်မှ တော်လှန်ရေးဟာ စစ်ရေးအရ အနိုင်ယူခြင်းဆီ ရောက်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ဖြစ်ပါတယ်။ ဖက်ဆစ်အုပ်စုဘက်ကလည်း သူတို့ရဲ့ နောက်ဆုံးခံတပ်အဖြစ် မြို့ကြီးပြကြီးက လူထုကို တံတိုင်းလုပ် အသုံးချမှာပါ။ အားမနာတမ်းပြောရရင် တိုင်းပြည်ရဲ့အပြောင်းအရွေ့ကို အမှန်တကယ် ဖြစ်ချင်တယ်ဆိုကြရင်တော့ဖြင့် ကျနော်တို့တစ်တွေအားလုံး ရင်းလိုရင်းစားပြုကြရပါအုံးမယ်။ မြို့ကြီးပြကြီးက မြို့ကြီးသူ မြို့ကြီးသားအပေါင်းဟာ သပြေခက်နဲ့ချည်းကြိုမယ်လုပ်နေကြရုံနဲ့ တော်လှန်ရေးအောင်ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ အချိန်မရွေး ကိုယ့်အိမ်တံခါး၀ဆီကို စစ်ဟာ အချိန်မရွေး ကျရောက်လာနိုင်ပါတယ်။ သည့်အတွက် မြို့ကြီးပြကြီးက ပြည်သူအပေါင်းဟာ ကြိုတင်ပြင်ဆင်မှုတွေ ရှိထားကြရပါမယ်။ စစ်နဲ့ငါတို့နဲ့က အ‌‌‌​ဝေးကြီးပါလို့ အထင်မသေးအပ်ပါဘူး။ အနိမ့်ဆုံး မြို့ပြမှာ ​ခြေကုတ်ယူထားတဲ့ ဖက်ဆစ်အုပ်စုက တစ်အိမ်တစ်ယောက်ထွက်ပြီး လုံခြုံရေးယူရမယ်ဆိုတဲ့ အမိန့်မျိုးတွေ ​ပေးလာနိုင်ပါတယ်။ အဲသည်အခါ ဘယ်လို ရင်ဆိုင်တုံ့ပြန်ရမယ်ဆိုတာမျိုးတွေကို ကိုယ့်အချင်းချင်း တိုင်ပင်ထားသင့်ကြပြီလို့ ယူဆပါတယ်။

 

နောက်အရေးကြီးတဲ့အချက်က NUG ကာကွယ်ရေး၀န်ကြီးဌာရဲ့ အရွေ့အလျင် ဖြစ်ပါတယ်။ ဒီလို ရှမ်းမြောက်တစ်ခွင်က ကျည်ဖောက်ကာ အလန်းပေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာ MOD ရဲ့ အရွေ့အလျင်ဟာလည်း သက်ဝင်လှုပ်ရှားမှု ရှိလာဖို့က အရေးကြီးလှပါတယ်။ ဖက်ဆစ်အုပ်စုအဖို့ အရူးမီးဝိုင်းခံရသလို ကိန်းဆိုက်နေချိန်မှာ ​မြေပြန့်ခွင်ကိုလည်း ထိုးစစ်အရှိန်မြှင့်တင်နိုင်​ရေးဟာ အ​ရေးကြီးပါတယ်။ ရှမ်းမြောက်ခွင်နဲ့ စစ်ကိုင်းခွင်ဟာ ရှေးဦးမဆွခင်ကတည်းက စစ်ရေးအရ အဆက်အစပ် ရှိပါတယ်။ သို့မို့ကြောင့်သာ တိုင်ပင်ကိုက် ရွေ့ရှားလာတာ ဖြစ်ပါတယ်။ ဖက်ဆစ်အုပ်စုကို စစ်မျက်နှာပေါင်းစုံက ဖွင့်တိုက်နိုင်လေ နွေဦးအောင်ပွဲနဲ့နီးလာလေ ဖြစ်မှာပါ။ အခုချိန်မှာ ပြည်သူလူထုအတွက် သိပ်အ​ရေးမပါတဲ့ မိုတီစကားတွေနဲ့ မရေရာတဲ့ မျှော်လင့်ချက်စကားတွေဟာ အရေးမကြီးတော့ပါဘူး။ ပြည်သူတွေ သိသင့်သိအပ်တာ နှစ်ချက်ပဲ ရှိပါတယ်။ (၁) မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မဆိုင်းဘဲ ပေးပို့နိုင်ဖို့၊ (၂)ပြည်သူလူထုဘက်က ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို နေရာစုံက အမြဲ အသိပေးနေဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ - မြို့ပြတိုက်ခန်းတွေမှာ ကျေးလက်တွေမှာလို ဗုံးခိုကျင်းတူးဖို့ မဖြစ်နိုင်ဘူး၊ ဘယ်လို နည်းလမ်းရှာကြမလဲ၊ ကူညီကယ်ဆယ်ရေးကိစ္စမျိုးတွေ စတာတွေ ဖြစ်ပါတယ်။ အဲဒီ ၂ ချက်ကို အ​ခြေခံကာ လက်​တွေ့ကျတဲ့ ဆင်ခြင်နိုင်စွမ်း​တွေ တက်လာ​အောင်ပဲ လုပ်သင့်ပါတယ်။

 

ပြည်သူတွေ သိသင့်သိအပ်တာ နှစ်ချက်ပဲ ရှိပါတယ်။ (၁) မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မဆိုင်းဘဲ ပေးပို့နိုင်ဖို့၊ (၂)ပြည်သူလူထုဘက်က ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို နေရာစုံက အမြဲ အသိပေးနေဖို့ပဲ ဖြစ်ပါတယ်။

 

ပြည်သူ​တွေဘက်ကလည်း ကြုံလာသမျှ ဆင်ခြင်ဉာဏ်ပါပါနဲ့ ရင်ဆိုင်နိုင်ကြဖို့ ကြိုတင်ပြင်ဆင်မှုတွေဟာ အရေးကြီးပါတယ်။ မြို့ပြကိုရောက်လာမယ့် PDF ရဲဘော်တွေကို သပြေခက်နဲ့ ကြိုမယ်ချည်း တွေးထားလို့ မရပါဘူး။ စစ်ဟာ မြို့ကြီးပြကြီးဆီကို အချိန်မရွေး ရောက်လာနိုင်ပါတယ်။ 

 

~~~~

ကိုလူမိုး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။