သူတို့ဟာ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ခဲ့သူတွေပါ။ နောက်တော့အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေး ငရဲခန်းတွေကို ကျော်ဖြတ်ခဲ့ရပြန်ပါတယ်။အခုတော့ သူတို့တွေ စစ်ကောင်စီရဲ့ အကျဉ်းထောင်/အကျဉ်းစခန်းတွေမှာ ထောင်သွင်း အကျဉ်းချခံနေရပါပြီ။ အကျဉ်းထောင် တွေထဲမှာ ဆိုးဝါးလှတဲ့ ဒုက္ခသုက္ခတွေကို နေ့စဉ်နဲ့အမျှ သူတို့ ရင်ဆိုင်ကျော်ဖြတ်နေကြရပေမယ့် စစ်အာဏာရှင် တွေကို ဆန့်ကျင်အံတုမယ်ဆိုတဲ့ တော်လှန်စိတ်ကတော့ သူတို့ရဲ့ နှလုံးသားထဲမှာ တရွေးသားတောင် လျော့မသွားခဲ့ပါဘူး။
အကြမ်းဖက် စစ်ကောင်စီ ပေးတဲ့ ဒုက္ခတွေကို ပြည်သူတွေဘယ်လောက်ထိ ခါးစည်းခံနေရပြီလဲ။ ရဲဘော်ရဲဘက်တွေရော ဘေးကင်းလုံခြုံကြရဲ့လား စတဲ့အတွေးတွေက ထောင်ထဲက နေ့စဉ် လူမှုဒုက္ခအခက်အခဲတွေထက်တောင် သူတို့ကို ပိုပြီး ဖိစီးနှိပ်စက်နေပါသေးတယ်။
အကျဉ်းထောင်တွေထဲကနေ ပြင်ပလောကထဲက ပြည်သူတွေအတွက် သူတို့ စိတ်မအေးနိုင်ကြပါဘူး။အပြင်မှာ ပြည်သူတွေ ဘာတွေ ကြုံနေရလဲ၊ အကြမ်းဖက် စစ်ကောင်စီ ပေးတဲ့ ဒုက္ခတွေကို ပြည်သူတွေဘယ်လောက်ထိ ခါးစည်းခံနေရပြီလဲ။ ရဲဘော်ရဲဘက်တွေရော ဘေးကင်းလုံခြုံကြရဲ့လား စတဲ့အတွေးတွေက ထောင်ထဲက နေ့စဉ် လူမှုဒုက္ခအခက်အခဲတွေထက်တောင် သူတို့ကို ပိုပြီး ဖိစီးနှိပ်စက်နေပါသေးတယ်။
ထောင်ဝင်စာ တွေ့သူတွေကဆင့် ဖြစ်ဖြစ်၊ တရားရုံးထုတ်သူတွေကတဆင့် ဖြစ်ဖြစ် ပြင်ပက သတင်း ပလင်းတွေကို သူတို့ နားစွင့်ကြ၊ စုံစမ်းကြရပါတယ်။ အဲဒီမှာတင် ကရင်နီဒေသက စစ်ဘေးရှောင်စခန်းတွေမှာ ဒုက္ခရောက်နေတဲ့ ကလေးလေးတွေအကြောင်း သူတို့ ကြားသိခဲ့ရပါတယ်။ ဒီကလေးတွေအတွက် သူတို့ ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားကြပါတယ်။ နောက်ဆုံးမှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက် ထောင်ထဲမှာ handmade အရုပ်ကလေးတွေ၊ သော့ချိတ်လေးတွေ လုပ်ခဲ့ကြပါတယ်။
အကျဉ်းထောင်တွေထဲမှာ သူတို့ဖန်တီးထားတဲ့ handmade အရုပ်ကလေးတွေနဲ့အတူ ကလေးတွေကိုအားပေးစာနာတဲ့ စာလေးတွေပါ သူတို့ ရေးပို့ပေးခဲ့ကြပါတယ်။ သူတို့ရဲ ခန္ဓာကိုယ်ကို ထောင်သွင်းအကျဉ်းချထားလို့ရပေမယ့် သူတို့ရဲ့ တိုင်းပြည်အပေါ် ချစ်တဲ့စိတ်၊ ပြည်သူတွေအပေါ် မြတ်နိုးကြင်နာတဲ့ စိတ်တွေကိုတော့ အကြမ်းဖက်စစ်ကောင်စီက တားဆီးလို့ မရနိုင်ခဲ့ဘူးဆိုတာ သူတို့ ပြသနိုင်ခဲ့ကြပါပြီ။
ထောင်တွင်းက ပေးစာတွေကို စစ်ဘေးရှောင်စခန်းရှိ ကလေးတွေနဲ့ လုပ်အားပေး ဆရာ/ဆရာမတွေက တစ်လှည့်စီ ဖတ်ပြခဲ့ကြပါတယ်။
“ဒီမှာ ဒါသော့ချိတ်လေးတွေပေါ့နော်။ ဒါပေမဲ့ ဒီသော့ချိတ်တွေက သူများ ထိုးပေးတာလည်း မဟုတ်ဘူး။ အပြင်က ဝယ်တာလည်း မဟုတ်ဘူး။ တော်လှန်ရေးကြောင့်မို့လို့ အကြောင်း အမျိုးမျိုးကြောင့်ထောင်ကျနေတဲ့ ဦးလေးတွေ၊ အဒေါ်တွေ၊ ဆရာ၊ ဆရာမတွေ။ သူတို့တွေက ထိုးပြီးတော့ သားတို့ သမီးတို့ကို ပေးခိုင်းတာ၊ ပြီးတော့ ဒီမှာ စာလေးတွေလည်း ပါတယ်။ စာလေးတွေလည်း ဖတ်ပြမယ်နော်။”
အကြမ်းဖက် စစ်ကောင်စီရဲ့ အကျဉ်းထောင်တစ်ခုထဲမှာ ကိုယ်ကိုယ်တိုင် လွတ်လပ်မှု ပျောက်ဆုံးနေပေမယ့် HCM၊ နေမျိုးသီဟ၊ ကျော်ကျော်၊ ဦးညွှန့်ကြည်၊ ဝေလ၊ မစုမြတ်၊ ကိုရဲ၊ တီချယ်သဲ၊ ဦးဦးပြည့်စုံနဲ့ ဝီလီယံတို့ ၁၀ ဦးဟာ စစ်ဘေးရှောင် စခန်းက ကလေးငယ်တွေကို အခုလို စာရေးသား ပေးပို့ပြီးအားပေးခဲ့ပါတယ်။
“ကလေးတို့ရေ…၊ အရွယ်နဲ့ မလိုက်အောင် အခက်အခဲတွေကြားမှာ ရှင်သန်နေရလို့ ဦးတို့ စိတ်မကောင်းဖြစ်ရပါတယ်။ သတ္တိရှိရှိနဲ့ အဆင်ပြေအောင် ကြိုးစားနေထိုင်တယ်လို့ ကြားရတော့ ဦးတို့လည်း အားရှိပါတယ်။ မကြာခင် ပျော်ပျော်ရွှင်ရွှင် ပြန်နေကြရတော့မှာပါ။ အားတင်းထားနော်၊ Fighting !” (HCM)
“အဆိုးတွေ ကျော်ဖြတ်ပြီးရင် အကောင်းတွေလာတော့မယ်၊ ကလေးတို့ရေ။ ကလေးတို့က အရမ်းဆိုးတာတွေ ကြုံတွေ့နေရတော့ မကြာခင် အရမ်းကောင်းတဲ့ လောကကြီးကို ဖြတ်သန်းရတော့မယ်။ ဒါကြောင့် မကြောက်ကြနဲ့နော်။ ပျော်ရွှင်စရာ ရက်တွေကို စောင့်မျှော်ရင်း သတ္တိရှိရှိနဲ့ ဦးတို့အတူတူ ဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမယ်” (နေမျိုးသီဟ)
“ညီလေး၊ ညီမလေးတို့ရေ၊ ကိုကြီးတို့လည်း ညီလေး ညီမလေးတို့နဲ့ ထပ်တူထပ်မျှ တစ်သားတည်းအတူတူ ရှိနေတယ်နော်။ အဲ့ဒါကြောင့် ဖြစ်လာသမျှ ဒုက္ခတိုင်းကို ညီလေး၊ ညီမလေးတို့နဲ့အတူတူ ကိုကြီးတို့တတွေ ဖြတ်ကျော်ကြမယ်။ ကိုကြီးတို့ လက်တွေကို မြဲမြဲကိုင်ထားနော်။ ကျန်းမာပါစေ။” (ကျော်ကျော်)
“ဖိုးဖိုးရဲ့ မြေးလေးတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ဒုက္ခမျိုးစုံကို ကျော်ဖြတ်နိုင်ကြပါစေ။ ချစ်ရတဲ့သူတွေနဲ့ ဘဝတလျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားရပါစေနော်။ ဖိုးဖိုး ဆုတောင်းပေးလိုက်ပါတယ်။” (ဦးညွှန့်ကြည်)
“ကလေးတို့ရေ၊ ကျန်းမာရေးကောင်းကြပါစေ။ အခုစာရေးပေးတဲ့ ဦးဦးဟာ ကလေးတို့လို ဒုက္ခဘေးရင်ဆိုင်နေရသူပါကွယ်။ ကလေးတို့လိုတော့ စစ်ဘေးရှောင်စခန်းမှာ နေရသူ မဟုတ်ဘူးပေါ့။ ဦးတို့ကမြန်မာပြည်ရဲ့ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းကျနေသူတစ်ဦးပေါ့။ အကျဉ်းကျနေတယ်လို့ ကြားလို့ ဦးတို့က လူဆိုးတွေ မဟုတ်ပါဘူးကွယ်။ ဦးတို့က နိုင်ငံရေး အကျဉ်းသားတွေပါ။ ဒီတိုင်းပြည်ကြီးတရားမျှတမှုရအောင်၊ လွတ်လပ်ရေးရအောင်၊ ငြိမ်းချမ်းမှုရအောင် ကြိုးစားပါဝင် ဆောင်ရွက်နေသူတွေပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန် မကြာတော့တဲ့ အချိန်ကာလတစ်ခုမှာ ဦးတို့၊ ကလေးတို့ လိုချင်နေတဲ့ငြိမ်းချမ်းမှုတွေ ရလာတော့မှာပါ။ အဲ့ချိန်ကျရင် ဦးတို့နဲ့ ကလေးတို့ တွေ့ကောင်း တွေ့မှာမို့လို့ အခုတော့ဦးတို့ ပေးတဲ့ အရုပ်လေးတွေနဲ့ ပျော်ရွှင်ကြပါစေ” (ဝေလ)
“မောင်လေး ညီမလေးတို့ရေ၊ မောင်လေး ညီမလေးတို့က အဆင်ပြေအောင် ကြိုးစား နေထိုင်ကြတယ်ဆိုလို့ မမတို့က ဝမ်းသာရပါတယ်။ မောင်လေး ညီမလေးတို့က သတ္တိရှိလိုက်ကြတာ၊ ခေတ်သစ် ပါဝါရိန်းဂျားလေးတွေပါပဲ။ မမတို့လည်း မောင်လေးတို့၊ ညီမလေးတို့လို သတ္တိရှိအောင် ကြိုးစားရမယ်။ Fighting ပါ ပါဝါရိန်းဂျားလေးရေ။” (မစုမြတ်)
“ကလေးတို့ရေ အားတင်းထားပါနော်။ ကလေးတို့ ငိုရင်၊ အကိုတို့လည်း လိုက်ငိုတယ်။ ကလေးတို့ ရယ်ရင် အကိုတို့လည်း လိုက်ရယ်တယ်နော်။ ကလေးတို့နဲ့ တစ်သားတည်း ရှိတယ်။ Fighting ပါ။” (ကိုရဲ)
“ဘေဘီလေးတို့ရေ၊ ဘေဘီလေးတို့တွေက နွံထဲက ပတ္တမြားလေးတွေလိုပဲ၊ အခုလက်ရှိမှာ ဒုက္ခအမျိုးမျိုးကြောင့် မှေးမှိန်နေကြပေမယ့် နောင်တစ်ချိန်မှာ တောက်ပြောင်လာမယ့် အနာဂတ် သူရဲကောင်းတွေမို့လို့ ဒုက္ခနွံထဲက မြန်မြန်လွတ်မြောက်ပါစေလို့ တီချယ် ဆုတောင်းပေးလိုက်ပါတယ်ကွယ်” (တီချယ်သဲ- CDM ဆရာမ)
"သားတို့ သမီးတို့ရေ၊ နေကောင်းကျန်းမာကြရဲ့လား။ အန်တီတို့၊ ဦးဦးတို့က သားတို့ သမီးတို့အတွက် လက်ဆောင်လေးတွေ၊ အရုပ်ကလေးတွေ ထည့်ပေးလိုက်တယ်နော်။ သားတို့ သမီးတို့ကို ပျော်ရွှင်စေချင်လို့ ဦးတို့ အန်တီတို့ ကိုယ်တိုင် လုပ်ပေးထားတာ။ အရုပ်လေးတွေနဲ့ ကစားကြရင်း ပျော်ရွှင်ကြပါစေ။ ဘဝအမောတွေ တခဏ ပြေပျောက်ကြပါစေကွယ်" (ဦးဦးပြည့်စုံ)
“ကလေးရေ၊ ဒီလက်ဆောင်ပစ္စည်းလေးက အခိုက်အတန့်လောက်ဖြစ်ဖြစ် ပျော်ရွှင်ပါစေ။ ကလေးတို့ဟာ ဒီမြေ ဒီရေ ဒီလေ ဒီနိုင်ငံမှာ ပျော်ရွှင်စွာ လွတ်လပ်စွာ နေထိုင်ဖို့ ထိုက်တန်တဲ့ လူသားလေးတွေဖြစ်တယ်။ ဒီထိုက်တန်မှုအတွက် ကြိုးစားရင်း ဦးတို့အားလုံးဟာ ဒီဒုက္ခသုက္ခတွေကို ဖြတ်သန်းနေကြရတာပါ။ သေချာပါတယ်။ ကလေးတို့ရဲ့ ပျော်ရွှင်မှု၊ ကလေးတို့ရဲ့ လွတ်လပ်မှုဟာ ကလေးတို့ရဲ့ လက်ထဲ ဒီလက်ဆောင် ပစ္စည်းလေး ရောက်လာသလို စိုက်စိုက်မြိုက်မြိုက် ရောက်လာမှာပါ။ အားတင်းထားပါ၊ ကလေးရေ။ ဒီမြေဟာ ကလေးတို့ရဲ့ မြေပါ။” (ဝီလီယံ)
စစ်ပွဲနဲ့ ပဋိပက္ခတွေ ဖြစ်ပွါးနေချိန်မှာ ကလေးသူငယ်တွေဟာ ထိခိုက်နစ်နာမှု အရှိဆုံးသူတွေပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ နှစ်သိမ့်အားပေးဖို့၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ အရေးတကြီးလိုအပ်ပါတယ်။
ဒီအလုပ်ကို ကိုယ်ကိုယ်တိုင် မတရားသဖြင့် ဖမ်းဆီးခံထားရပြီး ထောင်သွင်းအကျဉ်းချခံထားရသူတွေက အခက်အခဲ အမျိုးမျိုးကြားက တတ်နိုင်တဲ့နည်းလမ်းကို ကြံဆပြီး သိမ်မွေ့နူးညံ့တဲ့ နှလုံးသားကိုအရင်းပြုပြီး လုပ်ဆောင်ပေးခဲ့ကြပါပြီ။
အကျဉ်းထောင်တွေထဲမှာ ကိုယ်တိုင် လွတ်လပ်မှု ပျောက်ဆုံးနေသူတွေရဲ့ မေတ္တာတရား၊ အကြင်နာတရားနဲ့ စာနာနားလည်စိတ်တွေဟာ သူတို့ကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့ handmade အရုပ်ကလေးတွေနဲ့အတူ ကြမ်းကြုတ်ရက်စက်လှပြီး လူစိတ်ကင်းမဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီကြောင့်ဒုက္ခခံစားနေကြရတဲ့ စစ်ဘေးရှောင်စခန်းက ကလေးငယ်လေးတွေဆီကို စီးဆင်းရောက်ရှိ သွားခဲ့ပါပြီ။
အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်ရင်း ဒုက္ခသုက္ခတွေ ကြုံနေရတဲ့ ကလေးငယ်လေးတွေဆီ ဒီအရုပ်ကလေးတွေ ရောက်သွားချိန်မှာ ကလေးတွေ ပျော်ရွှင်သဘောကျနေမှာကို စိတ်ကူးနဲ့ ပုံဖော်ပြီး ကျေနပ်ပီတိဖြစ်နေကြမယ့် အကျဉ်းထောင်တွေထဲက တော်လှန်ရေးသူရဲကောင်းတွေကတော့ စစ်အာဏာရှင် တော်လှန်ရေးကို သူတို့ လုပ်လို့ရသရွေ့ ဆက်လုပ်နေကြဦးမယ်ဆိုတာ အသေအချာပါပဲ။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။